Saturday, July 23, 2011

နားအူပြီး လေထွက်သောအခါ

ဒေါ်မြသွေးမှာ အသက် ၆၃-နှစ်ရှိပြီ ဖြစ်၏။ အိမ်၏စီးပွားရေးကို သူကိုယ်တိုင် စီမံကွပ်ကဲ၍ ရှာဖွေနေဆဲ ဖြစ်သည်။ သူ့အမျိုးသား ဆုံးသွားသည်မှာ ၂-လခန့်ပဲ ရှိသေးသည်။
ဒေါ်မြသွေးသည် မြို့မဈေးကြီးအနီး၌ ကုန်မျိုးစုံ စတိုးဆိုင်ကြီးတဆိုင် ဖွင့်ထားသည်။ အရောင်းဈေးသည်များ ခန့်ထားသည်။

 ဒေါ်မြသွေး သား ၄-ဦးရှိသော်လည်း ကိုယ်ပိုင်စီးပွားရေးများနှင့် ကိုယ့်အိုးကိုယ့်အိမ်  အိမ်ထောင်အသီးသီးနှင့် စီးပွားရေးကောင်းကြသည်။ ဒေါ်မြသွေးကတော့ မွေးစားသမီးကလေးနှင့် အတူနေသည်။


တနေ့တွင် ဒေါ်မြသွေး ရေချိုးရာမှ နားထဲရေဝင်ပြီး နားအူ လေထွက်သော ဝေဒနာကို ခံစားနေရ၏။ သုံးရက်မြောက်တွင် ရောဂါ မသက်သာ၍ အငယ်ဆုံးသားက ဒေါ်မြသွေးကို ပုဂ္ဂလိကဆေးရုံတခုသို့ ကားနှင့်လိုက်ပို့သည်။ အချိန်က ညနေ ၆-နာရီခန့်ရှိပြီ၊ ည ၇-နာရီအထိ နားဆရာဝန် ရောက်မလာ၍
ဒေါ်မြသွေးတို့သားအမိ လက်လျှော့ကာ ဆေးရုံတွင်းမှအထွက် အသိတယောက်နှင့် တွေ့သည်။ ထိုသူမှာ ဒေါ်မြသွေး၏ ကုန်မျိုးစုံ စတိုင်းဆိုင်နှင့် မျက်စောင်းထိုး အထည်ဆိုင်မှ မောင်ကျော်ဝေ-ဆိုသူ ဖြစ်၏။


မောင်ကျော်ဝေ-က
အန်တီ ဘာဖြစ်လို့လဲ-ဟု နှုတ်ဆက်သည်။
ရေချိုးရင်း နားထဲရေဝင်ပြီး နားအူလေထွက်နေလို့၊ သုံးရက်ရှိပြီ မသက်သာလို့ နားဆရာဝန် လာပြတာ။ ဒီနေ့ ဆရာဝန်ကြီး တခြားအလုပ်တခုရှိလို့ ဆေးရုံမလာတော့ မပြဖြစ်ဘူး။ အိမ်ပြန်တော့မလို့။
အန်တီကလည်း နားအူပြီး လေထွက်တာများ ထုံးနဲ့ နနွင်းသွေးပြီး နားနောက် လိမ်းလိုက်စမ်းပါ၊ ကျွန်တော်တို့ တအိမ်သားလုံး ဒီဆေးပဲသုံးတာ။ မိရိုးဖလာ ဆေးနည်းပဲ။


ဒေါ်မြသွေး အိမ်ပြန်ရောက်သောအခါ ထုံးနှင့် နနွင်း ချက်ချင်းရှာပြီး မောင်ကျော်ဝေ ပြောသလို လေထွက်၍ အူနေသော နားနောက်တွင် လိမ်းကာ အိပ်ရာဝင်ခဲ့၏။


နောက်တနေ့တွင် ဒေါ်မြသွေး ခံးစားရသော နားရောဂါမှာ သက်သာသွား၏၊ သုံးရက်ဆက်၍ လိမ်းလိုက်သောအခါ နားအူ၍ လေထွက်သော ရောဂါမှာ သက်သာပျောက်ကင်းသွားကြောင်း ကျွန်ုပ်အား ပြောပြပါသည်။


မကွေးလှမြင့်
(သူရဇ္ဇ ၂၀၀၉-ခု ဇူလိုင်လ)

No comments: