Monday, July 18, 2011

ကျေးဇူးရှင် မူလမင်းကွန်း ဇေတဝန်ဆရာတော်ကြီး နှင့် ထူးဆန်းသော ကျောင်းသင်္ခမ်း

မင်းကွန်းသို့ရောက်တိုင်း ဓမ္မနာဒကျောင်းတိုက်သို့သာ နှစ်စဉ်မပြတ် ဝင်ရောက်ရာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး၏ ပြခန်းများကို ကြည့်ရှုကြည်ညိုခဲ့ရသည်။ ပြီးမှ ဗန္ဓုလ ဓမ္မာရုံကြီးပေါ် တက်ရောက်ပြီး အလှူဒါနပြုလုပ်ခဲ့ရသည်။ ဆရာတော်ကြီး ပျံလွန်တော်မူသည့် နှစ်ပတ်လည် အထိမ်းအမှတ်နေ့တိုင်း ပူဇော်ပွဲသို့ သွားရောက်၍ ကြည်ညိုခဲ့ရသည်။ ဆရာတော်ဘုရားကြီးအား ရည်မှန်း၍ တတ်စွမ်းသမျှ ကုသိုလ်ပြုလုပ်သည်။

ပြီးခဲ့သည့်နှစ်တွင်မူ ဓမ္မနာဒကျောင်းတိုက်မှ အချိန်အနည်းငယ်ယူပြီး ဓမ္မနာဒကျောင်းတိုက် အနောက်မြောက် စူးစူးရှိ တောတောင်ချောင်ကျရာ ချောင်တခုဖြစ်သော ဇေတဝန်ချောင်သို့ ရောက်ရှိခဲ့သည်။ ကားဖြင့် သဲချောင်းဖြတ်၊ သဲချောင်းရိုးအတိုင်း သွားခဲ့ရသည်။ ခြေကျင်ခရီးဆိုလျှင် တနာရီလောက် လျှောက်ရပေသည်။
ဇေတဝန်ချောင်မှာ မင်းကွန်းဓမ္မနာဒကျောင်းတိုက် အနောက်ဆုံးချောင်၊ တောင်ကြားထဲမှ တိတ်ဆိတ်
အေးချမ်းလှသော ချောင်အဖြစ် ဘွားခနဲတွေ့ရသည်။ ကျောင်းမကြီးတဆောင်၊ ဓမ္မာရုံတဆောင်နှင့် ရှေးယခင် အဋ္ဌကထာကျမ်းပြု ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန် ဆရာတော်ကြီး သီတင်းသုံးရာ ကျောင်းတိုက်
ချောင်ဟောင်း၊ ကျောင်းသင်္ခမ်းဟောင်း နှစ်ကျောင်းမျှ ချောက်ချားဖွယ်ရာ တွေ့ရသည်။


လက်ရှိဇေတဝန်ဆရာတော်သည် သက်တော်ငယ်သေးသော်လည်း မင်းကွန်းတောင်ရိုး ဓမ္မနာဒကျောင်းတိုက်ကြီး ရေရရှိရေး၊ သာသနာစည်ပင် ထွန်းကားရေးအတွက် မနားမနေ တရားဟောပွဲများ ကျင်းပခြင်း၊ မင်းကွန်းဝန်းကျင်မှ ကျောင်းသားကျောင်းသူများအား ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားပို့ချပေးခြင်း စသည့် ဘာသာရေး၊ သာသနာရေး မင်းကွန်းဓမ္မနာဒတိုက်အတွက်
ဆောင်ရွက်ဖွယ်ရှိသည်များ ကြိုးပမ်းဆောင်ရွက်နေရသည်နှင့် အချိန်ကုန်လျက်ရှိသည်။ 


ယခုနှစ်တွင်လည်း မင်းကွန်းဓမ္မနာဒတိုက်သို့ တခေါက်ရောက်ရှိခဲ့ရာတွင် လက်ရှိဇေတဝန်ဆရာတော်၏ လမ်းပြမှုကြောင့် ချောင်ကျလှသော ဇေတဝန်ကျောင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ရခြင်းဖြစ်သည်။


ရောက်တုန်းရောက်ခိုက်ပင် ဇေတဝန်ဆရာတော်က ကျေးဇူးရှင်မူလမင်းကွန်း ဇေတဝန်ဆရာောတ်ဘုရားကြီး၏ စိတ်ဝင်စားဖွယ် သီးတင်းသုံး ကျင့်ကြံအားထုတ်တော်မူပုံများကို အမိန့်ရှိလေသည်။ ထို့နောက် ဇေတဝန်ဆရာတော်ဘုရားကြီး သီတင်းသုံး နေထိုင်တော်မူခဲ့ရာ ထူးဆန်းလှသော ကျောင်းသင်္ခမ်းအဆောင် လှေကားအဝင်ပေါက် တည်ဆောက်ထားပုံများကို လိုက်လံပြသသည်။ ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်ဆရာတော်ကြီး၏ ကျောင်းသင်္ခမ်းကလေးအကြောင်း မဖော်ပြမီ ဆရာတော်၏ ထေရုပ္ပတ္တိ အကျဉ်းမျှ ဖော်ပြမှ ဆရာတော်ကြီးအကြောင်း ကြည်ညိုဖွယ်
မြင်တွေ့လာမည်ဖြစ်သည်။


အဋ္ဌကထာကျမ်းပြု ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်ဆရာတော်သည် စစ်ကိုင်းမြို့နယ် မြောက်ဘက် ၅-တိုင်ဝေးသော ကန်ကြီးကုန်းဇာတိ ဖြစ်သည်။ မိဘနှစ်ပါးတို့မှာ ဦးညို+ဒေါ်ပိုင်တို့ ဖြစ်ကြသည်။ သားသမီးလေးဦး ရှိသည့်အနက် ဒုတိယသား ဖြစ်သည်။ ငယ်မည် မောင်သာဗျော ဖြစ်သည်။ ဇေတဝန်ဆရာတော်လောင်း မောင်သာဗျောကို ရှစ်နှစ်သားအရွယ်တွင် ကန်ကြီးကုန်း၊ ကျောက်ပနံ နှစ်ရွာကြားရှိ စော်ကဲကျောင်းဆရာတော်ထံ အပ်နှံသည်။ အခြေခံ ဗုဒ္ဓစာပေများကို သင်ယူသည်။ လေးနှစ်ခန့်အကြာတွင် ကျောင်းသားများ သင်အပ်သော စာပေအားလုံး ကုန်ဆုံးပြီးမြောက်ရာ သဒ္ဒါရှစ်စောင်၏ သုတ်၊ ဝုတ္တိ၊ ဥဒါဟရုဏ်တို့ကိုပင် ဆိုရိုးကျအစုံနှင့် နှုတ်ငုံရရှိခဲ့လေသည်။ (၁၄)နှစ်အရွယ်တွင် ရှင်သာမဏေဘဝ ရောက်ရှိသည်။ စော်ကဲကျောင်း ဆရာတော်ကြီးထံ ရှင်သာမဏေပြုသည်။ (ရှင်နာရဒ) ဟူသော ဘွဲ့ပညတ်သည်။ 

ရှင်နာရဒသည် သာမဏေဘဝတွင်လည်း နေ့စဉ် စာပေသင်အံကြိုးစားသည်။ ရှင်နာရဒ ဉာဏ်စွမ်းရည်ကို အံ့သြကြသည်။ သာမဏေဝါ လေးဝါအရတွင် ဝိနည်း(၅)ကျမ်း ပြီးဆုံးအောင်မြင်သည်။

သို့ရာတွင် လောကဓံသည် လူ့ဘဝအတွက် တခုမဟုတ် တခု ကြုံတွေ့ရတတ်သည့် ဓမ္မတာဖြစ်သည့်အတိုင်း ကိုရင်နာရဒတွင် မိဘနှစ်ပါးတို့ (၇)လလောက်အကွာတွင် တယောက်ပြီးတယောက် ကွယ်လွန်ကုန်ကြရာ ကိုရင်နာရဒမှာ စိတ်ညှိုးငယ်စရာများနှင့် ရင်ဆိုင်ခဲ့ရသည်။ သာသနာနောင်ရေးအတွက် ကြိုးစားအားထုတ်နေစဉ် ရွှေတောင်ကြီးပြိုသလို ရှင်နာရဒစိတ်ကူးများ ပြိုလဲကျသွားရာ ကျန်ရစ်သူ မောင်နှမများအတွက် ဝိတက်တွေများကာ စိတ်မရွှင်တော့ဘဲ လူဝတ်လဲလိုက်ရတော့သည်။

လူ့ဘဝတွင် ကံတရားကား အလှည့်သင့် အခွင့်သာဆိုသလို မောင်သာဗျော (၁၉)နှစ်ကျော်ကျော်တွင်
လောကီဝတ်ကြောင်  ရှောင်ခွာလိုစိတ် ပြန်လည်နိုးကြားလာသည်နှင့် ကန်ကြီးကုန်းရွာ၏ အရှေ့တောင် မန်ကျည်းစုတောရကျောင်း၌ သီတင်းသုံးနေသော တဝမ်းကွဲ နောင်တော်ဆရာတော် ဦးလက္ခဏထံ ရဟန်းပြုရန် သွားလျှောက်ကာ ရှင်သာမဏေပြုလိုက်သည်။ ကျောက်ပနံရွာ ဒေါ်အံဇာ၊ ဦးပေါ်စံတို့က သာသနာ့အမွေခံ ရဟန်းဒါယကာပြုလုပ်၍ နောင်တော်ဦးလက္ခဏကို ဥပဇ္ဈာယ်ပြု၍ ၁၂၄၉-ခုနှစ်တွင် ပဉ္ဇင်းခံလိုက်တော့သည်။ ရဟန်းတော် ဦးနာရဒသည် စာဝါများ နေ့စဉ် သင်ယူပြီး မင်းကွန်းဦးပုကြီး
တောင်ခေါ် တောင်ပေါ်ကြီးကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော်ဦးရာဇိန္ဒထံ ကျမ်းစာများ ဆက်လက်သင်ယူသည်။ ထိုမှ မန္တလေးမြို့တော်သို့ တက်၍ ပိဋကတ်ကျမ်းစာ အဖြာဖြာကို ဆက်လက်သင်ယူသည်။ မိုးကောင်းတိုက်၊ မြတောင်တိုက်၊ ဒက္ခိဏဝန်တိုက်တို့တွင် လှည့်လည်သင်ယူပြီးနောက် အောက်မြန်မာပြည် ရွှေတောင်ဝေဠုဝန်တိုက် ဝေဠုဝန်ဆရာတော်ဘုရားကြီးထံ တပည့်ခံ သင်ယူပြန်သည်။ ဝေဠုဝန်ဆရာတော်ကြီးက ဦးနာရဒ၏ ပဋိဘာဏ်ဉာဏ်အစွမ်းထက်ပုံကို သိလေရာ သာသနာအကျိုး ယုံကြည်စွဲမှတ် အာရုံကပ်ကာ ဝေဠုဝန်ကျောင်းတိုက်ကြီး အုပ်စီးရန်ပင် လွှဲအပ်သည်ဟု အဆိုရှိသည်။


ရဟန်းငယ်မျှသာရှိသော ဦးနာရဒသည် အရွယ်အားလျော်စွာ ပိဋကတ်ကျမ်းစာများကို မြို့ရွာအသီးသီး ပဏ္ဍိတ်အကျော်အမော် ဆရာတော်များထံ နည်းနာခံသင်ယူပြီးနောက် ဦးနာရဒသည် တောင်ပေါ်ကြီး ဦးရာဇိန္ဒထံတွင် ပရိယတ်ကျမ်းစာများ ပို့ချနေစဉ် အတိတ်ကံဟောင်း အကြောင်းဖန်ကာ လူဝတ်ကြောင်ဘဝ ကူးပြောင်းရန် အခြေအနေ ဖန်တီးလာသဖြင့် လူ့ဘဝရောက်ရှိကာ နှမများနှင့် လုပ်ကိုင်ကျွေးမွေးနေခဲ့ပြန်ရာ တနှစ်ခွဲကျော်အကြာတွင် ရဟန်းဘဝ ပြန်လည်ရောက်ရှိခဲ့ရပြန်သည်။ ဆရာတော် ဦးရာဇိန္ဒထံ
ရှေးနည်းအတိုင်းပင် ပရိယတ္တိစာပေများ ဆည်းပူးနေသည်။ 


ထို့နောက် စစ်ကိုင်းတောင်တန်း မင်းကွန်းဘက်၌ ပဋိပတ်ဉာဏ်အရာ၌ ပထမရှေးဦးစွာ (သီးလုံးဆရာတော်ဘုရားကြီးမှ အစပြုပြီး) ၄င်းသီးလုံးဆရာတော်ကြီး၏ တပည့်ကြီးများမှ ထင်ရှားသောတပည့်ကြီး ငါးဦးအနက်တွင် အလယ်တောရ ဆရာတော်ဘုရားကြီးနှင့် နှစ်ပါးထံတော်၌ ယခုထင်ရှားပေါ်ပေါက်ခဲ့သော မူလမင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီးသည် ရဟန်းငယ်ဘဝဖြင့် ပရိယတ္တိကို နည်းနာနိဿရည်း သြဝါဒခံယူ သင်ကြားတော်မူခဲ့လေသည်။


ပါရမီအရင်းခံနှင့် ပင်ကိုဉာဏ်ထက်သန်၍ ကျမ်းဂန်နှံ့စပ်သော ဆရာရှင်အသီးသီးတို့၏ ယူနည်း ဆနည်း ဝေဖန်နည်းများကို လက်ဆုပ်မိမိ ရရှိသူ ဦးနာရဒသည် အလယ်တောရဆရာတော်၏ ပဋိပတ်ကျင့်ရေး အမြွက်မျှပေးသောနည်းကို ဉာဏ်ရှိသူတို့ဓမ္မတာ ကျေနပ်စွာရှိလှ၍ မိမိ၏နေရပ်သို့ ပြန်ခဲ့သည်။ သိတပဋ္ဌာန် ပါဠိတော်မူကိုထား၍ သက်ဆိုင်ရာ အဋ္ဌကထာဋီကာ စသော ကျမ်းဂန်အရပ်ရပ်တို့နှင့် အထပ်ထပ် ညှိနှိုင်းလျက် အဘက်ဘက်မှ ချွတ်ချော်မှု မဖြစ်ရန် အတန်တန် ဝေဖန်ပိုင်းခြား ပြုစုသည်။ ထို့နောက် တကိုယ်တည်း ဧကစာ ကျင့်သုံးလေ့လာရန် ရည်သန်၍ သက်တော် (၃၇)နှစ်အရွယ်တွင် ပရိသတ်ရောပြွမ်းရာ အလယ်တောရမှ ဖယ်ထွက်ထဲ့သည်။ ၄င်းတိုက်၏ အနောက်ဘက် လေးဖာလုံလောက်အကွာ လူနည်းရာဌာနတွင် တပါးမျှသာ နေထိုင်လောက်သော တခန်းကျောင်းငယ် (ကမ္မဋ္ဌာန်းကျောင်းငယ်) လေးကို ဂူလေးချောင် သီလရှင်ဆရာကြီး ဒေါ်အိနှင့် တကွ တပည့်အပေါင်းတို့က ကျောင်းအမများအဖြစ်ခံယူပြီး ပဋိပတ်အကျင့်လမ်းကို ကြိုးပမ်းတော်မူခဲ့သည်။


မင်းကွန်းဌာန၌ ကမ္မဋ္ဌာန်းဆရာတော်တပါး အနေနှင့် ဇေတဝန်ဘုန်းကြီးဟူ၍၄င်း၊ သတိပဋ္ဌာန်အပ္ပမာဒ အမှတ်တရားပြ ဘုန်းကြီးဟူ၍၄င်း၊ အမည်ထူးကို အမျိုးမျိုးတင်စား၍ ခေါ်တွင်ကာ လူသိများခဲ့လေသည်။
ဇေတဝန်ဆရာတော် ဦးနာရဒသည် တရားပြကောင်းသဖြင့် မြို့လှမှ ဒကာများပင့်သဖြင့် အောက်မြန်မာပြည်
မြို့ရွာအသီးသီး လှည့်လည်တရားဟောကြားသည်။ မြို့လှဌာနမှ မော်လမြိုင်သို့ ရည်မှန်းလျက် 
ခရီးစမ်းထွက်ခဲ့ရာ သထုံဘူတာရှိ ဆရာတော် ဦးကေလာသ တောင်းပန်လျှောက်ထားသဖြင့် ကြွရောက်သီတင်းသုံး ဟောကြားရသည်။


သထုံမြို့တွင် ဇေတဝန်ဌာနကြီး တည်ထောင်ဖန်တီးရာ၌ ဆရာတော် ဦးကေလာသသည် အစမှအဆုံးတိုင် ဆောင်ရွက်တော်မူသည်။ ဆရာတော်ဦးကေလာသသည် သတိပဋ္ဌာန်လမ်းစဉ်အရ အပ္ပမာဒခေါ် ဝိပဿနာတရားများကို ဝင်ရောက်အားထုတ်ပြီး နီးစပ်သူ တပည့်ကြီးငယ်တို့ကိုလည်း တရားပြသူဖြစ်သည်။ မင်းကွန်းဆရာတော်သည် သထုံမြို့တွင် ဇေတဝန်ဟူသော ပဋိပတ်သာသနာပြု ဌာနတခု တည်ထောင်ပေးပြီး ဝိပဿနာအကျင့်တရားများကို ထင်ထင်ရှားရှား ညွှန်ကြားပြသ ဟောကြားသဖြင့်
ယောဂီများ တိုးပွားများပြားလာခဲ့သည်။


ဤသို့ မင်းကွန်းဇေတဝန်ဆရာတော်သည် ဘုရားရှင်နှင့်တကွ သာဝကများ၏ လမ်းစဉ်ကို စံတင်ထား၍ သတ္တဝါများကို ငဲ့ညှာသနားပြီး သာသနာနှင့်တွေ့ကြုံရာ ထိုက်တန်သော အကျိုးတရားများ ခံစားရရှိစေလိုသော ဆန္ဒဖြင့် သတိပဋ္ဌာန်လေးပါး၊ အပ္ပမာဒလမ်းစဉ်ဖြစ်သော ဝိပဿနာတရားကျင့်ပုံ၊ အားထုတ်ပုံ အလုံးစုံကို
သေချာဂန ထင်ရှားပေါ်လွင်သော ဝေါဟာရများဖြင့် ဟောကြားညွန်ပြလာရာ ရှေးဦးစွာ မင်းကွန်းဂူလေးချောင်၊ အလယ်တောရ အနောက်တိုက်၊ ထိုမှတဖန် မွေးဖွားရာဇာတိ ကန်ကြီးကုန်းရွာ၊ ၄င်းရွာ၌ တဝါမျှသာနေထိုင်ပြီး အလယ်တောရ အနောက်တိုက်သို့ ပြန်ကြွသည်။ ထို့နောက် မြို့လှ၊ သထုံမြို့သို့ ရောက်ရှိပြီး တရားဌာနကြီးများ တည်ထောင်ရာ ဒေသနာနည်းကျကျ ဝိပဿနာအကျင့် သာသနာကို (၁၀)နှစ်ကျော်ကြာ
ဆောင်ရွက်တော်မူခဲ့သည်။

ဇေတဝန်ဆရာတော်သည် ရဟန်းတော်ဘဝ ခြောက်ဝါမျှ ရသေးသော ကာလကဖြစ်ပေါ်ခဲ့သော ဆန္ဒပေဋကောပဒေသ ပါဠိတော်၏ အဖွင့်သဝဏ္ဏနာ မာဂဓဘာသာ၊ အဋ္ဌကထာကို စီရင်ရေးသားရန် အချိန်တန်ပြီဟူသော နှလုံးသွင်းလျက် သထုံမြို့မှ မူလဌာနဟောင်း မင်းကွန်းဂူလေးချောင် အလယ်တောရအနောက်တိုက်သို့ ပြန်ကြွသွားသည်။ ဆရာတော်သည်  မင်းကွန်းဂူလေးချောင်၌ တပည့်ရင်း ဖြစ်ကြသော မန္တလေးမြို့ သူရဲဈေးမှ ပွဲစားကြီး ဦးသစ်၊ ဒေါ်ကျော့တို့ ဆောက်လုပ်လှူဒါန်းသော (၁၀)ပေပတ်လည် အိပ်ခန်းနှင့် ပေ(၂၀)ခန့်ရှည်သော စင်္ကြံကပ်လျက်ရှိသော တထပ်ကျောင်းကလေးတွင် တပါးတည်း သီတင်းသုံးကာ ကျမ်းပြုလျက်ရှိသည်။ ရွှေမြင်တင် တောင်ခြေအရပ် မင်းကွန်းဌာန အနောက်ဆုံးကျသော ဇေတဝန်ကျောင်းဟု ဆိုင်းဘုတ်ကပ်ထားသည်။


ဇေတဝန်ဆရာတော်သည် ပေဋကောပဒေသ အဋ္ဌကထာကျမ်းကို လေးနှစ်ခန့် ကာလတိုင်ပင် နှုတ်တွင်ဆောင်လျက် ရေးသားစီရင်သည်။ အက္ခရာဝါကျများကိုပါ သုတ်သင်ရှင်းလင်း စိစစ်ရေးသား စီရင်တော်မူသည်။ စိတ်တိုင်းကျမှ စာပုံနှိပ်ခွင့်ပြုသည်။ ၁၂၈၆-ခုနှစ်တွင် ရေးသားပြီး၍ ၁၂၈၈-ခုနှစ်တွင် ရိုက်နှိပ်ပြီးစီးသည်။ ဆရာတော်၏ သက်တော်မှာလည်း (၅၂)နှစ်ရှိပြီ ဖြစ်သည်။ ယင်းကျမ်းမှာ စာမျက်နှာ (၄၁၇)မျက်နှာရှိပါသည်။ ယင်းကျမ်း ဂုဏ်သတင်းကို မန္တလေးတောင် ရသေ့ကြီးဦးခန္တီ ကြားသိရသဖြင့် ဆရာတော်ထံ ခွင့်တောင်းကာ စန္ဒာမုနိဘုရား ကျောက်စာတိုက်တွင် ကျောက်ထက်အက္ခရာ (၂၈)ချပ် ရေးထိုးစိုက်ထူထားခဲ့သည်။

တဖန် ပျဉ်းမနားမြို့မှ ဆရာကျယ်ဆိုသော ဒါယကာတယောက်၏ ရှစ်ရပ်သော ပုစ္ဆာပြဿနာများကိုလည်း ရှေးဦးစွာ လယ်တီဆရာတော်ကြီးအား မေးလျှေက်ြခဲ့ဖူးသော်လည်း ဖြေကြားတော် မမူဘဲ ရှိသဖြင့် ဇေတဝန်ဆရာတော်အား မေးလျှောက်ရာ အာရမ္ဘာဝိဓိဝိဿဇ္ဇနာကျမ်းကို
ရေးသားပေးလေသည်။ 
ဆက်လက်၍ ရေတာရှည်မြို့မှ တပည့် ဒါယကာများ တောင်းပန်သဖြင့် အနိစ္စတော ဒုက္ခတော စသော တောလေးဆယ် (ဝိပဿနာလေးဆယ်) အကျယ်အဖွင့်ကျမ်းကို ရေးသားပြုစုပေးသည်။ မူလ မင်းကွန်းဇေတဝန်ဆရာတော်သည် ကျမ်းပေါင်း (၂၅)ကျမ်းမျှ ရေးသားပြုစုတော်မူခဲ့သည်။

၁။ ပေဋကောပဒေသ အဋ္ဌကထာပါဌ်
၂။ ၄င်းအဋ္ဌကထာ၏ နိဿယ ပထမတွဲ
၃။ ဒုတိယတွဲ
၎။ တတိယတွဲ
၅။ သဇ္ဇေကဝိဓိဝိဿဇ္ဇနာ
၆။ အာရမ္ဘာဝိဓိ ဝိပဿနာ
၇။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ နိဿယသစ်
၈။ တောလေးဆယ်ဖွင့်
၉။ မိလိန္ဒပဥှာ အဋ္ဌကထာပါဌ်
၁၀။ နိဗ္ဗာနကထာ (စကားပြေ)
၁၁။ နိဗ္ဗာန်လမ်းညွှန်ဒေသနာ
၁၂။ နိဗ္ဗာနစာတမ်း
၁၃။ သတိပဋ္ဌာန စာတမ်း
၁၄။ သတိပစ္စယခေါ် ဝိနိစ္ဆယသမူဟ
၁၅။ ကထိနဝိနိစ္ဆယ (စကားပြေ)
၁၆။ ကထိန်နိဿယ
၁၇။ ဖလသမာပတ်
၁၈။ မဟာသဠာယတနသုတ်နိဿယ
၁၉။ မူလပရိယာယသုတ် နိဿယ
၂၀။ ပါဒါပါဒရဟ ဝိနိစ္ဆယ
၂၁။ ပဋိညာတကရဏဝိနိစ္ဆယ
၂၂။ သိမ်ခန်း
၂၃။ ဝိပဿနာဉာဏ်စဉ်ကျမ်းကြီး
၂၄။ အနုသယဆိုင်ရာ
၂၅။ အတိရိတ်ကံပြုပုံ အဆုံးအဖြတ်ကျမ်းများ ဖြစ်သည်။


မူလမင်းကွန်း ဇေတဝန်ဆရာတော်ကြီးသည် ပရိယတ်အရာတွင် သာသနာရောင်ဝန်း ထွန်းလင်းတောက်ပ ခိုင်မြဲလှအောင် အဋ္ဌကထာကျမ်းကြီး နှစ်ကျမ်းနှင့်တကွ သဘောခဲကပ် ဝိနစ္ဆယအရပ်ရပ် အဆုံးအဖြတ်တို့ကို ပိဋကတ်သုံးဖော် ပါဠိတော်နှင့်တကွ အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု၊ ယောဇနာ၊ ဂဏ္ဍိ စသော ကျမ်းဂန်တို့နှင့် ညှိနှိုင်း၍ ရေးသားနိုင်ခြင်းသည် ကျောင်းသားအရွယ် ငယ်စဉ်ကစ၍ (၁၄)နှစ်အရ ကိုရင်(သာမဏေ)ဘဝ ရသည့်တိုင်အောင် နည်းနာရရန် သွန်သင်ပြသခဲ့သော ကျေးဇူးရှုစော်ကဲကျောင်းဆရာတော်၊
ကျေးဇူးရှင် နောင်တော် ဦးလက္ခဏဆရာတော်၊ သုံးဂိုဏ်းချုပ် ဦးရာဇိန္ဒ ဆရာတော်တို့
ကျေးဇူးကြီးများလှပါပေသည်ဟု ထုတ်ဖော်ညွှန်ပြတော်မူခဲ့သည်။


မူလမင်းကွန်းဇေတဝန်ဆရာတော်ကြီးသည် ပရိယတ်၊ ပဋိပတ်များ အားထုတ်နေခဲ့ရာတွင် ဇေတဝန်ကျောင်း၌
ကျောင်းသစ်ချောင်သစ် ဆောက်လုပ်ရာ လှူဒါန်းသည်ကိုလည်း ဆရာတော်၏ တရားသဘောဆန်ဆန်ဖြင့်
ကျောင်းလှေကားရင်းအတက်တွင် အလယ်တည့်တည့် တိုင်တလုံးစိုက်ထူ တည်ဆောက်စေခဲ့သည်မှာ
မြင်ရသူများအဖို့ ထူးထူးဆန်းဆန်း ဖြစ်နေသည်။ ဇေတဝန်ဆရာတော်ကြီးအဖို့မူ ဘဝနှင့် သက်ဆိုင်လျက်ရှိသည်။ သတိသံဝေဂနှင့် သက်ဆိုင်လျက်ရှိသည်။ ဘဝဆိုသည်မှာ ဖြောင့်ဖြူးသောလှေကားထစ်များကဲ့သို့မဟုတ်၊ တနည်းအားဖြင့် ပန်းခင်းသောလမ်းမဟုတ်။ လောကဓံအမျိုးမျိုး တွေ့ကြုံရမြဲဖြစ်သည်။ ဤသဘောကို ဆရာတော်ကြီး ပြဆိုလိုသည်ဟု ယူမှတ်ရပေသည်။


ဆရာတော်ကြီး သီတင်းသုံးရာ ကျောင်းသင်္ခမ်းလှေကားရင်းမှ အလယ်တည့်တည့် စိုက်ထူးထားသော တိုင်တလုံးသည် လှေကားရင်းအတက်မှာပင် လူကို သတိဖြစ်စေလေသည်။ အတက်တွင် သတိဖြစ်စေသကဲ့သို့ လှေကားအဆင်းတွင်လည်း သတိဖြစ်စေသည် မုချဖြစ်သည်။ လှေကားထစ်များအတိုင်း လွယ်လွယ်ကူကူ ဆင်းရန်မဟုတ်၊ အပေါ်ထပ်မှ ဆင်းလာလျှင် လှေကားအဆင်းအလယ်တည့်တည့်၌ တိုင်ကြီးတလုံးက စောင့်ကြိုသတိပေးနေသည်။ အဆင်းအတက် သတိဖြစ်စေပေလိမ့်မည်။ သတိပဋ္ဌာန်တရားပြ ဆရာတော်ကြီးသည် ဘဝကို လှေကားရင်းမှ ကျောင်းတိုင်တလုံးဖြင့် ယနေ့ထိအောင် တရားပြသလျက် ရှိနေသလိုပင် ဖြစ်သည်။ ဆရာတော် သီတင်းသုံးရာ ကျောင်းမှာ နှစ်ထပ်ကျောင်းဖြစ်၍
လှေကားနှစ်ဆင့် ဖြစ်သည်။ ယခုတိုင် ပြုပြင်ခြင်းမပြုဘဲ ပြတိုက်ကဲ့သို့ သော့ခတ်ထားသည်။ လက်ရှိဇေတဝန်ဆရာတော်က သော့ဖွင့်ပြသဖြင့် ကြည့်ရှုခဲ့ရသည်။ ယခုတခေါက် ရောက်ခဲ့သည်မှာ လျှပ်တပြက်မျှပင် ဖြစ်သည်။


ဇေတဝန်ချောင်ကလေးသည် အေးမြလှသည်။ မင်းကွန်းဓမ္မနာဒတိုက်၏ အနောက်ဘက်ဆုံးကျသည့်
ချောင်ပင်ဖြစ်ရာ မူလမင်းကွန်းဇေတဝန်ဆရာတော်ကြီး၏ နောက်ဆုံး ဦးခေါင်းချသွားတော်မူသည်။ ဆရာတော်ကြီး ခန္ဓာဝန်ချသည့်နေ့မှာ ၁၃၁၆-ခု တပေါင်းလဆုတ် (၁၀)ရက် သောကြာနေ့ ဖြစ်သည်။ ဆရာတော်ကြီးပျံလွန်တော်မူသည်မှာပင် ရွှေရတုနှစ် နှစ်ပေါင်း (၅၀)တိုင်တော့မည် ဖြစ်သည်။ (၄၉)နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ ဆရာတော်ကြီး၏ ဂုဏ်သတင်းကား သာသနာတော်တွင် ညှိုးမှိန်ခြင်းမရှိ၊ ထွန်းတောက်လျက်ပင် ရှိသည်။ သတိပဋ္ဌာန်လမ်းစဉ် အကျင့်တရားများကို (၄၅)နှစ်တိုင်တိုင် ယှဉ်ပြိုင်သူမရှိ၊ တဦးတည်း ရှေ့ဆောင်ခဲ့သော ကျေးဇူးရှင် မူလမင်းကွန်းဆရာတော်ပင် ဖြစ်သည်။


မူလမင်းကွန်းဇေတဝန်ဆရာတော်ကြီးကား သတ္တဝါများ၏ ချမ်းသာပွားကြောင်း ကောင်းစွာ ဖြစ်ထွန်း
ပေါ်ပေါက်လာရာ ကျင့်ဆောင်တော်မူခဲ့သော လမ်းစဉ်အရ ထင်ရှားလှပေသည်။ ဤသို့ လူ့ပြည်တလွှား ထင်ရှားတော်မူသော ဆရာတော်ကြီးသည် သူ၏ ဘဝလမ်းစဉ် အစအဆုံး နိဂုံးချုပ်ခဲ့သော်လည်း ညွှန်ပြသောလုပ်ငန်းစဉ်များကား ထင်ရှားလျက်ပင်ရှိသည်။ ဆရာတော်၏ မင်းကွန်းဇေတဝန်ချောင်မှ
ကျောင်းသင်္ခမ်းကလေးက ကောင်းစွာညွှန်ပြနေဆဲပင် ဖြစ်လေသည်။ မင်းကွန်းဓမ္မနာဒတိုက်သို့ ရောက်လျှင် ဇေတဝန်ချောင်သို့ အရောက်သွားကြစေချင်သည်။


နတ်မောက်ထွန်းရှိန်


(ကျမ်းကိုး)
တောင်တွင်း ဘိက္ခုအရှင်တိက္ခာစာရ-၏ အဋ္ဌကထာကျမ်းပြု
ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိကို မှီငြမ်းသည်။


သူရဇ္ဇမဂ္ဂဇင်း
(၂၀၀၃-ခု စက်တင်ဘာလ)

No comments: