Tuesday, July 19, 2011

အာဇာနည် ပုဂ္ဂိုလ်ကြီး, အမျိုးသား ခေါင်းဆောင်ကြီး ၉-ဦး

၁၉၄၇-ခုနှစ် ဂျူလိုင်လ ၁၉-ရက်နေ့က တိုင်းပြည်အတွက် အသက်စတေးခံသွားကြရသော အာဇာနည် ခေါင်းဆောင်ကြီးများ

(၁) ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ
(၁၉၁၅-၁၉၄၇)
ဗိုလ်ချုပ်အောင်ဆန်း (ခ)ဗိုလ်တေဇ (၃၂)နှစ်၊ မြန်မာ့အမျိုးသားရေး လှုပ်ရှားမှု၏ ခေါင်းဆောင်ကြီး၊ ဘုရင်ခံ အမှုဆောင် ကောင်စီ၏ ဒု-ဥက္ကဋ္ဌ (သို့)တကယ့်လက်တွေ့အားဖြင့် လွတ်လပ်ရေးမရမီ ဝန်ကြီးအဖွဲ့၏ ဝန်ကြီးချုပ်၊ ၄င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီး၊ ကျည်ဆန် ၁၃-ချက်သင့်သော ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့ရသည်။

(၂) ဦးဘချို
(၁၈၉၃-၁၉၄၇)
ဒီးဒုတ်ဦးဘချို (၅၄)နှစ်၊ စာရေးဆရာ၊ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ ပြန်ကြားရေး ဝန်ကြီး၊ သူ့အသက်အရွယ်နှင့် ဦးနှောက်ထဲ ဝင်သွားသော ကျည်ဆန် အပါအဝင် ကျည်ဆန် ၅-ချက် ရရှိသည့်တိုင် နေ့လယ်ပိုင်းအထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှင်လျက် ရှိနေသေးပြီး ညဘက်တွင် ကွယ်လွန်သွားသည်။

(၃) သခင်မြ
(၁၈၉၇-၁၉၄၇)
သခင်မြ (၄၉)နှစ်၊ လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ် ကြီးရင့်သော နိုင်ငံခေါင်းဆောင်၊ ဘဏ္ဍာရေးဝန်ကြီး၊ အဆုတ်ကို ထွင်းဖောက်သွားသော သေနတ်ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။


(၄) ဦးရာဇတ်
(၁၈၉၈-၁၉၄၇)
ဦးအဗ္ဗဒူ ရာဇတ် (၄၉)နှစ်၊ မန္တလေးမြို့ မူဆလင်ခေါင်းဆောင် ပညာရေးနှင့် အမျိုးသား စီမံကိန်းဝန်ကြီး၊ ဒဏ်ရာ ၆-ချက် ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။


(၅) ဦးဘဝင်း
(၁၉၀၁-၁၉၄၇)
ဦးဘဝင်း (၄၆)နှစ် ဦးအောင်ဆန်း၏ အကို၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေး ဝန်ကြီး၊ ကျည်ဆန်ဒဏ်ရာ ၈-ချက် ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။


(၆) မန်းဘခိုင်
(၁၉၀၃-၁၉၄၇)
မန်းဘခိုင် (၄၃)နှစ် ဟင်္သာတမှ ကရင်အမျိုးသား တဦးဖြစ်ပြီး ဂျပန် သိမ်းပိုက်ထားစဉ်က
ပြန်လည်ခုခံတော်လှန်ရာ၌ ပါဝင်ခဲ့သည်။ စက်မှုလက်မှု ဌာနနှင့် အလုပ်သမား ဌာနဝန်ကြီး၊ ကျည်ဆန် ၁၅-ချက် ထိမှန်ခဲ့သည်။ နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။


(၇) မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း
(၁၉၀၇-၁၉၄၇) 
စပ်စံထွန်း (၄၀)နှစ်၊ ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး၊ နယ်ခြားဒေသ ဆိုင်ရာ အတိုင်ပင်ခံ ဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာ ၂-ချက်ရရှိပြီး ၂၀-ရက်နေ့ မွန်းတည့်ချိန်တွင် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သည်။


(၈) ဦးအုန်းမောင်
(၁၉၁၃-၁၉၄၇) 
ဦးအုန်းမောင်(၃၄)နှစ်၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊ ဒုတိယအတွင်းဝန် (ICS)၊အစီရင်ခံစာတခုကို လာရောက် တင်သွင်းနေစဉ် လူသတ်သမားများ၏ ကျည်ဆန်များ ထိမှန်သွားခြင်း ခံရသည်။ နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။


(၉) ရဲဘော် ကိုထွေး
(၁၉၂၉-၁၉၄၇)
ကိုထွေး (၁၈)နှစ်၊ ဦးရာဇတ်၏ သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင် သိပ္ပံရပ်မှ မူဆလင် လူငယ်တဦးဖြစသည်။ အစည်းအဝေး ခန်းမတွင်းမှ သေနတ်သံများ ကြားရသဖြင့် အနီးရှိ ရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာ ပြေးသွားနေသော လူသတ်သမားများ၏ ပစ်ခတ်ခြင်းကို ခံရသည်။
ဒဏ်ရာ ၄-ချက်ရရှိပြီး ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။


No comments: