Tuesday, July 19, 2011

ထောပတ်နှင့် ကျန်းမာရေး သုတ

စာရှုသူများထံသို့ ထောပတ်နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို တင်ပြလိုပေသည်။ မြန်မာ အိမ်သုံးဆေးဝါးများတွင် ပါဝင်သော ပရဆေးများ၏ ခါးခြင်း၊ စပ်ခြင်း၊ ငန်ခြင်းတို့၏ အရသာများကို ဖုံးအုပ်ပေးရန် ဆေးများကို ရွေးချယ်၍ အသုံးပြုကြလေ့ ရှိပေသည်။ ထိုဆေးဖက်များတွင် သကြား၊ ထန်းလျက်၊ ကြံသကာ၊ ပျားရည်တို့ပင် ဖြစ်ကြ၏။ ဤဆေးများဖြင့် အများဆုံး နှမ်းဆီ တေဆေးများ၊ ရသာယန၊ အသက်ရှည်ဆေး စတုမဓူများကို ဖော်စပ်စားသုံးခြင်း၊ ထုတ်လုပ် ရောင်းချခြင်းတို့တွင် ပါဝင်သော ထောပတ်အကြောင်းကို ရွေးချယ်ဖော်ပြမည် ဖြစ်ကြောင်း အစီရင်ခံလိုပေသည်။

မြန်မာနိုင်ငံတွင် ရှေးပဝေသဏီ အတိတ်ခေတ်မှစ၍ အနာဂတ်ကာလ အထိ ဆက်လက်၍ အသုံးပြုဆဲ အစားအစာနှင့် ဆေးဖက်ဝင် ပစ္စည်းလည်းဖြစ်၏။ စားသောက်ဖွယ်ရာ မုန့်ပဲသရေစာများ၌သော်၎င်း၊ အခြား ဟင်းသီးဟင်းရွက်ထွက်ဆီများကို ရှောင်ကြဉ်ကြသူများသည်၎င်း ထောပတ်ကို ဆီအစား ကမ္ဘာပေါ်တွင်
နေ့စဉ်အသုံးပြုလျက် ရှိကြ၏။

စားသောက်ကုန် ထုတ်လုပ်သောလုပ်ငန်းများတွင် စားပွဲထောပတ်နှင့် ဟင်းစားထောပတ်ဟူ၍ အမျိုးအစားကို ခွဲခြားထားပေသည်။ ထို့အပြင် ဆားဓာတ်ပါဝင်သော ထောပတ်နှင့် ဆားဓာတ်မပါဝင်သော ထောပတ်ဟူ၍ ထုတ်လုပ်ဖြန့်ဖြူးလျက် ရှိကြ၏။ ဆားပါလျှင် ထောပတ်မှာ တာရှည်ခံ၏။ ထောပတ်သည် နွားနို့ကဲ့သို့ပင် အရွယ်မရွေး သင့်တော်သော အစားအစာဖြစ်၍ အာဟာရဓာတ်ကို ပြည့်ဝစေသည်။

နွားထောပတ်(Cow's Butter)
ထောပတ်သည် သီးနှံတို့တွင် ပါဝင်သော အဆီဓာတ်(fat) ထက် ပိုမိုပါဝင်လေသည်။ နို့မှ ထုတ်လုပ်သောကြောင့်လည်း ဗီတာမင်ဓာတ်များ (Vitamin)လည်း ကြွယ်ဝစွာ ပါဝင်လေသည်။ နွားနို့မှ ထုတ်လုပ်သော ထောပတ်သည် အားတိုးစေသည်။ နှလုံးအားကို ကောင်းစေသည်။ ခွန်အားကို သန်စွမ်းစေသည်။ ဝမ်းဗိုက်(အစာအိမ်)ကို ကောင်းစေသည်။ 


ယင်းကို သကြားနှင့် စားသုံးပါက မြစ်ခြောက်နာရောဂါ (Phtisis) လိပ်ခေါင်းရောဂါ(Piles) နာတာရှည် ဝမ်းကိုက်ရောဂါ(Chronic Dysentery) ခံတွင်းပျက်ခြင်း(Anorexia) မျက်နှာလေဖြတ်ခြင်း(Facial Paralysis) အင်္ဂါဇာတ် ယားယံခြင်း(Rritgation of The Alimentery Canal) ဆီးတွင် အယ်လ်ဗြူမင်ခေါ် ဥအကာဓာတ် ပါဝင်ခြင်း(Albuminuria) ဆီးချိုရောဂါ(Diabetes) စသည်တို့ကို ကုသရာတွင် အသုံးဝင်ပေသည်ဟု Dr.S. j Singh ပြုစုသည့် Food Remendies စာအုပ် အာယုဗ္ဗေဒ အိန္ဒိယတိုင်းရင်းဆေးကုထုံးကျမ်းကြီးတွင်
ဖော်ပြထားသော နိဒါန်းကို ဖော်ပြလိုက်ရပေသည်။

ထောပတ်နှင့် ပတ်သက်၍ ရှောင်ကြဉ်ဖွယ် သိမှတ်စရာကို ရှေးဟောင်းကျမ်းများ၌ အောက်ပါအတိုင်း   အသိပေး သတိစကားကို ဆိုထားပေသည်။ ထောပတ်နှင့်မသင့်သော အစားတို့မှာ ထောပတ်ဆီကို ချဉ်ဆီနှင့် ဆတူရောစပ်၍သော်၎င်း၊ ထောပတ်နှင့် ပျားရည် နှစ်မျိုးတည်းကို ရောနှော၍ မစားကောင်းဟု ဆိုထားသည်။ ထို့ပြင် ထောပတ်နှင့် သားငါးတို့၏ အဆီ၊ ဆီခဲများနှင့် စပ်တူ၊ မစပ်ကောင်း၊ ကြေးခွက်များတွင်
ထောပတ်ကိုထား သိုလှောင်ခြင်းကို အထူးရှောင်ကြဉ်ပါ။


ထောပတ်သည် ခန္ဓာကိုယ် ပွားစီးရေး၊ ကြီးထွားရေးတွင် နို့ရည်များ အသားများလောက် အကျိုးမပြုနိုင်စေကာမူ ခန္ဓာကိုယ် ခံနိုင်ရည်၊ ရောဂါကာကွယ်စွမ်းရည်၊ ခွန်အားပြည့်ဝရေးတို့ကို များစွာ အထောက်အကူပြုနိုင်သော အစားမျိုးတွင် ပါဝင်၏။ ထောပတ်ဖြင့် သင့်တော်သည့် ရောဂါဝေဒနာများမှာ အအေးမိလွယ်ခြင်း၊ အအေးဒဏ်ကို မခံနိုင်ခြင်း၊ ရောဂါဝေဒနာအမျိုးမျိုး ဖြစ်လွယ်ခြင်း၊ ခန္ဓာကိုယ် ကြုံလှီခြင်း၊ ခွန်အားနည်းပါးခြင်း၊ မျက်ရည်ခန်းခြောက်ခြင်း၊ ကြက်မျက်သင့်ရောဂါ၊ မျက်စိမှုန်ဝေခြင်း၊ မျက်စိနာခြင်း၊ အရိုးများနာခြင်း၊ သွားများနဲ့လွယ် ကျိုးလွယ်ခြင်း၊ ခန္ဓာကိုယ် အချိုးအစား မပြေပြစ်ခြင်းတို့ကို ကာကွယ်နိုင်သည်။ ပျောက်ကင်းစေနိုင်သည်။ ထောပတ်သည် အာရုံကြောများကို တိုက်ရိုက် အားမပေးနိုင်သော်လည်း ကာမစိတ်ခန်းခြောက်မှုကို ကာကွယ်နိုင်လေသည်။


ထောပတ်နှင့်ပတ်သက်၍ ဆေးဖက်ဝင်မှုများကို ဟိန္ဒူ အာယုဗ္ဗေဒ ဆေးကျမ်များ(မူရင်း)၊ အိန္ဒိယ အာယုဗ္ဗေဒ ဆေးကျမ်းမူရင်းများ၊ မြန်မာဆေးကျမ်းများ၊ အာယုဗ္ဗေဒ မြန်မာမှုပြု ဆေးကျမ်းများ၊ သိပ္ပံ ဆေးကျမ်းများ၌ ဖော်ပြချက်များကို ကောက်နုတ်တင်ပြရလျှင်
ချက်ပြီးစဖြစ်သော ထောပတ်သည် နှစ်မြို့စေတတ်၏၊ အားနည်းသူတို့အား အားသစ်ကို ဖြစ်ပွားစေသည်။
နှုတ်ကို မြိန်စေတတ်၏။ မျက်စိကို အကျိုးပြု၏။ ဝါသင့်နာ၊ ပင်ပန်းခြင်းတို့ကို ပယ်တတ်၏။ ခွန်အားမရှိသူ၊ မျက်စိရောဂါရှိသူတို့သည် အမြဲမှီဝဲအပ်၏။


ဆပ်ပြာမှုန်ကဲ့သို့ နူးညံ့သော ထောပတ်သည် အကြိမ်တရာမှ တထောင်အထိ ဆေးကြောပြီးသော
ထောပတ်မျိုးကို ဆိုလို၏။ ဤထောပတ်မျိုးသည် ရောဂါဝေဒနာ အထွေထွေတို့ကို ပျောက်စေတတ်၏။ ဤထောပတ်သည် အေး၏၊ ထိုင်းမှိုင်းသွား၏၊ အာရုံကြောနှင့်ဆိုင်ရာ ခေါင်းကိုက်ခြင်း၊ ခြေပူလက်ပူခြင်း၊ ပန်းနာ၊ ပါဒရက်၊ အဆစ်အမြစ် ကိုက်ခဲခြင်း စသော ရောဂါဝေဒနာများ၌ ဆေးဝါးအဖြစ် အသုံးပြုရ၏။ အစားအစာအဖြစ် အသုံးမပြုပေ။


လတ်ဆတ်သော ထောပတ်ကို အစားအစာတို့တွင် အသုံးပြုရ၏။ ထောပတ်သည် အသက်ကို ရှည်စေ၏။ ချို၏။ ဝမ်းမီးကို တောက်စေ၏။ အေးသောသတ္တိရှိ၏။ အနည်းငယ် ယိုစီးတတ်၏။ အရောင်အဆင်းကို တိုးပွားစေတတ်၏။ သြဇာတို့ကို တိုးပွားစေတတ်၏။ လျင်မြန်ထက်မြက်စေတတ်၏။ အသိဉာဏ်ကို တိုးပွားစေတတ်၏။ ဉာဏ်ပညာကို တိုးပွားစေတတ်၏။ အသက်ကို တိုးရှည်စေတတ်၏။ သုက်ကို တိုးပွားစေတတ်၏။ ပျစ်ချွဲ၏။ သလိပ်ကို တိုးပွားစေ၏။ အဆိပ်ကို နိုင်၏။

ထိုမှတပါး သည်းခြေရောဂါ လေချုပ်ရောဂါ အဖျားရောဂါ ရူးသွပ်ခြင်း၊ ဝမ်းဗိုက်တင်းရောင်ခြင်း၊ အနာပေါက်ရောဂါ၊ ခယရုပ်ရောဂါ၊ ရေယုန်ကြီးရောဂါ၊  သွေးဒေါသတို့ကို ပျောက်ကင်းစေတတ်၏။ ဟူ၍ ဆေးကျမ်းများ၌ ဖော်ညွှန်းထား၏။


ထောပတ်သည် သတိတရား၊ အသိဉာဏ်၊ ဝမ်းမီး၊ သုက်သွေး၊ သြဇာဓာတ်၊ သလိပ်အဆီတို့ကို တိုးပွားစေ၏။ လေဖောက်ပြန်ခြင်း၊ သည်းခြေဖောက်ပြန်ခြင်း အသံဝင် အသံပျက်ခြင်းတို့ကို
ပျောက်ကင်းစေတတ်၏။ အလုံးစုံသော အဆီတို့အနက် အကောင်းဆုံးဖြစ်၏။ ထောင်ပေါင်းများစွာသော
ဆေးပစ္စည်းတို့နှင့် ရောနှောသော်၎င်း၊ အသီးသီးပြုသော်၎င်း ထောင်ပေါင်းများစွာသော အကျိုးကို ပြုနိုင်၏ဟု အာယုဗ္ဗေဒ ဆေးဝါးပညာရှင်ကြီး စရက၏ ဆေးကျမ်းများက ဆိုထား၏။

ထောပတ်မျိုး ဟူသမျှသည် ရသာယနဖြစ်၍ အိုခြင်း၊ နာခြင်းတို့ကို ပယ်ဖျောက်၍ အသက်ကို ရှည်စေတတ်၏။ ဆိမ့်၏၊ ဆီး၊ ဝမ်း၊ လေ၊ အထက်သို့ တက်သောအနာ၊ ဝက်သက်ရောဂါ၊ သွေးစုနာတို့ကို နိုင်၏။ အရွယ်ကို တင်စေတတ်၏။ နုပျိုစေ၏။

အာယုဗ္ဗေဒ ဆေးကျမ်းများ၌ ဟောင်းသောထောပတ်ကို ဆေးဝါးကုရာတွင် အသုံးပြု၏။ ဆယ်နှစ်နောက်ပိုင်း၌ ဖြစ်သော ထောပတ်ကို ထောပတ်ဟောင်းဟု ဆိုထား၏။ ထိုထောပတ်ဟောင်းကို အဆုတ်ရောဂါ၊ သလိပ်ရောဂါ၊ အစာမကြေခြင်းကြောင့် ဖြစ်သော ရောဂါ၊ ကာလဝမ်းရောဂါ၊ အရက်မူးရောဂါ၊ အဖျား၊ ဝမ်းမီးနုံ့သူတို့ မမှီဝဲသင့်ပေ။ အသက်ကြီးအိုသူနှင့် ကလေးများလည်း မမှီဝဲသင့်ပေ။


ထောပတ်သည် ဆေးပညာတွင် အသုံးများ၏။ တကယ့်ဆေးပညာတွင် အသုံးပြုသော ထောပတ်သည် နို့မှ ထုတ်လုပ်ခြင်းပင် ဖြစ်၏။ သို့သော် နိုင်ငံတကာတွင် ခေတ်ပေါ် စက်မှုလက်မှု ထွန်းကားသော နိုင်ငံအများ အပြားတွင် ဟင်းသီးဟင်းရွက် ထောပတ်များနှင့် သစ်ပင်များမှ ရရှိသော ထောပတ်များကို အစားအစာ ထုတ်လုပ်ရာတွင် ထည့်သွင်းကြ၏။ နို့များမှဖြစ်သော ထောပတ်များလည်း ရှိပေသည်။ အထက်ဖော်ပြပါ ဆေးဖက်ဝင်ပုံများသည် နွားနို့ထောပတ်အကြောင်းပင် ဖြစ်ပေသည်။ နို့ရည် အမျိုးအစားကိုလိုက်၍ အကျိုးအာနိသင်များ ကွဲပြားခြားနား၏။


ဆိတ်နို့မှ ထုတ်လုပ်သော ထောပတ်သည် ဝမ်းဗိုက်(အစာအိမ်)ကို ကောင်းစေသည်။ နှလုံးအားကို
ကောင်းစေသည်။ ချောင်းဆိုးခြင်း(Cough)၊ ချွဲသလိပ်ကပ်ခြင်း(Phleg)၊ မြစ်ခြောက်နာ(Phthisis)တို့ကို သက်စေလေသည်။ ထို့ပြင် မျက်စိရောဂါ(Eye Disease) အတွက် ကောင်းစေသည်ဟု (Dr.S.J Singgh)ပုဂ္ဂိုလ်ကြီးက ထုတ်ဖော်ခဲ့၏။


ဤနို့ထောပတ်သည် ချို၏၊ သွေးအန်၏၊ သွေးကျရောဂါကို ပျောက်ကင်းစေတတ်၏၊ လေကို တားမြစ်စေတတ်၏၊ ခွန်အားကို ပြုတတ်၏၊ အေး၏၊ သုက်ကို ပွားစေ၏၊ ကြေကျက်ခဲ၏၊ နှလုံးကို အကျိုးပြု၏၊ ဝိပါက (စား၍ ဝမ်းတွင် ကြေကျက်သွားသောအခါ) ချို၏။


မြင်းနို့ ထောပတ်သည် ချို၏၊ အနည်းငယ် ဝမ်းမီးကို တောက်စေ၏။ ဖန်၏၊ စပ်ရှားရှားရှိ၏။ အညစ်အကြေးများကို ချုပ်စေ၏။ လေကို အနည်းငယ်ပြုတတ်၏၊ ပူ၏၊ ကြေကျက်ခဲ၏၊ အဆိပ်ကို ပယ်တတ်၏၊ မျက်စိရောဂါကို ပျောက်ကင်းစေတတ်၏၊ သလိပ်ကို ပယ်တတ်၏၊ တွေမေ့မြောခြင်းကို ပယ်တတ်၏။


သိုးနို့ ထောပတ်သည် သည်းခြေကို ဖောက်ပြန်စေတတ်၏၊ အဆိပ်ကို ပယ်တတ်၏၊ အရိုးတို့ကို ပွားစေတတ်၏၊ ကျောက်တည်ရောဂါ၊ သကြားဆီရောဂါ၊ လေရောဂါ၊ တုန်ခြင်း၊ ရောင်တင်းခြင်းတို့ကို
ပျောက်ကင်းစေတတ်၏။


ဆင်နို့ ထောပတ်သည် ဖန်၏၊ ကျင်ကြီးကျင်ငယ်တို့ကို ချုပ်စေတတ်၏၊ သလိပ်ကို ပယ်တတ်၏၊ အဆိပ်နှင့် ပိုးတို့ကို ပယ်တတ်၏၊ နူနာရောဂါတို့ကို ပျောက်ကင်းစေတတ်၏။


ကုလားအုပ်နို့ ထောပတ်သည် ကြေကျက်သောအခါ စပ်၏၊ ဖောရောင်ခြင်းနှင့် ပိုးအဆိပ်တို့ကို ပယ်တတ်၏၊ နူနာ ဂူလုံးရောဂါ ဝမ်းဗိုက်ရောဂါတို့ကို ပျောက်ကင်းစေတတ်၏။


လူနို့ ထောပတ်သည် သလိပ်နာ၊ လေနာ၊ သည်းခြေနာ၊ သွေးနာ၊ မိန်းမတို့အင်္ဂါဇာတ်၌ ဖြစ်သော အနာတို့နှင့် သင့်၏။ နတ်တို့၏ သြဇာကဲ့သို့ အကျိုးပေး၏။


ခွါတခုတည်းရှိသော တိရစ္ဆာန်တို့၏ နို့ရည်မှ ရရှိသော ထောပတ်သည် ကြေကျက်လွယ်၏ ဟူသော သတ္တိရှိ၏။ ဖန်၏၊ သလိပ်ကို ပယ်ဖျောက်တတ်၏၊ ဝမ်းမီးကို တောက်စေတတ်၏၊ ကျင်ငယ်ကို နည်းပါးစေ၏။


တင်ထွန်းကျော်
(သူရဇ္ဇ ၂၀၀၃-ခု စက်တင်ဘာလ) 

No comments: