Tuesday, July 19, 2011

မိုးတွင်းချိန်ခါ ဝမ်းရောဂါ

ဝသန်ရာသီ၏ မိုးရေစက်များနှင့်အတူ ဖြစ်ပွားတတ်သော ရောဂါများထဲတွင် ဝမ်းလျှောဝမ်းပျက်ရောဂါသည် အဓိကပါဝင်နေကြောင်း သိရှိရပါသည်။ မိုးဥတုသည် စွတ်စိုသော သဘာဝရှိပြီး အချို့လူများမှာ မိုးရေထဲတွင် ကြာမြင့်စွာ သွားလာလှုပ်ရှားခြင်းကြောင့် အအေးပတ်ကာ ခြေအေးဝမ်းရောင် ဆိုသကဲ့သို့ ဝမ်းဖောဝမ်းရောင် ဝမ်းပျက်ခြင်း ဖြစ်စေပါသည်။ မိုးရာသီတွင် အစားအစာ မဆင်မခြင် စားသုံးခြင်းကြောင့်လည်း ဤရောဂါဖြစ်စေပါသည်။ ထိုရာသီ၌ အသီးအနှံများ များစွာသီးသဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် သရက်သီး၊ သင်္ဘောသီး၊ ဒူးရင်းသီး၊ နာနတ်သီး၊ စသည်တို့သည် အများအပြား ဈေးကွက်ထဲသို့ ရောက်ရှိလာခဲ့ပါသည်။ 
ဈေးကွက်ထဲရှိ အသီးများထဲတွင် လတ်ဆတ်သည့် အသီးများ ပါသကဲ့သို့ အမှည့်လွန်အသီးများလည်း ပါရှိပါသည်။ ထိုအမှည့်လွန် အသီးများထဲတွင် ဝမ်းပျက်စေသည့် ရောဂါပိုးများ ဝင်ရောက်တတ်ပါသည်။ ထို့ကြောင့် ထိုအသီးများကို စားသုံးခြင်းဖြင့် ထိုရောဂါဖြစ်စေနိုင်ပါသည်။

၎င်းအပြင် မသန့်ရှင်းသော လက်လုပ်ချဉ်များ၊ လက်သုပ်စုံများနှင့် ရောဂါပိုးသယ်ဆောင်လာသည့် ယင်ကောင်များနားသည့် အစားအစာများကို စားသုံးမိလျှင်လည်း ထိုရောဂါဖြစ်စေနိုင်ပါသည်။ မသန့်ရှင်းသော ရေကို သောက်သုံးမိခြင်း၊ သန်ကောင်၊ တုပ်ကောင်များ ရှိခြင်းတို့ကြောင့်လည်း ဝမ်းလျှောရောဂါ ဖြစ်ပွားစေနိုင်ပါသည်။

ဝမ်းလျှောဝမ်းပျက်ရောဂါသည် အသက်အရွယ်မရွေး၊ ကျားမမရွေး လူတိုင်းလိုလို ကြုံဖူးသည့် ရောဂါ
ဖြစ်သဖြင့် ဂရုပြုစရာ ရောဂါမဟုတ်ဟု အချို့က ထင်မြင်ယူဆကြပါသည်။ ကလေးများ ဝမ်းသွားလျှင်လည်း ထိုင်ခါစ အရွယ်ဖြစ်၍ ဝမ်းသွားတတ်သည်ဟူ၍၄င်း၊ မတ်တတ်စမ်းခါစ အရွယ်ဖြစ်၍ ဝမ်းလျှောခြင်းသည် သဘာဝဟု ယူဆကာ အမှတ်တမဲ့ထား၍ ဆေးကုသမှု မပြုသဖြင့် အသက်အန္တရာယ် ထိခိုက်သွားသည့် ကလေးငယ်များကိုလည်း တွေ့ခဲ့ဖူးပါသည်။ 

ဝမ်းလျှောခြင်းသည် သာမန်ရောဂါဟု ထင်ကြသော်လည်း ဂရုမပြုပါက နောက်ဆက်တွဲ ရောဂါများ ဝင်ရောက်ကာ အန္တရာယ်ရှိနိုင်သဖြင့် သတိထားရမည့် ရောဂါပင် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ဝမ်းလျှောခြင်း လက္ခဏာမှာ တနေ့လျှင် သုံးကြိမ်ထက်ပိုကာ ဝမ်းအရည်များ သွားခြင်းပင် ဖြစ်ပါသည်။ ထိုသို့ဖြစ်လျှင် ဝမ်းရောဂါ စတင်ဖြစ်နေကြောင်း သတိထားရပေမည်။ ဝမ်းလျှောခြင်းနှစ်မျိုး ရှိပါသည်။ ရုတ်တရက် ဝမ်းလျှောခြင်း (Acute Diarrhoea) နှင့် နာတာရှည် ဝမ်းလျှောခြင်း (Chronic Diarrhoea) တို့ ဖြစ်ပါသည်။

ဓာတ်ခွဲခန်းမှာ အဖြေရှာ---
ဝမ်းလျှောရောဂါဖြစ်သည်ဟု ယူဆရသော လူနာ၏ဝမ်းကို ဓာတ်ခွဲခန်းသို့ပို့ကာ ဝမ်းစစ်ဆေးခြင်း ပြုရပါသည်။ (Stoot for R.E)အဏုဇီဝမှန်ပြောင်းနှင့် ကြည့်သောအခါ အစာမကြေသော အစားအစာများ (Undigested Food Particals)များ ဘက်တီးရီးယားများကို တွေ့ရှိရသည်။ ၄င်းအပြင် E.Histo-lytica, Giardia Lumblia စသည့် ပရိုတိုဇိုးဝါးများနှင့် Ascaris Lumbrieoid, Trichuris Trichiura စသည့် သန်ကောင် အမျိုးမျိုးနှင့် Candida Albican စသည့် ပန်းကပ်မှိုများလည်း တွေ့ရှိတတ်ပါသည်။

ဘက်တီးရီးယား အများအပြား တွေ့ရှိလျှင် (Stool for culture) ခေါ် ကျောက်ကျော်ပေါ်တွင် တင်၍ ပိုးမွေးခြင်း ပြုလုပ်ရပါသည်။ ရောဂါပိုးကြောင့် ဝမ်းလျှောခြင်းဖြစ်လျှင် အောက်ပါပိုးများကို တွေ့ရှိရတတ်သည်။ အီးကိုလိုင်းပိုး၊ ဗိုင်ဗရီယိုကော်ရောဒါပိုး၊ ဆဲလ်မိုနဲလားပိုး၊ ရှီဂဲလားပိုး၊ စတက်အော်ဒီယပ်ပိုး၊ ဗက်ဆဲလပ်ပိုး စသည်တို့ကို တွေ့ရှိရတတ်ပါသည်။

အဆိပ်ရှိသောမှိုများကို စားမိလျှင်လည်း အဆိပ်သင့်ပြီး ဝမ်းလျှောတတ်ပါသည်။ အချို့ ပီလောပီနံများတွင် အဆိပ်ဓာတ် ပါဝင်တတ်သဖြင့် အခန့်မသင့်ပါက ပီလောပီနံ စားသုံးခြင်းကြောင့်လည်း ဝမ်းလျှောခြင်း ဖြစ်စေပါသည်။ အလွန်အမင်း ပူစပ်သော အစားအစာများနှင့် ပင်လယ်အစားအစာများ စားသုံးခြင်းကြောင့်၎င်း၊ ဓာတုဆေးများဖြင့် ကြာရှည်ခံအောင် ပြုလုပ်ထားသည့် အစားအစာများ စားသုံးခြင်းကြောင့်၎င်း ဤရောဂါဖြစ်နိုင်ပါသည်။

နာတာရှည် ဝမ်းရောဂါဖြစ်စေသည့် အကြောင်း---
အူလမ်းကြောင်း၌ ကင်ဆာအလုံးအကျိတ်ရှိသူများ၊ တီဘီပိုးကြောင့် ဖြစ်စေ၊ အခြားအကြောင်းကြောင့် ဖြစ်စေ အူလမ်းကြောင်း ရောင်ရမ်းသူများ၊ အူသိမ် ဦးကျဉ်းခြင်း၊ အူသိမ်လမ်းကြောင်း ပိတ်ဆို့ခြင်း၊ အီးဟစ်စတိုလိုက်တီကာ ပိုးရှိခြင်း၊ ဂျာရီယာလမ်ဘရီယာ ပရိုတိုဇိုဝါးရှိခြင်း၊ သိုင်းရွိုက်ဟော်မုန်းများခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါရှိခြင်း ဖြစ်လျှင် နာတာရှည်ဝမ်းလျှောခြင်း ဖြစ်စေပါသည်။

အဘယ်ကြောင့် ဝမ်းလျှောရသနည်း---
အထက်ပါအကြောင်းအချက်များကြောင့် ဝမ်းလျှောခြင်းကို ဖြစ်စေပါသည်။ ထိုအကြောင်းအချက်များကြောင့် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများကြောင့် အူအတွင်း၌ အရည်ပမာဏ များပြားလာပြီး အူညှစ်အား များပြားခြင်းတို့ကြောင့် ထိုရောဂါ ဖြစ်ရပါသည်။

ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသော ကော်လော်ဒါပိုးသည် အဆိပ်ဓာတ်တမျိုးကို ထုတ်လွှတ်ပြီး ထိုအဆိပ်ဓာတ်သည် အူသိမ်နံရံကို လှုံ့ဆော်မှုပြုကာ Cyclic AMP များ အများအပြား ထွက်လာပါသည်။ ၄င်းဓာတ်ကြောင့် ခန္ဓာကိုယ်၏ အခြားနေရာများတွင်ရှိသော အရည်များသည် အူသိမ်၊ အူမွှားများမှတဆင့် အူမကြီးဆီသို့ ရောက်ရှိသွားပါသည်။ အူမကြီးတွင် အရည်အမျာအပြား ရောက်ရှိလာသည့်အတွက် 
စုပ်ယူနိုင်သော စွမ်းအားမှာ လုံလောက်မှုမရှိသည့်အတွက် ဝမ်းရည်အဖြစ် ဒလဟော သွားရပါသည်။ သိုင်းရွိုက်ဟော်မုန်းများပြားလျှင်လည်း အူလမ်းကြောင်းကို လှုံ့ဆော်သည့်အတွက် အူ၏ညှစ်အား များလာပြီး ဝမ်းလျှောခြင်းကို ဖြစ်စေပါသည်။

ဝမ်းလျှောခြင်းဖြစ်သည့်အတွက် ခန္ဓာကိုယ်၌ရှိသော ရောဓာတ်နှင့် ဓာတ်ဆားများ လျော့နည်းလာပြီး ဓာတ်ဆားများနှင့် ခန္ဓာကိုယ် ညီညွတ်မျှတခြင်းကို ထိန်းချုပ်ထားသည့် ဓာတ်များ ချို့ယွင်းကာ ရေနှင့် ဓာတ်ဆားများ နည်းပါးသွားခဲ့ရပါသည်။ ထိုသို့ခန္ဓာကိုယ်တွင်း ရေနှင့်ဓာတ်ဆားများ လျော့နည်းသွားသည့် အတွက် ရေငတ်ခြင်း၊ မောပန်းခြင်း၊ နုံးခြင်း၊ အသံတိမ်ဝင်သွားခြင်း၊ ကြွက်တက်ခြင်းတို့ ဖြစ်စေပါသည်။ ထို့ထက် ကျော်လွန်သွားပါက အခန့်မသင့်လျှင် သွေးလန့်ခြင်း (Shock) ရကာ သတိလစ်ပြီး အသက်အန္တရာယ် ရှိစေနိုင်သည့် ရောဂါဖြစ်ပါသည်။

ဝမ်းလျှောသူအတွက် အဓိက လိုအပ်ချက်---
ဝမ်းလျှောသူများအတွက် အဓိကလိုအပ်ချက်မှာ ရေနှင့် ဓာတ်ဆား ပြန်လည်ဖြည့်တင်းပေးခြင်းပင် ဖြစ်ပါသည်။ ဝမ်းများများသွားခြင်းကြောင့် လူနာသည် ရေငတ်ခြင်း၊ မျက်လုံးဟောက်ပက်ဖြစ်ခြင်း၊ သွေးဖိအား ကျခြင်းတို့ ဖြစ်လျှင် ဓာတ်ဆားဖျော်ရည်ကို တိုက်ကျွေးရပေမည်။ လူနာသည် ထိုထက် အခြေအနေပိုဆိုးကာ ပျော့ခွေခြင်း၊ ခြေလက် မသယ်နိုင်အောင် ဖြစ်ခြင်း၊ ကြွက်တက်ခြင်း၊ သွေးဖိအား 
အလွန်အမင်း ကျဆင်းကာ သတိလစ်လုလု အခြေအနေမျိုးရှိလျှင် နီးရာဆေးကုဌာနသို့ အမြန်ဆုံးပြသသင့်ပါသည်။ ဆေးရုံဆေးခန်းများတွင် ထိုလူနာမျိုးကို Ringers Lactate သို့မဟုတ်-Normal Saline (drip)ပုလင်းများကို သွေးပြန်ကြောမှ သွင်းကာ ကုသပေးပါသည်။ ဝမ်းလျှောရောဂါအတွက်
ရှေးဦးအသက်ကယ်ဆေးသည် ဓာတ်ဆားဖျော်ရည်နှင့် ဓာတ်ဆား Drip ပုလင်းသွင်းခြင်းပင် ဖြစ်ပါသည်။

ဝမ်းလျှောရောဂါသည် နို့စို့အရွယ် ကလေးငယ်များ၌ ပိုမိုဖြစ်စေပါသည်။ နို့စို့ကလေးငယ်များ ဝမ်းသွားလျှင် နို့တိုက်ခြင်းကို ရပ်ထားတတ်ပြီး ဗိုက်ထဲ၌မည်သည့်အစာမျှ မရှိလျှင် ဝမ်းပိတ်မည်ဟု အယူအဆမှားများဖြင့်  ယူဆတတ်သည်ကိုလည်း တွေ့ရှိရပါသည်။ ကလေးငယ်များသည် တွေ့ရာပစ္စည်း
များကို ပါးစပ်ထဲသို့ ထည့်တတ်ကြသဖြင့် ရောဂါပိုးဝင်လွယ်ပါသည်။ မတ်တတ်စမ်းခါစ အရွယ်တွင်လည်း အစားစုံ စားလာသည့်အတွက် ဝမ်းလျှောစေမည့် အစားအသောက်ကြောင့် ဤရောဂါ ဖြစ်လွယ်ပါသည်။ ထိုသို့ဖြစ်၍ နို့တိုက်ခြင်း ရပ်တန့်ခြင်းမှာ မှားယွင်းသော အယူအဆတရပ် ဖြစ်ပါသည်။

ထိုသို့ နို့တိုက်ခြင်း ရပ်ထားသည့်အတွက် ရေနှင့် ဓာတ်ဆား မလုံလောက်ဖြစ်ကာ အရေပြားများ ရှုံ့တွပြီး စိုးရိမ်ထိတ်လန့်ကာ သတိလစ်ခြင်း၊ ငယ်ထိပ်ချိုင့်ခြင်း ဖြစ်လျှင် အနီးဆုံး ဆေးရုံဆေးခန်းသို့ အမြန်ဆုံး သွားပြသင့်ပါသည်။ ထိုသို့ ဝမ်းလျှောခြင်း စတင်ဖြစ်ပွားလျှင် ကလေးငယ်များအား မည်သို့ပြုစုရမည်ကို ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားပါသည်။ 

သင်၏ကလေးငယ် ဝမ်းလျှောဝမ်းပျက်ဖြစ်လျှင် ကလေးအား အရည်ပို၍ တိုက်ကျွေးပေးရမည်။ (ဥပမာ-ထမင်းရည်၊ ဓာတ်ဆားရည်၊ ရေကောင်းရေသန့်) နို့စို့အရွယ်ဖြစ်ပါက မိခင်နို့ ဆက်တိုက်ပါ။ နို့တိုက်မရပ်ပါနဲ့။ ကလေးအား အာဟာရရရှိပြီး အစာကြေလွယ်သော အစာများကျွေးပါ။ (သားငါး၊ ဆန်ပြုတ်၊ စွပ်ပြုတ်နှင့် ခြေထားသော သီးနှံများ) ဖျားနာလာလျှင် ရေအငတ်လွန်လျှင် အော့လန်လျှင် အခြေအနေ ပိုဆိုးလာလျှင် အနီးဆုံးဆေးခန်းသို့ ခေါ်သွားပါ။ 

လူသားအားလုံးအတွက် သတိထားဆင်ခြင်ရမည့် အကြောင်းအချက်များမှာ ဖုန်ဝင်၊ ယင်နားသော အစားအစာများ၊ လက်လုပ်ချဉ်များ၊ လက်သုပ်စုံများကို ရှောင်ရှားသင့်ပါသည်။ အစားအစာကို သေသေချာချာ ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးသင့်ပါသည်။ ချက်ပြီးသား အစားအစာများကို သေချာစွာ ဖုံးအုပ်ထားရမည်။ ချက်ပြုတ်သူသည် မိမိ၏လက်ကို စင်ကြယ်အောင် ဆေးကြောရမည်။ ကြွက်၊ ခြင်၊ ယင်၊ ပိုးဟပ်စသည့် ပိုးမွှားတိရစ္ဆာန်များကို ချက်ပြုတ်သည့် နေရာသို့ မဝင်နိုင်အောင် ကာကွယ်ထားရမည်။ သန့်ရှင်းသောရေကို သုံးရမည်။

၎င်းအပြင် အမှည့်လွန်သော အသီးအရွက်များ စားသုံးခြင်း၊ ဓာတုဗေဒ ဆိုးဆေးများနှင့် တာရှည်ခံရန် ပြုလုပ်ထားသည့် အစားအစာများ ပိုးသတ်ဆေးပါဝင်သော အစားအစာများကို စားသုံးခြင်းမှ ရှောင်ရှားသင့်ပါသည်။

အဓိကအားဖြင့် ဆိုသော် ဝမ်းလျှောဝမ်းပျက်ရောဂါသည် အခြားရာသီဥတုများထက် မိုးရာသီတွင် အဖြစ်များ တတ်ပါသည်။ ရာသီဥတု၏ စိုစွတ်ခြင်းကြောင့် အအေးပတ်ချိန်တွင် အမှည့်လွန်သီးနှံများ စားသောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း အစာခြေမှု အစီအစဉ်များ ကစဥ့်ကရဲဖြစ်ကာ ဝမ်းလျှောလွယ်ပါသည်။ ဤရောဂါအား အမှုမဲ့အမှတ်မဲ့ထားကာ လျစ်လျူရှုနေပါက ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်နှင့် ဓာတ်ဆားများ လျော့နည်းမှုကြောင့် ဇီဝကမ္မဖြစ်စဉ်များ ချို့ယွင်းပြီး အသက်အန္တရာယ် ရှိစေနိုင်သဖြင့် ဤမိုးဥတု အခါသမယတွင် အထူးဂရုပြုကြဖို့ တိုက်တွန်းလိုက်ရပါသည်။

ရီရီဌေး
Ref; (Acute Diarrhoea to Chronic Diarrhoea)
(သူရဇ္ဇ ၂၀၀၃-ခု စက်တင်ဘာလ)

No comments: