Saturday, July 23, 2011

ကလေးငယ်များ သန်ကျစေနည်း

ကလေးငယ်များ ဖျားနာလျှင် မိဘများအနေနဲ့ သတိထားရန်မှာ ကလေးငယ်သည် ရာသီဥတု အပြောင်းအလဲ အပူအအေး မမျှတ၍ ရိုးရိုးဖျားခြင်းလား၊ သန်ထ၍ ဖျားခြင်းလား မှန်ကန်စွာသိရှိဖို့ လိုပါသည်။ ကလေးငယ်မှာ ဖျားလည်းဖျားပြီး ချော့မရလောက်အောင် ငိုနေလျှင် မိဘများအနေနဲ့ ကလေးငယ်၏ ဝမ်းဗိုက်ကို ကြည့်လိုက်ပါ။ အလုံးလိုက်၊ အလိပ်လိုက် ဖောင်းကြွလှုပ်ရှားနေသည်ကို မြင်ရပါလိမ့်မည်။ ၄င်းမှာ ကလေးငယ် သန်ထနေခြင်း ဖြစ်ပါသည်။

ကလေးငယ်များ သန်ကျစေရန် ဆေးနည်း ၃-နည်း တင်ပြလိုက်ပါသည်။
၎င်းနည်း ၃-နည်းမှ ကြိုက်နှစ်သက်ရာ နည်းတခုခု ပြုလုပ်ကြည့်ပါ။ ကလေးငယ်အား ဘေးမဖြစ်စေပါ။
၁။ တောရွာများရှိ ဝါးရုံပင်၏ အောက်၌ ပေါက်တတ်သော မှို၊(ပန်းရောင်)များကို သန်ကျမှိုဟု ခေါ်ပါသည်။ ၄င်းမှိုကို အခြောက်လှန်းထားပြီး ထားပါ။ ကလေးငယ် သန်ထလျှင် မှိုခြောက်ကို ပျားရည်နှင့်သွေးပြီး ကလေးအရွယ် ချင့်ချိန်၍ လက်ဖက်ရည်တဇွန်းမှ ကြွေဇွန်းတဇွန်းစာထိ မှန်းဆတိုက်ကျွေးပါ။ လဆန်းရက်တွင် မတိုက်ရပါ။ လဆုတ်ရက်မှသာ တိုက်ရပါမည်။ အထူးသတိထားရန်မှာ ရေနှင့် မသွေးရန် ဖြစ်ပါသည်။

၂။ ကြက်တက်ရွက် ရေနွေးဖြော၍ လက်ဖက်ကဲ့သို့ ကလေးငယ်အား သုပ်ကျွေးပါ။ သန်များ ကျလာပါလိမ့်မည်။
၃။ တောင်မုရိုးမြစ်ခေါက်များကို ကျိုပြီး အိပ်မွေ့သီးအမှုန့်နှင့် ရောစပ်၍ ကလေးအရွယ်အအစား ချင့်ချိန်ပြီး သင့်လျော်အောင် တိုက်ပေးလိုက်ပါ။ သန်ကျလာပါလိမ့်မည်။
အထက်ပါနည်းများကို စိတ်ချစွာ အသုံးပြုပါ၊ ဘေးအန္တရာယ် မဖြစ်စေပါ။

သီတာထက်(နတ်မောက်)
(သူရဇ္ဇ ၂၀၀၉-ခု ဇူလိုင်လ)

No comments: