Thursday, July 21, 2011

မြန်မာ ထမင်းဝိုင်း

ထမင်းဝိုင်းကို ပြင်ဆင်ရသော အိမ်ရှင်မ၏ ကျန်းမာရေးပညာ ပြည့်ဝမှုပေါ်တွင် အခြေတည်၍ မိမိ၏ မိသားစု ငယ်ရွယ်သူရော အသက်အရွယ်ကြီးသူတို့ပါ အာဟာရပြည့်ဝစွာဖြင့် ထိုက်သင့်သော သက်တမ်းအထိ
နေသွားနိုင်ကြမည်ဖြစ်ကြောင်း တင်ပြပြီးခဲ့ပေပြီ။

ဥပမာအားဖြင့် အိမ်မိသားစုတွင် တဦးတယောက် ဆီးချိုရောဂါရှင် ပါ,ပါက ဆီးချိုရောဂါအတွက် အစားအသောက်ကို တမျိုးစီရင်ရပေတော့မည်။ ဆီးချိုရောဂါရှင်တိုင်း အစားအသောက်ကို ဂရုစိုက်ရပါမည်။ ဆီးချိုရောဂါရှင်တဦးအနေဖြင့် အချိုများ၊ သကြား၊ ထန်းလျက်၊ ကြံသကာ၊ သကြားလုံး စသည်များ ရှောင်ရမည့်အပြင် သကြားဖြစ်စေသော အာဟာရကုန်ကြမ်းများပါ အတတ်နိုင်ဆုံး လျှော့စားစေရပါမည်။ သကြားအစား ဆက်ခရင်း (Saecharin)ဆေးသကြားကို အသုံးပြုနိုင်ပါသည်။

ဆန်နှင့်ဂျုံမှ ပြုလုပ်သော အစားအစာများ(ထမင်း၊ မုန့်ဟင်းခါး၊ မုန့်တီ၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ ဘီစကွတ်၊ ပလာတာ၊ စသည်ဖြင့်)
မြေမှထွက်သောဥများ (အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ မျောက်ဥ စသည်ဖြင့်)
မှည့်၍ချိုသော အသီးများ (သကြားသီး၊ ရွှေဖရုံသီး စသည်ဖြင့်) တို့ကို ရောဂါအနုအရင့်ပေါ်မူတည်၍ ချင့်ချိန်ပြီး လျှော့စားရပါမည်။
ပဲအမျိုးမျိုးမှ ကုလားပဲ၊ ပဲနီလေး၊ ပဲစင်းငုံ၊ စားတော်ပဲ၊ မတ်ပဲ၊ ပဲပုပ်ပဲ စသည်တို့ကို တော်သင့်ရုံ စားနိုင်ပါသည်။

အထူးသတိပြုရန်မှာ ဆီးချိုရောဂါရှင်သည် နေ့စဉ်အစားအစာများကို အချိန်မှန်မှန် စားသုံးသင့်ပေသည်။ သို့မှသာ သွေးထဲတွင် သကြားဓာတ်ပါဝင်နှုန်း မတိုးလွန်း မလျော့လွန်း ရှိနေရမည်။
အစား ချက်ပြုတ် ပြင်ဆင်ပေးရာတွင် ပြုတ်ခြင်း၊ ပြုတ်ကြော်ခြင်း၊ ကင်ခြင်း၊ ဖုတ်ခြင်းများဖြင့် ချက်ပြုတ် ပြင်ဆင်ရမည်။ ကြော်ခြင်း၊ ဆီပြန်ချက်ခြင်းကို တတ်နိုင်သမျှ ရှောင်သင့်ပေသည်။

ခင် (တိုင်းရင်းမေ)
(လုံမလေး ၂၀၀၆-ခု နိုဝင်ဘာလ)

No comments: