Thursday, July 21, 2011

စိမ်းစော်နံသော တရား

စွယ်စုံကျော်ထင်ကျမ်း၌-
အပြစ်ခပ်သိမ်း၊ လောင်ရှိန်းရှိန်း၊ စိမ်းစော်နံတရား ဘယ်မျှနည်း-ဟူ၍ ကျည်းကန်ရှင်ကြီးက မေးသည်ကို ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးက သုတ္တနိပါတ် ပါဠိတော်လာ အာမဂန္ဓသုတ်ကို ထုတ်ဆောင်၍
ဖြေတော်မူသည်။ 

အာမဂန္ဓသုတ်ကား ဤသို့တည်း-
ဘုရားပွင့်တော်မမူသေးသော ကာလ၌ကပင်လျှင် အာမဂန္ဓအမည်ရှိသော ပုဏ္ဏားသည် ရွယ်တူ ပုဏ္ဏားလုလင် ငါးရာတို့နှင့်အတူ ရသေ့ရဟန်းပြု၍ တခုသောတောအုပ် တောင်ခြေ၌ ကျောင်းသင်္ခမ်းနှင့်နေ၏။ ထိုရသေ့သည် အမဲသားငါးစားခြင်းကို အပြစ်ရှိသည်ဟု အယူရှိပြီး သစ်ရွက် သစ်သီးကိုသာ စားသောက်နေထိုင်သည်။ လူတို့စားသော ချဉ်ဆားကိုသော်မှ မသုံးဆောင်၊ ထို့ကြောင့် ကာလကြာသော် ဖျော့တော့ ပန်းဟိုက် အနာရောဂါတို့ဆိုက်သဖြင့် ချဉ်ဆားအလို့ငှါ ပစ္စန္တရွာသို့ ရောက်လာသည်။


ရွာသားတို့လည်း ကြည်ညိုလှ၍ ရွာအနီး၌ ကျောင်းဆောက်လှူဒါန်းကာ ပစ္စည်းလေးပါးဖြင့် ပူဇော်ကြသည်။ သို့ရာတွင် ရသေ့တို့သည် မိုးလေးလလွန်သော် တောသို့ဝင်အံ့-ဟု ရွာသားတို့အား တောင်းပန်ကာ ယခင်နေမြဲကျောင်းသို့ ပြန်သွားသည်။ မိုကျပြန်သော် ရွာအနီးသို့ ပြန်ကပ်သည်။ ရွာသားတို့ကလည်း မြတ်နိုးတနာ ချီးမြှောက်ပူဇော်ကြသည်။


ဤသို့နေရင်း ရှစ်နှစ်ခန့်ကြာသော် ဘုရားပွင့်တော်မူသည်။ ဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံးစဉ် ရသေ့တို့၏ ကျွတ်အံ့သောအကြောင်းကို မြင်၍ သံဃာများနဲ့အတူ ထိုပစ္စန္တရွာသို့ ကြွတော်မူသည်။ ရွာသားတို့လည်း ဘုရားအမှူးရှိသော သံဃာတော်တို့ကို အလှူပေး၍ တရားတော်ကို နာယူကြသည်။ ဘုရားက ရွာသားတို့၏ အဇ္ဈာသယအလျောက် တရားပြတော်မူရာ သောတာပန်တည်သူတည်၊ သကဒါဂါမ် တည်သူတည်၊ အနာဂါမ် တည်သူတည်ကြသည်၊ အချို့ရဟန်းပြု၍ ဘုရားနောက်တော်က လိုက်သည်။


ရသေ့တို့လည်း မိုးကျသော် မိုးလေးလခိုရန် ရွာသို့ကပ်လာပြန်သည်။ သို့ရာတွင် ရွာသားတို့သည် ရှေးကကဲ့သို့ အုတ်အုတ်ကျက်ကျက် မပူဇော်ကြတော့ကုန်။


ရသေ့တို့က ဤသို့ ရှေးကနှင့်မတူခြင်းအတွက် ရွာသားတို့အား 
အချင်းတို့-မင်း, ခိုးသူနှိပ်စက်၍လော၊ ငါတို့ထက် သီလ သမာဓိ ပညာ သာသောပုဂ္ဂိုလ် ရောက်လာသဖြင့် ဆရာသစ်ရ၍လော-ဟု မေးသည်။
ထိုအခါ ရွာသားတို့က အပ္ပဋိပုဂ္ဂလ ဖြစ်တော်မူသော ဘုရားရှင် ကျွန်ုပ်တို့ထံ ကြွရောက်တော်မူသဖြင့် တရားတော်ကို နာယူရသည်။ ယင်းသို့သော ဆရာမြတ်ကို ဆည်းကပ်ရ၍ အရှင်တို့အား သင့်ရုံသာ ပူဇော်ခြင်းဖြစ်ကြောင်း ရှင်းပြကြသည်။


ထိုအခါ အာမဂန္ဓရသေ့တို့လည်း လွန်စွာဝမ်းမြောက်လှ၍ ဒါယကာတို့-ဘုရားဟူသောစကားကို ကြားရရုံမျှပင် အတိဒုလ္လဘ ဖြစ်သေးသည်။ ဖူးတွေ့ရသော်ကား အဆမတန်သော ကုသိုလ်မင်္ဂလာတည်း။ သို့ရာတွင် ဘုရားရှင်သည် အမဲသားငါးတို့ကို စားပါသလော-ဟု မေးလေသည်။ ရွာသားများက စားကြောင်း-ဖြေသည့်အခါ ရသေ့တို့သည် စိတ်နှလုံးမရွှင် ဖြစ်သွားသည်။


သို့ရာတွင် ဘုရားဟူသည်ကား အလွန်ရခဲ၏။ အယူအကျင့် သင့်မသင့်ကို မေးလျှောက်၍ သိအောင်ပြုအံ့ဟု ကြံပြီး ဘုရားရှိရာ သာဝတ္ထိပြည်သို့ မိမိတို့၏ တပည့်ရသေ့ပရိသတ်နှင့်အတူ သွားရောက်ကာ ဘုရားရှင်
ရှေ့မှောက်သို့ ဝင်သည်။


အာမဂန္ဓရသေ့က ဘုရားရှင်အား ဘုန်းတော်ကြီးလှသော အရှင်ဘုရား၊ အရှင်မြတ်သည် စိမ်းစော်ညှီစော်နံသော အာမဂန္ဓများကို စားပါသလော-ဟု မေးလျှောက်လေသည်။ 
ဘုရားက အာမဂန္ဓ-ဟူသည် အဘယ်နည်းဟု မေးသော် ရသေ့က-အရှင်ဘုရား-သားငါးတို့၏ အသားအရသာတည်း-ဟု ဖြေသည်။


ထိုအခါ ဘုရားရှင်က သင်ရသေ့, သင်သာလျှင် အာမဂန္ဓကို မေးလျှောက်သည်မဟုတ်၊  ရှေးအခါ တိဿမည်သော ပုဏ္ဏားသည်လည်း ကဿပဘုရားရှင်အား မေးလျှောက်၍ ကဿပဘုရားရှင်သည် ဖြေတော်မူရဖူးလေပြီ-ဟူ၍ မိန့်ကြားကာ
ပါဏာတိပါတော ဝဓနဆေဒ ဗန္ဓနံ-အစချီသော ၁၂-ဂါထာတို့ဖြင့် တန်ဆာဆင်သည့် အာမဂန္ဓသုတ်ကို
ဟောကြားတော်မူသည်။
သူ့အသက်သတ်ခြင်း၊ သတ္တဝါတို့အား လှံကန်စသည်ဖြင့် ပုတ်ခတ်ခြင်း၊ လက်ခြေအင်္ဂါကို ဖြတ်ခြင်း အစရှိသော စိမ်းစော်နံသော တရား ၄၂-ပါးတို့ကို ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ၃၃-ပါး၊ ဓမ္မဓိဋ္ဌာန်အားဖြင့် ၉-ပါး ခွဲခြား၍ ဟောကြားတော်မူသည်။

ဘုရားက ဖော်ပြပါ သူ့အသက်သတ်ခြင်းစသော ၁၀-ပါးသော အယုတ်တရားတို့ကို ကျင့်ခြင်းသည် ညှီနံ့လှောင် လှောင်း မကောင်းသော  ဆိပ်နံ့ စိမ်းနံ့ အပုပ်နံ့ မည်၏။ သားငါးတည်းဟူသော ဘောဇဉ်သည် ဆိပ်နံ့ စိမ်းနံ့ ပုပ်နံ့ မဟုတ်ဟု ဟောသည်။
အမိ,အရီး, အမကြီး အစရှိသော ကာမဂုဏ်တို့၌ မစောင့်စည်းခြင်း၊ ရသာရုံ၌ မက်မောခြင်း အစရှိသော ခြောက်ပါးသောအကျင့်တို့သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မည်၏။ သားငါးတည်းဟူသော ဘောဇဉ်သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မဟုတ်ဟု ဟောသည်။


ကိုယ်ပင်ပန်းအောင် အစားရှောင်၍ ကျင့်ခြင်းအစရှိသော ငါးပါးသော အကျင့်တို့သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့မည်၏။ သားငါးတည်းဟူသော ဘောဇဉ်သည် ဆပ်နံ့, စိမ်းနံ့, ပုပ်နံ့ မဟုတ်ဟု ဟောသည်။
ဤသို့ဖြင့် ဘုရားက ၁၀-ပါး၊ ၆-ပါး၊ ၅-ပါး အားဖြင့် ၂၁-ပါး အရေအတွက်ရှိသော တရားတို့ကို ပုဂ္ဂလဓိဋ္ဌာန ဒေသနာနည်းဖြင့် ဟောကြားကာ ယင်းတို့သည်သာ ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ရှိသော တရားများဖြစ်ကြောင်း ဟောသည်။


ထိုနောက် ဓမ္မဓိဋ္ဌာန်နည်းဖြင့် အမျက်ထွက်ခြင်း၊ မာန်ယစ်ခြင်း ခက်ထန်ခိုင်မာခြင်း အစရှိသော ၉-ပါးသော စိမ်းစော်နံတရားတို့ကို ဟောပြန်သည်။
တဖန် ပုဂ္ဂလဓိဋ္ဌာန်နည်းဖြင့် သတ္တဝါတို့အား အလိုရှိတိုင်း သတ်ခြင်း၊ သူတပါးဥစ္စာကိုယူပြီး ဥစ္စာရှင်ကို ညှဉ်းဆဲခြင်း အစရှိသော ၆-ပါးသော အကျင့်တို့သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မည်၏။ သားငါးတည်းဟူသော ဘောဇဉ်သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မဟုတ်ကြောင်း ဟောပြန်သည်။


မြတ်စွာဘုရားက ထိုသို့ ပုဂ္ဂလဓိဋ္ဌာနနည်းဖြင့် ဟောအပ်သော အကျင့် ၃၃-ပါး၊ ဓမ္မဓိဋ္ဌာန်နည်းဖြင့် ဟောအပ်သော အကျင့် ၉-ပါး၊ စုစုပေါင်း ၄၂-ပါးသော အကျင့်တို့သည်သာလျှင် ဆိပ်နံ့, စိမ်းနံ့,ပုပ်နံ့မည်၏။  သားငါးတည်းဟူသော ဘောဇဉ်သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မဟုတ်သည်သာတည်း ဟူ၍၄င်း၊ အသင် ပုဏ္ဏား အမဲသားငါး မစားခြင်းသည် ယုံမှားခြင်းကို မကူးမြောက်နိုင် အစာမစားခြင်း၊ အဝတ်မဆည်းခြင်း၊ ဦးပြည်းရိတ်ခြင်း၊ ဆံကျစ်၌ မြူကပ်အောင်နေခြင်း တို့ဖြင့် သတ္တဝါကို မစင်စေနိုင်။ မသေသောအဖြစ်ကို တောင့်တသည့်အကျင့်၊ ဗေဒင်၊ မီးပူဇော်ခြင်း၊ ယစ်ပူဇော်ခြင်း စသည်ဖြင့်လည်း ယုံမှားခြင်းကို မကူးမြောက်နိုင်။ သတ္တဝါကို မစင်စေနိုင်။


အသင်ပုဏ္ဏား၊ အကြင် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ ရှိသော အကျင့်တရားတို့ကို လုံခြုံစွာ စောင့်စည်းသော အားဖြင့်သာလျှင် သစ္စာလေးပါးတရား၌ အရိယာမဂ်ဖြင့် တည်နိုင်သည်။ ခပ်သိမ်းသော ဝဋ်ဒက္ခမှ ကင်းနိုင်သည်ဟူ၍ ကဿပဘုရားရှင်က ဟောကြားတော်မူဖူးခဲ့ပြီးဖြစ်ကြောင်း ဘုရားရှင်က အာမဂန္ဓ ရသေ့ကို ဟောကြားတော်မူလေသည်။


သက်သတ်လွတ် စားရုံမျှနှင့် ဝဋ်ဇာတ်ကို မသိမ်းနိုင်၊ ဓီရော-အရဟတ္တဖိုလ် ပညာရှိသည်ဖြစ်၍၊ ဒိဋ္ဌသုတေသု-မြင်အပ် ကြားအပ်သော အာရုံတို့၌၊ နလိမ္ပတိ-မလိမ်းမကျံ, သောအခါမှာသာလျှင် ဝဋ်ဇာတ်ကို သိမ်းနိုင်မည်ဖြစ်ကြောင်း အာမဂန္ဓသုတ်တွင် ဆိုလေသည်။


ထို့ကြောင့် အပြစ်ခပ်သိမ်း၊ လောင်ရှိန်းရှိန်း၊ စိမ်းစော်နံတရား ဘယ်မျှနည်း-ဟူသော ကျည်းကန်ရှင်ကြီး၏အမေးကို ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးက ထိုအာမဂန္ဓသုတ်လာ ၄၂-ပါးသော တရားတို့သည် ပစ္စုပ္ပန်ဘေး တမလွန်ဘေးတည်းဟူသော မီးသည် ညီးညီးပြောင်ပြောင် ရှိန်ရှိန်လောင်သော စိမ်းစော်နံတရားမည်ကုန်၏ဟု စွယ်စုံကျော်ထင်ကျမ်း ပုစ္ဆာနံပါတ် (၃၃၈)ကို ဖြေကြားထားလေသည်။
(စိမ်းစော်နံတရား ၄၂-ပါးအကျယ်ကို ထိုကျမ်း၌ ကြည့်ပါလေ)


ဦးတင်ဦး(ကျူရှင်)
( လုံမလေး ၂၀၀၆-ခု နိုဝင်ဘာလ)

No comments: