Tuesday, July 26, 2011

နမော တဿ ဘုရားရှိခိုး

ဤ နမော တဿ-သည် ဘာရဒွါဇ ပုဏ္ဏားကြီး၏ ဇနီး ဓနဉ္စာနီမည်သော သောတာပန်ပုဏ္ဏေးမသည် မိမိခင်ပွန်းအတွက် ထမင်းလာပေးစဉ် ချော်လဲ၍ ဘုရားကို သတိရကာ သုံးကြိမ် ကျူးရင့်ခဲ့သော ဥဒါန်းအဖြစ် သဂါထာဝဂ္ဂ ဗြာဟ္မဏသံယုတ် အရဟန္တဝဂ် စာမျက်နှာ ၁၆၂-၌ လာရှိခဲ့သည်။
         ဗြဟ္မာယုမည်သော ဗြာဟ္မဏပါမောက္ခ ဆရာကြီးသည် တပည့် ဥတ္တရလုလင်ထံမှ ဗုဒ္ဓရှင်တော်မြတ်၏ ဂုဏ်ကျေးဇူးများကို ကြားသိရသောအခါ လွန်စွာကြည်ညိုလှ၍ ဘုရားမြတ်ရှိရာသို့ ရှေ့ရှု လက်အုပ်ချီလျက် နမော တဿ-ဖြင့်ပင် ဥဒါန်းကျူးခဲ့ကြောင်း မဇ္ဈိမပဏ္ဏာသ ဗြာဟ္မဏဝဂ် ဗြဟ္မာယုသုတ်၌
တွေ့ရပြန်သည်။
    ထို့ပြင် ဒီဃနိကာယ် မဟာဝဂ္ဂ သက္ကပဥှသုတ်၌ သကြားမင်း၏ ဥဒါန်းအဖြစ်၎င်း, ဒုကင်္ဂုတ္တရ သမစိတ္တဝဂ်၌ အာရာမဒဏ္ဍပုဏ္ဏား၏ ဥဒါန်းအဖြစ်၎င်း လာရှိပြန်သည်။
          ဓမ္မပဒ သာရိပုတ္တတ္ထေရဝတ္ထု အသာရေ သာဂမတိနော-စသော ဂါထာအဖွင့်၌ မဟိန္ဒမင်းကြီးသည် မိမိသားတော်များဖြစ်ကြသော ဖုဿဘုရားနှင့် ပဌမအဂ္ဂသာဝက, ပုရောဟိတ်သားဖြစ်သော ဒုတိယအဂ္ဂသာဝက သုံးပါးတို့ကို ကြည့်ကာ အားရဝမ်းမြောက်လှ၍ နမော တဿ-ဖြင့်ပင် ဥဒါန်းကျူးခဲ့ကြောင်း မိန့်ဆိုခဲ့ပေသည်။

ဥဒါန်း---
ဥဒါနံ ဥဒါနေသိ-ဥဒါန်းကျူးသည်-ဟူသော စကားနှင့် အမြဲယှဉ်တွဲလျက် တွေ့ရသော ဤ နမော တဿ-ကို ပေါရာဏ ပဏာမ ဥဒါန-ရှေးဟောင်း ဘုရားရှိခိုး ဥဒါန်း-ဟု ဆိုသင့်၏။
ဥဒါန်းဟူသည်မှာ ပီတိအဟုန်သည် ဖြစ်စေအပ်သော စကားပင်ဖြစ်၏။
ချင်ခွက်မဆံ့၍ လျှံဖိတ်စီးယိုသောဆီကဲ့သို့၎င်း, ရေကန်မဆံ့၍ လျှံတက်စီးဆင်းလာသော
ရေအယဉ်ကဲ့သို့၎င်း, ပီတိအရှိန်ကြောင့်ဖြစ်သော အတွင်းစိတ်အကြံသည် အတွင်းနှလုံးထဲ မဆံ့ဘဲ လျှံတက်ကာ ဝစီဒွါရဖြင့် စကားအဖြစ် အပြင်သို့ ထွက်ပေါ်လာရသော အသံစကားအထူးကို ဥဒါန်းဟု ဆိုရသည်။ ထို့ကြောင့် ဘုရားရှင်ဂုဏ်တော်ကို ကြည်ညိုခြင်းကြောင့်ဖြစ်သော ပီတိအဟုန် ပြင်းထန်စွာ
ဖြစ်လာသူတို့ ရွတ်ဆိုအပ်သော ဤ“နမော တဿ”မှာ ဥဒါန (ဥဒါန်း) အမည်ရခဲ့ခြင်း ဖြစ်သည်။

အဆိုတမျိုး-
သာတာဂီရိနတ်သည် “နမော”ဟုဆို၍၄င်း,
အသုရိန်နတ်မင်းသည် ”တဿ“ဟုဆို၍၄င်း,
စတုမဟာရာဇ်နတ်မင်းသည် “ဘဂဝတော”ဟုဆို၍၄င်း,
သကြားမင်းသည် “အရဟတော”ဟုဆို၍၄င်း,
ဗြဟ္မာမင်းသည် “သမ္မာသမ္ဗုဒ္ဓဿ”ဟုဆို၍၄င်း,
အသီးသီး ရှိခိုးကြသည်တို့ကို စုပေါင်း၍ နမော တဿ ဖြစ်လာရပုံကို ကျမ်းနက်ခေါ် သဒ္ဒါငယ်ကျမ်း၌ -
သာတာဂီရိ နမော ယက္ခော၊ တဿ စ အသုရိန္ဒကော။
ဘဂဝတော မဟာရာဇာ၊ သက္ကော အရဟတော တဿ။
သမ္မာသမ္ဗုဒ္ဓဿ ဗြဟ္မာ၊ ဧတေ ပဉ္စ နမဿန္တိ-ဟု ဆို၏။

ကစ္စာယန ဘေဒဋီကာသစ်၌လည်း “တထာဟိ သာတာဂီရိယက္ခော နမော နမောတိ ဝန္ဒနံ ကရောတိ”စသည်ဖြင့် နတ်ငါးဦး ရှိခိုးကြောင်းပင်ဆို၏။ လက်ဝဲနော်ရထာဆို ယိုးဒယားနိုင် မော်ကွန်း 
တွင်လည်း တပုဒ်စီ ရှိခိုးကြောင်း အဆိုရှိခဲ့၏။

နတ်ဗြဟ္မာငါးဦး တပုဒ်စီ ရှိခိုးခဲ့ကြောင်း သံဂါယနာဝင်ကျမ်းဂန်များ၌ အဆိုမရှိသောကြောင့်၎င်း, ပါဠိ အဋ္ဌကထာများအရ ဥဒါနအဖြစ်ဖြင့် တပေါင်းတည်း ကျူးရင့်ခဲ့ကြသည်မှာ အထင်အရှားပင်
ဖြစ်သောကြောင့်၎င်း, ထိုသို့ နတ်ဗြဟ္မာငါးဦး တပုဒ်စီ ရှိခိုးခဲ့သည်ဟူသောအဆိုကို ပိဋကတ်ပညာရှိတို့ အတည်ပြု လက်ခံခြင်း မရှိခဲ့ကြပေ။

(သပြေကန် ပရိတ်ကြီး နိဿယသစ် စာမျက်နှာ ၁၇)

No comments: