Tuesday, July 19, 2011

သပိတ်အိုင် ဆရာတော်ဘုရားကြီး ဦးကိတ္တိ-၏ အံ့ဖွယ်ထူးခြား ဖြစ်ရပ်များ

သထုံခရိုင် ပေါင်မြို့နယ် ကျုံကကျေးရွာမှ မြောက်ဘက်သို့ မျှော်ကြည့်လျှင် တောင်စွယ်တောင်တန်းကြီးနှစ်ခု တန်းဆင်းလာသည်ကို တွေပရမည်။ ဤတောင်တန်း တောင်စွယ် နှစ်ခုသည် ကျုံကကျေးရွာနှင့် နှစ်မိုင်ခန့် အကွာတွင် ပေါင်းဆုံမိကြသည်။ ထိုနေရာတွင် အဆင့်သုံးဆင့်ရှိသော ရေတံခွန်ကြီးကလည်း သာယာလှပစွာ ဖြစ်ပေါ်နေသည်။ ရေတံခွန် အလယ်ဆင့်သည် သပိတ်သဏ္ဍာန် အိုင်ကြီးဖြစ်ပေးနေသည်။ ထိုအိုင်ကို အစွဲပြု၍ သပိတ်အိုင်-ဟု အမည်တွင်ခဲ့သည်။ ဆရာတော် ဦးကိတ္တိသည် သပိတ်အိုင်၌
တောရဆောက်တည်ပြီး တရားကျင့်ကြံခဲ့သည်။ ဆရာတော်သည်သပိတ်အိုင်ဆရာတော်ဟု 
အမည်တွင်လာသည်။ သပိတ်အိုင် ဆရာတော်သည် သီလ သမာဓိ ပညာ စံထားလောက်ရုံမက အံ့ဖွယ်ထူးခြားသော ပုဂ္ဂိုလ်ထူးလည်း ဖြစ်သည်။ သပိတ်အိုင် ဆရာတော်ထံတွင် သီတဂူဆရာတော် အရှင်ဉာဏိဿရနှင့် ဓမ္မဒူတ ဆရာတော် အရှင်ပညာဇောတ-တို့ တပည့်ခံယူ တောရဆောက်တည်ဖူးသည်။


သပိတ်အိုင်ဆရာတော် ဦးကိတ္တိကို အဘဦးလုံး+(ညောင်လေးပင်ဇာတိ)အမိဒေါ်ရွှေနု(ရွှေကျင်ဇာတိ)တို့မှ (၁၂၅၅)ခုနှစ် ကဆုန်လဆန်း ၃-ရက် တနင်္လာနေ့တွင် ဖွားမြင်သည်။ (အချို့မှတ်တမ်းများတွင် ရွှေကျင်အနောက်ဇာတိ-ဟုလည်း ဆိုကြသည်) ငယ်မည်မှာ မောင်ဖိုးသောင်-ဖြစ်၍ သားချင်း ခုနစ်ယောက်အနက် ဒုတိယသား ဖြစ်သည်။ ၁၂၇၈-ခုနှစ် တပေါင်းလဆုတ် ၄-ရက်နေ့ နံနက် ၈-နာရီအချိန်တွင် ရွှေကျင်ဂိုဏ်းဝင် သပြေပင်တောရဆရာတော် ဦးဉေယျ-ကို ဥပဇ္ဈာယ်ပြု၍ သပြေပင်တောရ ခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။


စာပေပရိယတ္တိကို သင်ရိုးပေါက်အောင် သင်ကြားလေ့လာခဲ့ပြီး ၁၂၈၈-ခု ကဆုန်လဆန်း ၁၁-ရက်နေ့တွင် ဘီလူးကျွန်း ရွာလွတ်ရရွာ ဂူကလေးတောရ၌ တဝါဆိုသည်။ ၁၂၈၈-ခု နတ်တော်လဆန်း ၁၃-ရက်နေ့တွင် သပိတ်အိုင်တောရကျောင်းသို့ ရောက်ရှိတော်မူခဲ့သည်။ သပိတ်အိုင်တောရသို့ မကြွရောက်မီညက ဆရာတော်သည် မြေငလျှင်လှုပ်သည့် နိမိတ်ထူးကို ကြုံတွေ့ခဲ့ရသည်။ ဆရာတော် သပိတ်အိုင်တောရ၌ တောရဆောက်တည်ချိန်သည် ထိုနေရာ၌ ကျားဆင်စသော သားရဲများ အထူးပေါများချိန်ဖြစ်သည်။ အထူးသဖြင့် ဆင်ရိုင်းများ လာနေချိန်ဖြစ်သည်။ ဆရာတော် သပိတ်အိုင်ရောက်ပြီး ၁၂၈၈-ခု ပြာသိုလ ည ၈-နာရီအချိန်ခန့်တွင် တောဆင်ရိုင်းတကောင်သည် ကျောင်းခြံအတွင်းသို့ ဝင်လာသည်။ ဆရာတော်က ကျောင်းပေါ်မှ မီးပြ၍ သည်ကိုလာ-ဟုခေါ်လိုက်သည်။ ဆင်ရိုင်းသည် ကျောင်းလှေကားနှင့် လေးတောင်ခန့်အကွာတွင် လာရပ်နေသည်။ (၁၅)မိနစ်ခန့်ကြသောအခါ ဆရာတော်က-
သွားတော့ သွားတော့-ဟု အမိန့်ရှိမှ ဆင်ရိုင်းက ပြန်လှည့်သွားသည်။ ဆရာတော်အား မည်သို့မျှ ရန်မူခြင်း မရှိချေ။

၁၂၉၃-ခု တန်ဆော်ငမုန်းလဆန်း ၁၄-ရက်နေ့တွင် ဆွမ်းခံလမ်း၌ ကျားကြီးတကောင် ပိတ်၍ ရပ်နေသည်။ ဆရာတော်ကို မည်သို့မျှ ရန်မမူဘဲ တောထဲဝင်သွားသည်။  ၁၃၀၂-ခုနှစ် ကဆုန်လဆန်း ၄-ရက်နေ့တွင် ဆရာတော်၏ ဒကာရင်းများဖြစ်ကြသော ကိုထွန်းလင်း၊ ကိုမော်ငပါ၊ ကိုဖာသုံနှင့် ကိုစိန်လန်ဘိုတို့ လေးဦးသည် ဆရာတော်၏ကျောင်းခေါင်းမိုးကို အသစ်မိုးပေးပြီး ကျောင်းအနီးရှိ ချုံများကို ခုတ်ထွင်ရှင်းလင်းကြသည်။ ချုံအောက်ရှိ သစ်တုံးကြီး၏ နံဘေးတွင် ကျားမတကောင် သားပေါက်ထားသည်ကို တွေ့ရ၍ ဆရာတော်အား ခေါ်ပြသည်။ ဆရာောတ်က ကျားသားပေါက်ကလေးကို ပွေ့ယူပြီး မိခင်ကျားမကြီးထံ ပို့ပေးလိုက်သည်။ကျားမကြီးက ဆရာတော်ကို မည်သို့မျှ အန္တရာယ်မပြုဘဲ သားငယ်ကို ကောက်ချီကာ တောထဲသို့ ဝင်သွားသည်။

No comments: