Monday, July 25, 2011

အမတ်ကြီး ဦးပေါ်ဦး-၏ ယမမင်းထံ အစစ်ခံ သံပေါက်

ဦးပေါ်ဦးကို ရွှေဘိုမြို့နယ်၌ မြန်မာနှစ် ၁၁၂၁-ခုနှစ်တွင် မွေးဖွားသည်။ ဘိုးတော်ဗဒုံမင်း အိမ်ရှေ့မင်းဖြစ်စဉ်က အိမ်တော်ပါ ငယ်ကျွန်ရင်းလည်း ဖြစ်၏။ ရှင်ဘုရင်နှင့် မိဖုရား လှေပြိုင်ပွဲ အရှုံးအနိုင်၊ ဧရာဝတီမြစ် ခုန်ကူးမည့် မင်းကွန်းက ခြင်္သေ့ကြီး၊ ဘုန်းတော်ကြောင့် ရေတိုးတာ မဟုတ်ဘဲ ရေရောင်တာပါဘုရား-စသည်ဖြင့် ဟာသ ဇဝနဉာဏ် ရွှင်ရွှင်ဖြင့် လျှောက်တင်ဖြေရှင်းနိုင်ခဲ့သူလည်း ဖြစ်ပါသည်။
ကုန်းဘောင်ခေတ် ဘိုးတော်၊ ဘကြီးတော်၊ သာယာဝတီမင်း သုံးဆက်တိုင်တိုင် ပညာရှိအမတ်ကြီးအဖြစ် ခစားထမ်းရွက်ခဲ့ပြီး မြန်မာနှစ် ၁၂၀၀-ပြည့်နှစ် အသက် ၈၀-နီးနီး အရွယ်ရောက်မှ ကွယ်လွန်ခဲ့သည်။ ဦးပေါ်ဦး ကွယ်လွန်ချိန် ဈာပနအခမ်းအနားတွင် သူ၏ကြိုတင်မှာကြားချက်အရ အလောင်းထည့်ရာမှာ လက်တဖက်ကို ခေါင်းပြင်ဘက်သို့ ထုတ်ထားခဲ့သည်။ အသက်ထင်ရှားရှိစဉ်က ပိုင်ဆိုင်ခဲ့သော စည်းစိမ်ဥစ္စာ ဂုဏ်ဒြပ် ဟူသမျှ သေရာသို့ ယူမသွားနိုင်၊ လက်ဗလာဖြင့်သာ သွားရကြောင်း လူအများသိစေလိုသော ရည်ရွယ်ချက် ဖြစ်ပါသည်။ ယခုတိုင် ပြောစမှတ်တွင်နေသော ဖြစ်ရပ်ပါ။


ယမမင်းထံ အစစ်ခံ သံပေါက်၏ မြစ်ဖျားခံရာမှာ မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ ပါဠိတော်နှင့် အင်္ဂုတ္တိုရ်ပါဌိတော်များတွင်လာရှိသော ဒေဝဒူတသုတ် ဖြစ်ပါသည်။ ဒေဝဒူတ ဆိုသည်မှာ နတ်တမန်-ဟု အဓိပ္ပါယ်ရ၏။ ကလေးသူငယ်၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသား-ဆိုသော နတ်တမန်သဖွယ် ပုဂ္ဂိုလ်ငါးဦးဖြင့် ယမမင်းကြီးက ငရဲသားအား မေးစိစစ်ပုံများကို ဖော်ပြထားသောသုတ် ဖြစ်ပါသည်။ ကျေးဇူးရှင် နိုင်ငံကျော် ဓမ္မကထိက အဂ္ဂမဟာပဏ္ဍိတ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် နာယကချုပ်ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ ရေးဖွဲ့သော သံပေါက်လင်္ကာများကို ရှုပါ။

၁။ ရပ်ကြိုရပ်ကြား၊ လှည့်ပတ်သွား၊ ငါးပါးတမန်တော်၊
မြင်သူနည်းပါး၊ မမြင်များ၊ ထူးခြားလှပါသော်၊
မမြင်လေလား၊ မြင်လေလား၊ စဉ်းစားကြပါနော်။


၂။ ဟစ်အော်ဆုံးမ၊ တရားပြ၊ ငါးဝတမန်တော်၊
ကြားသူနည်းပါး၊ မကြားများ၊ ထူးခြားလှပါသော်၊
မကြားလေလား၊ ကြားလေလား၊ စဉ်းစားကြပါနော်။


၃။ ကလေးလေးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ကျွန်ုပ်လိုပဲ၊ သင်တို့လည်း၊ ဖြစ်မြဲဓမ္မတာ၊
မဖြစ်ခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
ဇာတိလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။ 

၎။ သူအိုကြီးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ငါအိုသလိုပဲ၊ သင်တို့လည်း၊ အိုမြဲဓမ္မတာ၊
မအိုခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
အအိုလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။ 


၅။ သူနာကြီးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ငါနာသလိုပဲ၊ သင်တို့လည်း၊ နာမြဲဓမ္မတာ၊
မနာခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
အနာလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။

၆။ သူသေကြီးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ငါသေသလိုပဲ၊ သင်တို့လည်း၊ သေမြဲဓမ္မတာ၊
မသေခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
အသေလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။ 


၇။ အကျဉ်းသမားက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ကျွန်ုပ်လိုပဲ၊ သင်တို့လည်း၊ ဖြစ်မြဲဓမ္မတာ၊
မဖြစ်ခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
နှောင်ဖွဲ့လွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။ 


ယမမင်းကြီးက ငရဲပြည်ရောက်လာသူများကို မေးစိစစ်ရသည်ဆိုသော်လည်း သူကိုယ်တိုင်ကမူ အပါယ်ဘုံသား မဟုတ်ပါ။ စတုမဟာရာဇ်နတ်ဘုံ၌ ပါဝင်သော ဝေမာနိကပြိတ္တာမျိုး ဖြစ်ပါသည်။
ဝေမာနိကပြိတ္တာတို့၏ အရှင်ဘုရင်ဖြစ်၍ နတ်နန်းဗိမာန်၊ နတ်သမီးအခြံအရံ၊ ဥယျာဉ်ပဒေသာပင်  စသည်ဖြင့် နတ်စည်းစိမ်ခံစားရသူပါ။


ကုသိုလ် အကုသိုလ် နှစ်မျိုးရောစပ်ပြုခဲ့သော ကံကြောင့် နတ်ပြိတ္တာ ဖြစ်ရသည်။ တခါတရံမှာ အကုသိုလ်အကျိုးကိုလည်း ခံစားရ၏၊ ယမမင်းက တယောက်တည်းရှိတာ မဟုတ်ပါ၊ ငရဲကြီးရှစ်ထပ်၏ တံခါးဝတိုင်းမှာ ရှိပါသည်၊ ငရဲတထပ်  တံခါးလေးခုဖြစ်၍ ယမမင်းပေါင်း ၃၂-ယောက်ပင် ရှိ၏။


သူက နတ်ပြိတ္တာမျိုးဖြစ်၍ တရားနာ တရားအားထုတ်ခွင့်ရပြီး ကျွတ်တန်းဝင်ခွင့် ရှိပါသည်။ တရားထူးရလျှင် အကုသိုလ်ကံအကျိုးပေး မခံစားရတော့ဘဲ မင်းကောင်းမင်းမြတ်များ ဖြစ်လာကြပါသည်။ ယမမင်းအကြောင်း အကျယ်တဝင့် သိလိုပါက (မ၊ ဌ၊ ၄-၁၆၄) တွင် ရှုပါ။


ယမမင်းထံ အစစ်ခံ ဆိုပေမယ့် ဘဝတပါးပြောင်းသွားသူတိုင်း အစစ်ခံရခြင်း မဟုတ်ပါ၊ လူ့ဘုံ၊ နတ်ရပ်
ရောက်ထိုက်သော ကုသိုလ်ရှင်များ ဆိုင်ရာသုဂတိဘုံသို့ ရောက်သွားကြသလို အကုသိုလ်ကံကြီးသူ တို့မှာလည်း ထိုက်သင့်ရာ ငရဲသို့ တိုက်ရိုက်ပင် ရောက်သွားကြပါ၏။ အကုသိုလ်ကံ အနည်းငယ်ပြုသူတို့သာ ယမမင်းထံ အစစ်ခံကြရပါသည်။ ယမမင်းက ထိုသူ၏ မေ့လျော့နေသော ကောင်းမှုကုသိုလ်များကို အစဖော်ပေးသဖြင့် ကယ်တင်ရှင်ဟုပင် ဆိုနိုင်ပါသည်။ သံပေါက်လင်္ကာများကို မှတ်သားကြပါဦးစို့။


၁။ အိုကွယ့်ယောက်ျား၊ လူ့ပြည်သား၊ ဘယ်တရားများ ကျင့်ခဲ့တယ်၊?
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။


၂။ ကုသိုလ်ကောင်းမှု၊ တခုခု၊ မပြုခဲ့လားကွယ်၊?
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍နေရှာတယ်။ 


၃။ အမောင်ယောကျာ်း၊ သတိထား၊ စဉ်းစားပါဦးကွယ်၊?
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်၊?
ကျွန်တ်ာတို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။ 

၎။ ပဗ္ဗဇ္ဇိတ၊ ဒုလ္လဘ၊  မရခဲ့လားကွယ်၊?
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မသက်တယ်။ 


၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်၊?
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာ မဝင်တယ်၊
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာရောက်တော့တယ်။


၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်၊
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်၊?
ကျွန်တော့်မယား၊ စားဖို့များ၊ ကြိုးစားလုပ်ခဲ့တယ်။


၇။ အမောင်အမောင်၊ ယောင်တောင်တောင်၊ အမောင်မှားခဲ့တယ်၊
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်၊?
သားကြီးရှင်ဖြစ်၊  ကျွန်တော်စစ်၊ ညှစ်၍လှူခဲ့တယ်။


၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်၊?
သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာလျှောက်တော့မယ်၊
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူမျှော်မိတယ်။
ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော့်စိတ်မှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။


၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်၊?
ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်၊
မျက်နှာနည်းပါး၊ လူမွဲများ၊ မလွှဲသာကျွေး ကျွေးရတယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင် သင်ဖြူး ခင်းပေးတယ်၊
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျိုဗျာမစဲ ခေါ်ခဲ့တယ်၊
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။


၁၀။ မင်းအလှူမှာ၊ ငွေကုန်သာ၊ နှမြောပါဘိကွယ်၊ 
ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်၊?
ပရိက္ခရာ၊ ညံ့လှစွာ၊ အဖိုးချိုတာ ရွေးဝယ်တယ်။


၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်၊?
ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။


၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။
ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်၊?
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာကိုယ်တော်ပင့်လားကွယ်၊?
သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာနာမှ ပင့်ခဲ့တယ်၊
နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်၊
သည်လိုဆရာ၊ ကျွန်တော်မှာ၊ များစွာပင့်ခဲ့တယ်၊
တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော်ပင့်ဦးမယ်၊
ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်၊
ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက်ကွမ်းဆေး စားခဲ့တယ်၊
ငှက်ပျောအုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်၊
ဒီလိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်မှ ပင့်ခဲ့တယ်၊
ကျွန်တော်တို့ရွာ၊ လှူကြတာ၊ ဒီလိုချည်းသာ ပင့်ကြတယ်၊


၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်၊
အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်၊?
သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်၊
သက်သတ်ခိုးမှု၊ ကာမေသု၊ တခုမကျန် ပေါက်ခဲ့တယ်၊
မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။


၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်၊
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်၊
မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်ရာတောင် ရန်ဖြစ်တယ်။


၁၅။ သည်မှတခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်၊
ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်၊?
ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင် လိုက်ဖူးတယ်။


၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်၊?
ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။


၁၇။ မာတာပိတ၊ မိနှင့်ဘ၊ ညွတ်ခယလားကွယ်၊?
မညွတ်ခဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင်ဆဲသေးတယ်။


၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်၊
တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်၊?
စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။


၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူးရှိလားကွယ်၊?
ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။


၂၀။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တခါလားကွယ်၊?
ကျွန်တော်မျိုးမှာ၊ တခါသာ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။


၂၁။ သည်တခါနာ၊ အမောင့်မှာ၊ ကြည်ညိုပါလားကွယ်၊?
တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ပြန်ခဲ့တယ်၊
မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။


၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်၊?
ဆွမ်းမုန့်ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။


၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာလို့ ထင်လားကွယ်၊?
ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။


၂၄။ ခိုသောအခါ၊ မင်းစိတ်မှာ၊ ကြည်ညိုပါလားကွယ်၊?
ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်၊
 စားစရာမြင်၊ မကျွေးလျှင်၊ စိတ်တွင်ပြစ်မှားတယ်၊ 
ဘုန်းကြီးနှယ်ကွာ၊ နှမြောတာ၊ သည်လိုများတောင် ဆိုမိတယ်၊
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။


၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ ရှောင်ရှားရဲ့လားကွယ်၊?
စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းက အနိုင်ဆင်းခဲ့တယ်။


၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်၊?
မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီးသောက်ခါ ပြန်ခဲ့တယ်၊
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။


၂၇။ အမောင်ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်၊
ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်၊
ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်၊?
ဘုန်းကြီးများထံ၊ သီလခံ၊ ကျွက်ဆူညံအောင် ပြောခဲ့တယ်။


၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်၊?
တရားကြောင်းရာ၊ မဟုတ်ပါ၊ ရောက်မိရောက်ရာ ပြောပါတယ်၊
လယ်ယာ-ကျွဲ-နွား၊ ပြောင်း-စပါး၊ သားမယားကြောင်း ပြောခဲ့တယ်၊
စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်၊
စကားမဆုံး၊ တနေ့လုံး၊ အုန်းအုန်းကျွတ်ကျွတ် ညံခဲ့တယ်၊
ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။


၂၉။ သီလပျောက်ကျား၊ စောင့်လေငြား၊ မိုးကားကွက်ကြား ရွာတတ်တယ်၊
မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်၊
မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်၊
မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်၊
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်၊?
ကမ္မဋ္ဌာန်းဘာဝနာ၊ အလုပ်မှာ၊ လွန်စွာ နည်းခဲ့တယ်။

၃၀။  တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်၊?
တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။


၃၁။ မေးသောအခါ၊ အကြောင်းရာ၊ ဘာဝနာလားကွယ်၊?
ပရိသတ်ဘောင်၊ လူလယ်ကောင်၊ အထင်ကြီးအောင် မေးခဲ့တယ်၊
မဖြေနိုင်က၊ အရှက်ရ၊ နာမည်လှလှ ပျက်ခဲ့တယ်၊ 
တခါတခါ၊ ကျုပ်တို့ရွာ၊ စာစကားသာ ပြောကြတယ်၊
သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက်၊ ရောက်မိရောက်ရာ ငြင်းကြတယ်၊
ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။


၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်၊?
ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်၊
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနဲ့ ရန်ဖြစ်တယ်၊


၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်၊
အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမှ မရှိတယ်၊
တခုကိုမှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်၊
အမောင်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်၊
မကယ်ဖြစ်တာ၊ မင်းတခါ၊ ကြမ္မာမှောက်တော့မယ်၊
အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်၊
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်၊
သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်၊
ချသောအခါ၊ သူ့ခမျာ၊ အော်ကာ ခံရတယ်၊
သံပေါက်အလာ၊ နှလုံးမှာ၊ မြဲစွာမှတ်ကြကွယ်။


ယမမင်းမေးလို့မှ ပြောစရာ ကောင်းမှု တခုမရှိ၊ ဒါန၊ သီလ၊ ဘာဝနာ ကင်းကွာ ဝမ်းစာရှာဖွေမှုဖြင့် အချိန်ကုန်ခဲ့ရပုံ၊ တသက်မှတခါ သားကြီးရှင်ဖြစ် အလှူပွဲမှာပင် ပကာသန ရှေ့တန်းတင်၍ လှူရကျိုးမနပ်ခဲ့ပုံ၊ အကျင့်ပျက်ပြား၊ မိဘနှစ်ပါး မရိုသေ၊ အသိတရား ပေးမည့် တရားဒေသနာပွဲကြုံလို့မှ မနာယူမိပုံ၊ ရှားရှားပါးပါး အခါကြီးရက်ကြီး ကျောင်းကန်ဘုရားရောက်ခိုက်ကလေးမှာပင် စားသောက်ငြင်းခုံ အချိန်ကုန်ခဲ့ပုံ စသော ပုထုဇဉ်လူသားတို့ ချို့ယွင်းချက် အဖုံဖုံကို အတိအလင်း ဖော်ထုတ်ထားပါ၏။


တဖက်မှကြည့်လျှင် ရှေးဘိုးဘွားများခေတ်က သိုက်မြိုက်စည်ကားစွာ ဘုရားသွားကျောင်းတက် ကုသိုလ်ဆက်ခဲ့ကြပုံ၊ ဥပုသ်သီတင်း စောင့်သုံးသူ များပြားခဲ့ပုံ၊ တရားစကား ပြောဆိုဆွေးနွေးကြပုံ စသည့် မြင်ကွင်းများကို ထင်ယောင်လာစေနိုင်သော သံပေါက်လင်္ကာများလည်း ဖြစ်နေပြန်ပါသည်။


ကျေးဇူးတော်ရှင် ဘာသာဋီကာ ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးက အနာဂတ်သာသနာရေး ကျမ်းမှာ “သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍လှူခဲ့တယ်”စသည့် လင်္ကာပိုဒ်များ ကိုးကားလျက် ငွေကုန်လူပန်း အကျိုးမဲ့ ပကာသနအလှူများ ရပ်တန်းက ရပ်ကြဖို့ ဆုံးမတော်မူခဲ့ပါသည်။ ဓမ္မကထိက အကျော်အမော် ဆရာတော်ကြီးများ၏ တရားပွဲနှင့် ကြုံကြိုက်သော်မှ “တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ပြန်ခဲ့တယ်”ဟု ဆိုရလောက်အောင်ပင် ကျွန်တော်တို့ဘက်က ချို့ယွင်းချက်တွေ တလှေကြီးနဲ့ပါလား။

ကုသိုလ်ရဖို့လုပ်လျှင် ကုသိုလ်ဖြစ်ဖို့ အရေးကြီးပါသည်၊ ချွေးဒီးဒီးကျ အားစိုက်ရှာဖွေခဲ့ရသော ဥစ္စာဓနကို  စွန့်လွှတ်လှူဒါန်း ပေးကမ်းခြင်းသည်၊ တသက်တာ ဝမ်းမြောက်ကြည်နူး ကုသိုလ်ပွားဖွယ် ဖြစ်သင့်ပါ၏။ ပကာသနကိစ္စများဖြင့် မိမိအလှူဒါနကို မလျော့ပါးစေသင့်ပါ။ ဘုရားဖူးလျှင် ဘုရားဂုဏ်တော်ပွားများ ဆင်ခြင်မိစေဖို့၊ အနန္တဂိုဏ်းဝင် မိဘနှစ်ပါးကို ရိုသေလုပ်ကျွေးဖို့၊  ဥပုသ်စောင့်တာ ထမင်းဆာ အဖတ်မတင်စေဘဲ ပုတီးစိပ် ဘာဝနာတရားဖြင့် အကျိုးများခဲ့ဖို့ လိုပါသည်။


လိုရင်းကိုသိမှ လိုရာကို ရပါမည်။ လိုရင်းမရောက်ဘဲ အလွဲလွဲအချော်ချော် လုပ်နေတတ်ကြပုံများကို “ယမမင်းထံ အစစ်ခံ သံပေါက်”က အထင်အရှား ပြသခဲ့ပါ၏။ ယင်းသံပေါက်လင်္ကာများကို အကျင့်စာရိတ္တ ပြုပြင်ရေး စာပေအဖြစ် ဘိုးဘွားမိဘများ စွဲမက် နှစ်ခြိုက်ခဲ့ကြသည်။ ကျွန်တော်တို့ အတွက်လည်း အံဝင်ခွင်ကျ ရှိနေဆဲ။ နောင်နှစ်ပေါင်းများစွာလည်း အသိအမြင် အလင်းရောင်ပေးနေဦးမည်သာ။


မင်းစော (တောင်သမန်)
(သူရဇ္ဇ ၂၀၁၀-ဇန်နဝါရီလ)

No comments: