Saturday, July 16, 2011

အခိုးပွင့်ဆေး

အခိုးပွင့်ဆေး ဆိုသည်နှင့် တိုင်းရင်းဆေးများကို အိမ်သုံးအဖြစ် ဆောင်ပြီး သုံးစွဲလေ့ရှိသူများ သိရှိကြပြီး
ဖြစ်ပါသည်။ ကိုယ်တိုင်ကိုယ်ကျ မသုံးစွဲဘူးစေကာမူ အသုံးများသည့် ဆေးတမျိုး ဖြစ်သဖြင့် အခိုးပွင့်ဆေးဟူသော အမည်မျှကို ကြည့်ဖူးကြလိမ့်မည် ထင်ပါသည်။ အခိုးပွင့်ဆေး ဆိုသော ဝေါဟာရမှာ
ဆေးဖက် ပစ္စည်းတမျိုး၏အမည် မဟုတ်သကဲ့သို့ ဆေးဝါးတမျိုးတည်း၏ အမည်လည်း မဟုတ်ပါချေ။ သို့သော် ဆေးဖက်ပစ္စည်း တမျိုးတည်းဖြင့် ဖြစ်စေ၊ အများဖြင့်ဖြစ်စေ အခိုးပွင့်ဆေးကို ဖော်စပ်အသုံးပြုနိုင် ပါသည်။ ထို့ကြောင့် အခိုးပွင့်ဆေးအဖြစ် အိမ်သုံးပစ္စည်းများ အိမ်အနီးဝန်းကျင် ရနိုင်သောအပင်များကို အသုံးပြု၍ အခိုးပွင့်ဆေးဖြစ်အောင် ခဏချင်း ဖော်စပ်အသုံးပြုနိုင်ကြပါသည်။ စုပေါင်းအမည် အခိုးပွင့်ဆေး ဟူသည်မှာ လူ့ခန္ဓာကိုယ်ရှိ အခိုးအာကာသများ အပြင်သို့ ပွင့်ထွက်စေသော ဆေးအုပ်စုအမည်တခု ဖြစ်သည်။

လူအများက ကိုယ်လက်မအီမသာ ဖြစ်သည်နှင့် အခိုးပွင့်ဆေး သောက်လိုက်ကြသည်။ အခိုးပွင့်သွားမှ 
နေသာထိုင်သာ ရှိသည်ဟု ဆိုကြသည်။ အခိုးပွင့်ဆေး အုပ်စုဝင်ဆေးများကို အဖျားပျောက်ဆေး
ချွေးထွက်ဆေး၊ ချွေးထုတ်ဆေး၊ ငန်းဆေးဟုလည်း အမည်အမျိုးမျိုး ပေးကြသေးသည်။ 

လူ့ခန္ဓာကိုယ်၌ရှိသော အခိုးဟူသည်ကား အဘယ်နည်း။ အဘယ်ကြောင့် အခိုးပွင့်ဖို့လိုသနည်း။ မည်သူမဆို သိထားလျှင် မိမိ၏ တကိုယ်ရေ ကျန်းမာရေးကို ကြိုတင်စောင့်ရှောက် ကာကွယ်နိုင်ကြမည် ဖြစ်ပါသည်။ လူတို့၌ အခိုးသည် ခန္ဓာကိုယ်အတွင်း အလျဉ်မပြတ် ရှိနေကြပါသည်။ လူတို့သည် သွေးနွေးသတ္တဝါ ဖြစ်ကြ သည်။ ခန္ဓာကိုယ်ကို ကိုင်ကြည့်လျှင် အမြဲ နွေးထွေးနေရပါမည်။ ခန္ဓာကိုယ်၏ ခပ်နွေးနွေး အပူချိန်ကိုပင်လျှင် လူတယောက်၏ သာမန်အပူချိန်ဟု သတ်မှတ်သည်။ ပြဒါးတိုင်ဖြင့် တိုင်းကြည့်လျှင် ၉၈.၄ ဖာရင်ဟိုက် ရှိနေရပါသည်။ ထိုသို့ အပူချိန်ရှိနေမှသာ လူက နေကောင်းထိုင်ကောင်းပြီး ထိုအပူချိန်ထက် ယုတ်လျော့
နေခြင်း၊ များလာခြင်းတို့ကြောင့် မအီမသာ ခံစားရသည်။ သို့ပါ၍ သတ်မှတ်အပူချိန်ဖြင့် အမြဲကျန်းမာနေစေရန် ပိုနေသောအပူများအား ခန္ဓာကိုယ်မှ ထုတ်လွှတ်ပေးခြင်းကိုပင် အခိုးပွင့်သည်ဟု ဆိုကြသည်။ ထို့အပြင် ခန္ဓာကိုယ်ပြင်ပမှ အအေးပတ်ဖွဲ့ထား၍ ခန္ဓာကိုယ်အတွင်း ပိတ်မိနေသော အပူငွေ့များအား ထွက်ပေါက်ရအောင် လုပ်ပေးလျှင်လည်း အခိုးဖွင့်ပေးသည်ဟု ဆိုရသည်။ အပူငွေ့များ ပြင်ပသို့ ပွင့်ထွက်သွားအောင် သောက်ရသော ဆေးကိုလည်း အခိုးပွင့်ဆေးဟု ခေါ်လေသည်။ 


ခန္ဓာကိုယ်ရှိ အခိုးများသည် မွေးကတည်းကပင် ပါလာသော အပူငွေ့များဖြစ်သည်။ တဖြည်းဖြည်း ကြီးပြင်းလာသော အခါ၌လည်း အစာစားသောက်ခြင်း၊ မီးပူနေပူခြင်း၊ လှုပ်ရှားသွားလာခြင်းတို့မှ အပူအခိုးငွေ့များ ရရှိနိုင်သည်။ မည်သို့မျှ မဆောင်ရွက်သည်ဖြစ်စေ သွေးလည်ပတ်မှုမှတဆင့် အပူစွမ်းအင်များ ထွက်လာပြီး လူ့ခန္ဓာကိုယ်၌ အပူငွေ့များက ထိမ်းသိန်းစောင့်ရှောက်ထားလေသည်။ အစာစားသောအခါ အစာအာဟာရများကို အစာအိမ်ရှိ ပါစက တေဇောအပူဓာတ်ကပင် ခြေဖျက်ပေးရသည်။ အစာကြေကျက်သွားပါက ခန္ဓာကိုယ်အတွက် လိုအပ်သော သွေး၊ အသား၊ အဆီ၊ အရိုး၊ ခြင်ဆီ၊ သုက်၊ သရီရဓာတ်များ ဆက်လက်ဖြစ်ပွား တည်တံ့အောင် အပူစွမ်းအင်များက အဆင့်ဆင့်ခြေဖျက် ပြုပြင်ပေးရ 
ပြန်သည်။ ထို့ကြောင့် ခန္ဓာကိုယ် တည်တံ့နေသမျှ ကာလပတ်လုံး အပူအခိုးငွေ့များက သံသရာလည်နေမည်သာ ဖြစ်သည်။


လူသည် နေ့စဉ်နှင့်အမျှ စက္ကန့်မလပ် တပုံစံတည်း နေထိုင်စားသောက် လေ့ကျင့်နေကြသည် မဟုတ်ပါ။ ငရုတ်သီး၊ ငရုတ်ကောင်း၊ မဆလာ၊ အရက်၊ ရေနွေး စသည့် အပူငွေ့များသော အစာများကို ပိုမိုများပြားစွာ စားသောက်မိခြင်းဖြင့် ခန္ဓာကိုယ်၌ အပူပွားမျာလာနိုင်သည်။ နေပူမီးပူခံခြင်း၊ ခရီးသွားလာ လှုပ်ရှားခြင်းတို့ကြောင့် ခန္ဓာကိုယ်၌ အပူစွမ်းအင် အခိုးငွေ့များ ပွားများနိုင်ပါသေးသည်။ ယင်းသို့ ပွားများလာသော အပူငွေ့များကို စက်အင်ဂျင်များမှ မီးခိုးငွေ့ ထွက်ပေါက်ပေးသကဲ့သို့ ခန္ဓာကိုယ်ရှိ ဒွါရပေါက်များက အပူငွေ့များ ယုတ်လျော့သွားအောင် ဖွင့်ပေးနေကြပါသည်။


ခန္ဓာကိုယ်ရှိ အပူငွေ့များ ယုတ်လျာ့သွားစေရန် ခန္ဓာကိုယ်အရေပြားရှိ မြောက်မြားလှစွာသော မွေးညှင်းပေါက် ကလေးများက စက္ကန့်မလပ် ထုတ်လွှတ်ပေးနေကြလေသည်။ မွေးညှင်းပေါက်ကလေးများကသာ မဟုတ်သေးပါ။ ဝမ်းသွားခြင်း၊ ဆီးစွန့်ခြင်း၊ ချွေးထွက်ခြင်း၊ အသက်ရှူထုတ်ခြင်း၊ ချောင်းဆိုးခြင်း၊
အော့အန်ခြင်းတို့မှလည်း ခန္ဓာကိုယ်အပူငွေ့များကို ယုတ်လျော့သွားစေပါသည်။ ယင်းသို့ ဇီဖြစ်ပျက်မှု ပုံမှန်လည်ပတ်နေခြင်းဖြင့် ခန္ဓာကိုယ်၌ ပွားများလာသော အပူငွေ့များနှင့် ထုတ်လွှတ်ပေးသော ဒွါရပေါက်တို့မှာ ညီညွတ်မျှတ သဟဇာတဖြစ်လျက် ကျန်းမာသော အခြေအနေကိုရရှိနိုင်ပါသည်။


တခါတရံ၌ လူတို့သည် ရာဦဥတု အအေးကို ဖြတ်သန်းရခြင်းကြောင့် လေအေးတိုက်ခြင်း၊ ရေချိုးခြင်း၊
အေးသော နေရာထိုင်ခင်း၌ အိပ်စက်ခြင်း၊ လေအေးစက် တပ်ဆင်ထားသော အခန်း၌ အချိန်ကြာကြာနေခြင်း တို့ကြောင့် ခန္ဓာကိုယ်အား အအေးပတ်ဖွဲ့သွားလေသည်။ ထိုသို့ အအေးပတ်ဖွဲ့သွားသောအခါ ချွေးထွက်ပြီး အခိုးပွင့်နေလေ့ရှိသော အရေပြားလွှာ အပေါက်ငယ်ကလေးများ ပိတ်ဖုံးသွားသည်။ ထိုအခါ စက္ကန့်မလပ် အခိုးအကာသများ ပွင့်ထွက်နေရာမှ ထွက်ပေါက်မရတော့ဘဲ ခန္ဓာကိုယ်အတွင်း၌သာ အခိုးအငွေ့များ
အောင်းနေလေတော့သည်။ ထိုအခိုးအငွေ့များက အချိန်နှင့်အမျှ ပွားများလာပြီး ခန္ဓာကိုယ်အတွင်းရှိ အူများ၊ အသားစိုင်များ၊ သွေးကြော၊ လေကြောများသို့ တိုးတက်သွားလာကြသောအခါ ထိုသူ၌ မအီမသာ နေမကောင်း ဖြစ်လာရတော့သည်။


အခိုးမပွင့်သောအခါ ဇက်ကြောတက်ခြင်း၊ ခန္ဓာကိုယ်တခုလုံး တောင့်တင်းနာကျင်ခြင်း၊ ကိုယ်လက် မသယ်ချင်လောက်အောင် လေးလံထိုင်းမှိုင်းခြင်း၊ စိတ်မကြည်လင်ခြင်း၊ အဖျားငွေ့ အပူချိန်တက်ခြင်း၊ အစာမစားလိုခြင်းနှင့် အခြားလက္ခဏာ အများအပြား ဖြစ်ပေါ်ခံစားရလေတော့သည်။ ထိုသို့ အခိုးငုပ်ခြင်းကြောင့် နေထိုင်မကောင်း မဖြစ်လာစေရန် အခိုးပွင့်နေရန် လိုအပ်ပါသည်။ အသက်ရှိနေသမျှ အခိုးအာကာသ ပွင့်နေမှ သာမန် နှာစေး ချောင်းဆိုးမှသည် ဆီးချို သွေးတိုး လေငန်း စသည့် ရောဂါကြီးများ အထိ ကာကွယ်ထားနိုင်မည် ဖြစ်သည်။


အခိုးပွင့်ဆေးများ---
ယင်းသို့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အခိုးပွင့်ဆေးများမှာ ကျွန်ုပ်တို့ လက်တကမ်း၌ပင် များပြားစွာရှိကြပါသည်။ မသိသူကျော်သွား သိသူဖော်စားပြီး အဖိုးနည်း ဝန်ပါ ကျန်းမာ ရွှင်လန်း သုခအဝဝကို ခံစားနိုင်ကြပါသည်။


ရုတ်တရက် ချွေးငုပ်ပြီး ကိုယ်လက်မအီမသာ ဖြစ်ခဲ့လျှင် ကွမ်းရွက်ပြုတ်ရည်ကျကျ အကြမ်းတပန်းကန်စာ မျှကို တနေ့ သုံးကြိမ် ပူပူနွေးနွေး မှုတ်သောက်ပါက ချက်ချင်း ခန္ဓာကိုယ် အနွေးဓာတ်ရပြီး ပြန်လည် 
လန်းဆန်း ကျန်းမာလာနိုင်ပါသည်။ ကွမ်းရွက်ကိုခြေ၍ ရှူပေးလျှင်လည်း ပိုကောင်းပါသည်။


အတော်အတန်ဆိုးဝါးစွာ အခိုးငုပ်နေပါမူ မီးဖိုချောင်များမှ ရရှိသော ကျပ်ခိုးအနည်းငယ် စုဆောင်းပြီး အမှုန့်ကြိတ်ကာ ဆားမီးဖုတ် အနည်းငယ်နှင့်ရောစပ်ပြီး ကော်ဖီဇွန်း တဇွန်းစာမျှ ရေနွေးပူပူနဲ့ သောက်နိုင် ပါသည်။ ချင်းနှင့် ထန်းလျက်ပြုတ်ရည်၊ ငရုတ်ကောင်းစေ့ပြုတ်ရည် သောက်ခြင်း၊ ကွမ်းရွက်စိမ်းရည်ဖြင့် မျက်စဉ်းခတ်ခြင်းတို့မှာ အခိုးပွင့်ဆေး အစီအစဉ်များပင် ဖြစ်သည်။
အရန်သင့် သောက်လိုပါက အလွယ်တကူရရှိနိုင်သော အခိုးပွင့်ဆေးများကို ဝယ်သူသောက်သုံးခြင်းဖြင့် ကျန်းမာသော အခြေအနေကို ဖန်တီးနိုင်ကြလေသည်။ 


လှမြင့်အောင် (တောင်ကုတ်)
( သူရဇ္ဇ ၂၀၀၃-စက်တင်ဘာလ)

No comments: