Wednesday, July 20, 2011

မြန်မာတို့ရဲ့ ဆေးမြီးတို

ပြည်ထောင်စု မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့မှ ပြုစုထုတ်ဝေသော မြန်မာအဘိဓာန်စာအုပ် စာမျက်နှာ (၁၁၇)၌
ဆေးမြီးတို=ဆေးမြီးတိုဟူသည် အလွယ်တကူ ဖော်စပ်သုံးစွဲနိုင်သော ဆေး-ဟု အဓိပ္ပါယ် ဖော်ပြထားပါသည်။

မန္တလေးမြို့ တိုင်းရင်းဆေးကျောင်းနှင့်  ဆေးရုံအုပ်ကြီး(အငြိမ်းစား) မိုးနှံဆရာကြီး ဦးဟန်ထွန်းကလည်း
ဆေးနည်း တိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ ရောဂါနှင့် သင့်လျော်သော ရောဂါကို ဧကန် ပျောက်ကင်းစေနိုင်စွမ်းရှိသော ဆေးဝါးဖြစ်ရေးကသာ အဓိကဖြစ်သည်။ ထို့ကြောင့် ရှေးက ဆေးပင်တမျိုးတည်းနှင့် ဆိုင်သော ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်ကြောင်း မြစ်ချင်းပြီး ဆေးဝါးများက သက်သေပြခဲ့ကြသည်။ မြစ်ချင်းပြီး ဆေးဝါး ဆိုသည်မှာ ဆေးမြစ်တမြစ်တည်းနှင့် ရောဂါကို အမြစ်ပြတ် ပျောက်ကင်းစေနိုင်သော ဆေးမျိုးဖြစ်သည်။ ယခု သိပ္ပံဆေးဝါးများ ထွန်းကားသော မျက်မှောက်ခေတ်၌လည်း ထိုမြစ်ချင်းပြီး ဆေးတို့၏ စွမ်းအင်ကို သတိမမူ လျစ်လျူရှုထား၍ မဖြစ်နိုင်ပေ-ဟု ဆရာကြီး၏ လက်တွေ့အသုံးချ မြန်မာ့ဆေးနည်းတိုများ စာအုပ်၌ နိဒါန်းရေးထားသည်ကို မှတ်ရဖူးပါသည်။


ဤစာရေးသူသည် ရှေးကမြန်မာကြီးများ ထားရစ်ခဲ့သော ဆေးမြီးတိုနှင့် ဆေးနည်းတိုများကို အသက် ၂၀-ကျော်အရွယ်မှစ၍ စုဆောင်း မှတ်သားခဲ့ပါသည်။ ဤသို့ဖြစ်လျှင် ဤသို့လုပ် မြစ်ချင်းပြီး ဆေးများ၏ အာနိသင်ကို ရောက်ရာအရပ် ကြုံရဆုံရသော မိတ်ဆွေများနှင့် အထောက်အထားခိုင်မာစွာ တွေ့ရသော
ဆေးမြီးတိုများကို ကျွန်တော်က ပေးခဲ့ရသည်  ရှိသလို ရယူခဲ့သည်လည်း ရှိပါ၏။


ရယူခဲ့သော ဆေးမြီးတို တခု---
မျက်ခွံပေါ် အနာပေါက်ခဲ့သော် ဆီးရွက်ကို ရိုးတံပါအောင် ယူပြီး ထိုရိုးတံဖြင့် အနာပေါ် တို့ပေးပါ။
မကြာမီ အနာပျောက်၏။ 
(အကျယ်သိလိုသော် သူရဇ္ဇ ၂၀၀၃-ခု စက်တင်ဘာလထုတ် မဂ္ဂဇင်းမှာ ဖတ်ပါ)။

မကွေးဝင်းမြင့်
(သူရဇ္ဇ ၂၀၀၃-ခု စက်တင်ဘာလ)

No comments: