Thursday, July 21, 2011

သန်စွမ်းစေလို သားသားမီးမီးတို့ကို

ကလေးဘဝ နေမကောင်းခြင်းအပေါ် ခံစားချက်အကြောင်း သိကောင်းစရာ---
ကလေးရောဂါများအကြောင်းနှင့် ပတ်သက်၍ အတော်များများ ရေးသားခဲ့ပြီးနောက် ကလေးဘဝ၌
တွေ့ကြုံရလေ့ရှိသော  အစားအသောက်၊ အအိပ်အနေ ခက်ရတတ်သည့် အကြောင်းများကိုလည်း
ရေးသားခဲ့ဖူးပေပြီ။ ယခုဆက်လက်၍ မကျန်းမမာဖြစ်ရသည့်အခါ တွေ့ကြုံခံစားရနိုင်သည့် ခံစားချက်များအကြောင်းကို တင်ပြလိုပါသည်။


လူကြီးမိဘများကိုယ်တိုင် စိတ်မောပန်းသည့်အခါ စိတ်မရွှင်သည့်အခါနှင့် လူမကျန်းမာသည့်အခါများတွင် ခံစားရသလို ကလေးငယ်များလည်း မကျန်းမာသည့်အခါတွင် ခံစားနိုင်တတ်သည်ကို ကိုယ်ချင်းစာနိုင်ကြ
ပေမည်။ ထို့ကြောင့် နေမကောင်းဖြစ်နေသည့်အချိန်တွင် ကလေးသည် နေကောင်းနေသည့်အချိန်နှင့် မတူဘဲ တမူထားနေသည်ကို တွေ့ရတတ်ပေသည်။ ခါတိုင်းအချိန်များထက်ပို၍ ဂျီ-တိုက်နေတတ်သလို ဘယ်အရာကိုမဆို စိတ်တိုင်းမကျနိုင်ဘဲ ဖွဲ့နွဲ့ငိုယိုနေတတ်ပြန်ပေသည်။ မိခင်ကို သူ့အနီးမှ မခွာစေဘဲ ခွာသည်နှင့် အော်ဟစ်ငိုယိုတတ်သလို အိပ်မပျော် စားမဝင်လည်း ဖြစ်တတ်နေပြန်သည်။
နေပြန်ကောင်းလာသည့်တိုင် ရံဖန်ရံခါတွင် ထိုသို့သော အမူအကျင့်များကို ဆက်၍အတော်ကြာကြာ
ဖြစ်နေတတ်ကြသည်ကိုလည်း တွေ့ကြုံရနိုင်သည်။

အိမ်နေသူတဦးဦး မကျန်းမာလျှင် တအိမ်သားလုံး အနည်းနှင့်အများ စိတ်အနှောင့်အယှက် သို့မဟုတ်-ပုံမှန်အလုပ်အကိုင်များ ပျက်ရတတ်သည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။ ကလေးနေမကောင်းလျှင် ကလေးတဦး တည်းသာမက မိဘများပါ အလုပ်အကိုင်ပျက်၊ စိတ်အနှောင့်အယှက် ဖြစ်စေသည်တို့ ဖြစ်ကြရလေသည်။ စိုးရိမ်ပူပန်စရာ ဖြစ်လေလေ အနှောင့်အယှက် များလေလေ ဖြစ်တတ်သည်။ ထို့ကြောင့် မိဘများအနေနှင့် ကလေးနေမကောင်း ဖြစ်မှာကို စိုးရိမ်တတ်ကြပေလိမ့်မည်။ ထို့ကြောင့်လည်း နောက်တခါ ထပ်မဖြစ်ရလေအောင် စိုးရိမ်မှုလွန်ကဲစွာ ကလေးငယ် အနေအထိုင်၊ အစားအသောက်တို့ကို ထိန်းချုပ်တတ်ကြပေတော့ရာ ပြန်နေကောင်းစပြုသောကလေးနှင့် ပဋိပက္ခဖြစ်ကြရပြန်သည်။

တဖက်မှာလည်း နေမကောင်းစ ဖြစ်နေသည့်ကလေးကို အလုပ်အကိုင်ပျက်မှာစိုး၍ လိုအပ်သည့် ကုသမှုကို သေသေချာချာ မလုပ်ဘဲ ဆေးမြီးတိုနှင့် ရမ်းသမ်း၍ ကုသနေလျှင် ကလေး၏ရောဂါမှာ အပ်နှင့်ထွင်းရမည်ကို ပုဆိန်နှင့်ပေါက်ရ-သည့်ကိန်းမျိုး ဆိုက်သွားနိုင်တတ်ပေသည်။
ဥပမာ-ဆီးလမ်းကြောင်း ရောဂါ စဖြစ်နေသည့်ကလေးကို ဂရုမစိုက်မိဘဲ နောက်ကျမှ ဆရာဝန်နှင့်
ပြမိလျှင်သော်၎င်း၊ ဆရာဝန်နှင့် ပြမိသည့်တိုင် ညွှန်ကြားသည့်အတိုင်း ဆေးကိုကြပ်ကြပ် မတ်မတ် မတိုက်မိလျှင်သော်၎င်း၊ ကလေး၏ ဆီးလမ်းကြောင်းမှ ပိုးတို့ ကျောက်ကပ်သို့ပျံ့သွား၍ ကျောက်ကပ်ရောင်
ရောဂါ ဖြစ်ရသည်အထိ ရောက်သွားနိုင်ပေတော့သည်။

များသောအားဖြင့် မိဘများအနေနဲ့ ကလေး နေမကောင်းသည့်အခါ ခါတိုင်းထက်ပို၍ ကလေးအား ဂရုစိုက်မိသည်မှာ အမှန်ပင်ဖြစ်ပေသည်။ ထို့ကြောင့် ကလေးမှာ ခါတိုင်းဂရုစိုက်မခံရဘဲ ရှိနေရာမှ ဂရုစိုက်ခံနေရ၍ စိတ်ကျေနပ်ကာ အမေကိုပို၍ ကပ်နေတတ်သည်။ မိခင်ကိုယ်၌ကလည်း သူပြုစုသည်ကို ကျေကျေနပ်နပ် ခံယူနေသောကလေးအား စိတ်တိုင်းကျ ပြုစုနေရ၍  ကျေနပ်နေတတ်
ပေသည်။ ထိုသို့ပြုစုရာတွင် မိခင်အား ဝိုင်း၍ ကူညီပေးနိုင်ဖို့ အိမ်သားတဦးဦးတော့ ရှိသင့်ပေသည်။ ကလေးကို ပြုစုသည်ကတဖက် အိမ်မှုကိစ္စ ဆောင်ရွက်ရသည်ကတဖက် ဆိုလျှင် နှစ်ဖက်လုံးမှာ ပြည့်ပြည့်ဝဝ မထမ်းဆောင်နိုင်ဘဲ လစ်ဟင်းမှုများ ရှိလာနိုင်ပေသည်။ ထိုအခါ စိတ်မောလူမော ဖြစ်ရတတ်ပေသည်။ တဦးဦးက အိမ်မှုကိစ္စများဖြစ်သော ချက်ရေးပြုတ်ရေး လျှော်ရေးဖွပ်ရေးကို တာဝန်ယူပေးနိုင်ပါက မိခင်အနေနဲ့ ကလေးကို ကိုယ်ဖိရင်ဖိ ပြုစုနိုင်သဖြင့် စိတ်ကျေနပ်မှုရသည့်အပြင် စိတ်ပင်ပန်းမှုလည်း သက်သာပေနိုင်သည်။


တက်-တတ်သည့်ကလေးမျိုးနှင့် ရင်ကြပ်ပန်းနာသည်ကလေးမျိုးတို့ဆိုလျှင် အသက်အန္တရာယ် စိုးရိမ်စရာ-ဟု မိဘများအနေနဲ့ အကြမ်းပြင်းနားလည်မိ၍ ရောဂါပြင်းထန်တိုင်း အသက်ပါ ပါလေမလားဟု အထူးစိုးရိမ်
ကြောင့်ကြ ပူပန်တတ်ကြပေတော့မည်။ ထို့ကြောင့် ဆေးရုံသို့တက်နေရသည့် အခါများတွင် ဆရာဝန် ဆရာမများအား ခဏခဏ ကလေး၏အခြေအနေကို ကြည့်စေချင်ကြပေလိမ့်မည်။ ထိုအချိန်မျိုးတွင် တာဝန်ကျဆရာဝန်၊ ဆရာမများအနေနဲ့ မိဘတို့၏ စိုးရိမ်မှုကို နားလည်ပေးစေချင်သည်။ တတ်နိုင်သလောက် စိတ်အေးရစေရန် မိဘများအား ရောဂါ၏သဘောသဘာဝကို ရှင်းပြပေးရင်းနှင့် ဖြေသိမ့်သင့်ကြသည်။

စိုးရိမ်တတ်သော မိဘများအနေနဲ့ သူတို့၏ ကလေး ခံစားနေရသည့် အခြေအနေမှ ပကတိအကောင်းမှ
ပြန်ဖြစ်ပါ့မလားဆိုသည့်  ပူပန်မှုသည် အမြဲစိုးရိမ်နေတတ်ပေသည်။ ဦးခေါင်းနှင့်ပတ်သက်သည့် ရောဂါ တမျိုးမျိုး သို့မဟုတ်-ထိခိုက်မှုမျိုးတို့ဖြစ်ခဲ့လျှင် ဦးနှောက်ထိခိုက်မှုများဖြစ်သွား၍ ဉာဏ်ပါ ထိုင်းသွားလေ မလားဟု စိုးရိမ်တတ်ကြသလို နှလုံးရောဂါဖြစ်နေသည့် ကလေးမျိုးဆိုလျှင်လည်း အချိန်မရွေး နှလုံးခုန် ရပ်သွားလေမလားဟု စိုးရိမ်တတ်ကြပြန်သည်။ ထို့ကြောင့် ဤကဲ့သို့ မလိုလားအပ်သည့် စိုးရိမ်မှုမျိုး မဖြစ်ရလေအောင် ကလေး၏ ရောဂါအခြေအနေနဲ့ ဖြစ်လာနိုင်သည့်ရောဂါ၏ သဘာဝတို့ကို ရှင်းလင်းပြောပြထားနိုင်က အတိုင်းထက်အလွန် ကောင်းလှပေမည်။

ပြုစုသည့် မိဘအနေနဲ့ မည်သို့မည်ပုံ ပြုစုလျှင် ကလေးပို၍ မြန်မြန်နာလန်ပြန်ထူနိုင်မည်ကို နားလည်သဘောပေါက်လျှင် ကလေးအတွက်ရော လူကြီးအတွက်ပါ ကောင်းပေသည်။ နေမကောင်းနေသည့် ကလေး အရေများများ ပိုသောက်နိုင်လျှင် အစာမစားနိုင်သည့်တိုင် ကောင်းကြောင်း သိစေချင်ပါသည်။ ကလေး မစားချင်သည့်အစာကို မကျွေးသင့်ဘဲ သူစားချင်သည့် အစားအစာကို ဆရာဝန် ဆရာမများအား
မေးမြန်း၍ ကျွေးသင့်ကြောင်းကိုလည်း သိစေချင်ပါသည်။ နေကောင်းလာ၍ ထဆော့ချင်သည့်ကလေးကို ခုတင်အပေါ်မှ အတင်းမဆင်းစေ မဆော့စေချင်သည့် မိဘဖြစ်နေလျှင် ကလေးနှင့်ပဋိပက္ခ
ဖြစ်နိုင်လာပါလိမ့်မည်။

အချို့ကလေးတို့သည် နေမကောင်းသည့်အခါ ထမဆော့ စကားမပြောဘဲ မှိန်းနေ အိပ်နေတတ်ကြသလို အချို့ကလေးတို့မှာကား လူကြီး၏ ဂရုစိုက်မှုကို လိုချင်၍ ပို၍ချွဲ့နွဲ့နေတတ်ကြပေသည်။ ကလေးတိုင်းလိုလို အထက်ပါ အပြုအမူမျိုးကို တမျိုးမဟုတ် တမျိုး လုပ်ဆောင်လေ့ရှိကြပေသည်။ မိဘများအနေနဲ့ စကားမပြော ထမဆော့သည့် ကလေးမျိုးကို ပို၍စိုးရိမ်လွန်ကဲတတ်လေ့ရှိကြပေသည်။ ခံစားရသည့်ရောဂါကို ပို၍ပြင်းထန်သည်ဟု ထင်မှတ်လေ့ရှိပြီး ပိုဂရုစိုက် ပိုစိုးရိမ်ကြပေသည်။


မည်သည့်အကြောင်းကြောင့်ပင် မကျန်းမမာ ဖြစ်ရသည်ဖြစ်စေ၊ ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ ထူးခြားမှုများတော့ ဖြစ်လေ့ရှိကြပေသည်။ အဖျားကြီးလွန်းလျှင် စိတ်ကယောင်ချောက်ချားဖြစ်၍ ကယောင်ကတမ်းများ ပြောတတ်ကြသလို အသည်းရောင်အသားဝါဖြစ်လျှင် အစာမစား၊ မဆော့နှင့် နဂိုထက်ငြိမ်သက်သည်ကို တွေ့ရသည်။ နှာစေးချောင်းဆိုးနှင့် တုပ်ကွေးဖျား ဖျားလျှင်ပင် ကလေးသည် ဖျားပြီးခါစ၌ ရွှင်ရွှင်လန်းလန်း မရှိဘဲ ငေးငေးငိုင်ငိုင်နှင့် ဖြစ်နေတတ်ကြပေသည်။ ထိုသို့ ငေးငေးငိုင်ငိုင်ဖြစ်ကြရခြင်းမှာ တခါတရံ၌ လူကြီးမိဘတို့၏ စိုးရိမ်ပူပန်မှု လွန်ကဲသောကြောင့် မဆော့ခိုင်း၊ မစားခိုင်းနှင့် အိပ်ရာထဲတွင်သာ နေခိုင်းမှုတို့ကြောင့်လည်း ဖြစ်နိုင်တတ်ပေသည်။


အချို့ကလေးများသည် နေမကောင်းသည်ကို အကြောင်းပြု၍ ချွဲ့နွဲ့ကာ ခါတိုင်းပုံမှန် လုပ်ဆောင်နေကျ ကိုယ်တိုင်စားသောက် ဆော့ကစားခြင်းမျိုးကိုပင် မလုပ်တော့ဘဲ လူကြီးများကိုသာ လုပ်ခိုင်းစေပြီး
ရေသာခိုနေတတ်ကြပြန်သည်။ ထိုသို့သောကလေးမျိုးသည် နေပြန်ကောင်းသည့်တိုင် နဂိုပုံမှန်သို့
ပြန်မရောက်တော့ဘဲ လူကြီးကိုသာ အားကိုးလိုသည့်စိတ်မျိုး ဖြစ်သွားတတ်ကြသည်ကို တွေ့ရပေသည်။
ကျောင်းနေသည့်အရွယ်များဖြစ်ပါက ကျောင်းပြန်တက်ဖို့ရန် စိတ်မရှိတော့ဘဲ ကျောင်းမတက်ရအောင် မူရာမာယာများနေတတ်ကြသည်ကို တွေ့ရသည်။ 
(ဆက်လက်ဖော်ပြပါဦးမည်)


ဒေါက်တာခင်မျိုးဟန်
(လုံမလေး ၂၀၀၆-နိုဝင်ဘာ)

No comments: