Thursday, July 21, 2011

သွားနှင့်ခံတွင်း ရောဂါကင်းဖို့

အာခံတွင်း အနံ့သင်းစေဖို့

ကြာညိုနံ့---
အာခံတွင်း ကြာညိုနံ့သင်းပါစေကြောင်း တောင်းဆုကို ရှေးကအမျိုးသမီးကောင်းတို့ အထင်ကရ ဆုပန်ဆုတောင်းတတ်ကြကြောင်း စာပေများမှတဆင့် ဖတ်ရှုမှတ်သားခဲ့ရဖူးပါသည်။ ကြာညိုနံ့ဆိုသည်မှာ သင်းသင်းလေးမွှေးပျံ့သော ရနံ့ထူးဖြစ်၏။  ကြာညိုသည် ကြာမျိုး ၅-ပါးတွင် တပါးပါဝင်၏။ ကြာညိုဟု အမည်ရသော်လည်း အညိုရောင် မဟုတ်ပါ။ အပြာရောင်သာ ဖြစ်ချေ၏။ ဦးပုည၏ ဆဒ္ဒန်ဆင်မင်းဝတ္ထုကို သင်ကြားခဲ့ရဖူးပါသည်။ ဦးပုညဝတ္ထု ၄-ပုဒ် စာအုပ်ကို ကျွန်တော် ၁၀-တန်း(တက္ကသိုလ်ဝင်တန်း) တက်ရောက်ရစဉ် ၁၉၆၅-ခုနှစ်ဝန်းကျင်တုန်းက မြန်မာစာအတွက် သိပ္ပံမောင်ဝ-၏ ဝတ္ထုဆောင်းပါးများ စာအုပ်နှင့် တွဲဖက်ပြဋ္ဌာန်းထား၏။ ဆဒ္ဒန်ဆင်မင်း နေထိုင်ရာ ဆဒ္ဒန်အိုင်သို့ သောနုတ္ထိုရ် မုဆိုး အသွားခရီးတွင် ကြာတောကြီးများကို ဖြတ်သန်းသွားရ၏။ စာအနုအယဉ်အဖွဲ့အနွဲ့ တော်လွန်း ချွန်လွန်းသော ဦးပုညသည် ကြာမျိုး ၅-ပါးတောကို တပါးတတောအဖြစ် ထူးခြားရှည်လျားစွာ ဖွဲ့၏။

နီလာမြသား, ပယားရတနာ,မာလာမကုလ-အစရှိသည်ဖြင့် ကြာညိုတောကို စတင်ဖွဲ့နွဲ့၏။ နီလာကျောက်မျက်၏ အရောင်သည် အပြာရောင်ဖြစ်၏။ မြကျောက်မျက်သည် အစိမ်းရောင်ပါ။ အပြာနှင့် အစိမ်းရောင်ရောယှက်နေသော ကြာပန်းမျိုးကို ကြာညိုဟုခေါ်၏။ ကြာဝတ်ချပ်လွှာ၏ အတွင်းဖက်သည် နီလာအပြာရောင်လွင်လွင် ရှိလျက် ကြာဝတ်ချပ်လွှာ၏ ကျောဖက်သည် မြစိမ်းရောင်ရှိပါသည်။ မသိသူတို့က ကြာပြာဟု မှားခေါ်ကြ၏။ အမှန်မှာမူ ကြာညိုဖြစ်ပါသည်။ ကြာညိုနံ့သည် သင်းသည်ဆိုရုံမျှသာ သင်း၏၊ ကြာနီတို့ ကြာဖြူတို့ ပဒုမ္မာကြာတို့လို့တောင် မမွှေးလှပါ။ အမှန်တော့လည်း ကြာပန်းဟူသမျှတို့၏ ရနံ့သည် သင်းပျံ့ရုံသာမွှေးသည်။ မွှေးနံ့မရိုင်းလှပါ။

 ကျန်းမာရေးကောင်းမွန်သော အမျိုးသားကောင်း၊ အမျိုးသမီးကောင်းတို့၏ ကိုယ်သင်းနံ့သည် လန်းဆန်းလတ်ဆတ်သည့် ကိုယ်ပိုင်ရနံ့တမျိုးထွက်သည်ဟု ဆိုကြပါသည်။ အလားတူစွာ ခံတွင်းကျန်းမာရေး
ကောင်းသူ၏ အာခံတွင်းနံ့သည်လည်း သင်းပျံ့ရုံမျှသာ သင်းသင်းလေးမွှေးတတ်သည်။ ဤသည်လည်း လူတိုင်းအတွက် မဖြစ်နိုင်သော အရည်အချင်းတရပ်ဖြစ်၏။ သို့ကြောင့် မက်မောလှစွာ အာခံတွင်းကြာညိုနံ့
သင်းပါရစေကြောင်း ဆုမွန်ကောင်းတောင်းခြွေကြခြင်း ဖြစ်ပါသည်။
တောင်းဆုဆိုသည်မှာလည်း ထိုတောင်းနေရုံမျှနှင့် ရရှိအပ်သော အရာမျိုးမဟုတ်ပါပေ။ မိမိကိုယ်တိုင်က ကြောင့်ကြစိုက်ရသော ကိစ္စရပ်ဖြစ်ပါသည်။ 


သန့်ရှင်းရေး---
ဒေါက်တာ...ကျွန်မပါးစပ်က အနံ့အသက် မကောင်းဘူး၊ ဘယ်လိုလုပ်ရမလဲ ရှင်?
ဆရာ ကျွန်တော့မှာ အာပုပ်နံ့ ရှိနေတယ်၊ သူများနဲ့စကားပြောရင် သိပ်အားနာစရာ ကောင်းတယ်,
ခံတွင်းအနံ့ကောင်းအောင် ဘာဆေးသုံးရမလဲ ဆရာ?


ဤသို့သော မေးခွန်းများနှင့် အလားတူဆင်တူယိုးမှား မေးခွန်းများတို့ကို မကြာခဏ လူနာများ
မေးမြန်းစုံစမ်းတတ်ကြပါသည်။ ဘာလုပ်ရမလဲဆိုသော မေးခွန်းအတွက် အကောင်းဆုံးနှင့်
ယေဘုယျအကျဆုံး အဖြေတရပ်မှာ "သန့်ရှင်းရေး ဂရုစိုက်ပါ"ဟူ၍သာ ဖြစ်ပါသည်။ 
တကိုယ်ရေ သန့်ရှင်းရေးမှာ အရေးကြီးလှပါသည်။ ၃၂-ကောဋ္ဌာသ ရုပ်အစုအဝေးနှင့် ဖွဲ့စည်းထားသော ကျွန်တော်တို့၏ ရုပ်ခန္ဓာကိုယ်ကြီးမှာ ကိုးပေါက်သော ဒွါရကြီး မွှေးညင်းပေါက်ဒွါရငယ် အသွယ်သွယ်တို့မှ တစိမ့်စိမ့်တယိုယို စမ်းပေါက်ဝမှ ရေစိမ့်သလို အညစ်အကြေးများ အမြဲမပြတ် ယိုထွက်နေကျပါသည်။ မနက်အိပ်ရာထ မျက်နှာသစ်၊ ကိုယ်လက်သုပ်သင်သည်မှစ၍ ခန္ဓာကိုယ်ကို ပြုပြင်နေရ၏။ မပြုပြင်ပေးလျှင် မတင့်တယ်နိုင်ပါ။ အပုပ်ကောင်ကို ရုပ်ဆောင်နေကြရ၍ နာမကျန်းဖြစ်သဖြင့် မသန့်ရှင်းနိုင်လျှင် အလွန်ရွံရှာဖွယ်ကြီး ဖြစ်တော့၏။

အနေပက်စက်သူများအဖို့ လက်ကတီးနံ့က ထောင်းခနဲ ထလာတတ်၏။ ရေမချိုးသည့် ရက် ကြာလာလျှင်  ချွေးနံ့က ပြင်းချင်လာသည်။ ခေါင်းမလျှော်အားလျှင် ဆံပင်၏ ညှီစို့စို့အနံ့က လူကို အတော်အနှောင့်အယှက် ပေးချင်ပြန်သည်။ ခေါင်းလျှော်ရေချိုးလိုက်ရမှ လူသန့်ပြီး စိတ်လန်းဆန်းသွား ပါတော့သည်။ ကျန်းမာရေး အစ တကိုယ်ရေ သန့်ရှင်းရေးက-ဟူသော ဆောင်ပုဒ်အတိုင်း ကျန်းမာ အသက်ရှည်စေဖို့ ကျွန်တော်တို့သည် တကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက် ဆောင်ရွက်ကြရမည်ဖြစ်၏။


မိမိကိုယ်ကို ဗဟိုပြုကာ မေတ္တာပို့ စက်ဝိုင်းချဲ့သွားဘိသကဲ့သို့ မိမိတကိုယ်ရေ သန့်ရှင်းရေး၊ ကျန်းမာရေးမှသည် မိသားစု သန့်ရှင်းရေး၊ ကျန်းမာရေး၊ ရပ်ရွာ၊ မြို့နယ်၊ ပြည်နယ်နှင့်တိုင်း တိုင်အောင် လူတိုင်းသန့်ရှင်း ကျန်းမာသည်အထိ တဆင့်ပြီးတဆင့် တိုးတက်အောင်မြင်သွားနိုင်ပါသည်။ ကျန်းမာရေးသည် အမျိုးသားရေး ဖြစ်လျက် နိုင်ငံတိုးတက်စည်ပင်စေကြောင်း အခြေခံကောင်းတရပ်လည်း ဖြစ်၏။ ကျန်းမာသန်စွမ်းသော လူငယ်လူလတ်များပြားပါမှ လူ့အရင်းအမြစ် လုပ်အား အပြည့်အဝ ရနိုင်ပါမည်။ စာသင်၍လည်းတတ်, အလုပ်မှာလည်းတော်၊ ဉာဏ်စွမ်းရည်လည်း ထက်မြက်၊ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရသည့်အကျိုး အဖိုအနဂ္ဃပါ။ ကျန်းမာသော လူအိုလူမင်းများအတွက် နိုင်ငံတော်က ဝန်မလေးသည်နှင့်အမျှ ကုန်ကျစရိတ်လည်း များစွာသက်သာနိုင်ပါ၏။


ခံတွင်းသန့်ရှင်းရေး---
ကျွန်တော်တို့ စားမျိုလိုက်သမျှ အစားအစာတို့သည် ခံတွင်းမှချည်း ဖြတ်သန်းသွားရပါသည်။ ခံတွင်းသန့်ရှင်းရေး ကောင်းမွန်နေသမျှ တော်ရုံ ဝမ်းပျက်ဝမ်းလျှော ဝမ်းဖော ဝမ်းရောင် ဝမ်းကိုက် စသော ဝမ်းဗိုက်၏ ပြဿနာကြီးငယ်များနှင့် အတော်အတန် ကင်းဝေးနိုင်ပါသည်။ 
ဝမ်းတလုံးကောင်း ခေါင်းမခဲ-ဆိုသော ရှေးဆိုရိုးစကားသည် မှန်လှ၏။ ကျွန်တော်တို့ သက်ရှည်ကျန်းမာဖို့ အစာအာဟာရကို နေ့တိုင်း စားသုံးဝါးမျိုနေကြရပါသည်။ သွားတွေက ဝါးကြိတ်ပြီး မျိုချလိုက်သောအခါ အစာများသည် အစာအိမ်သို့ ရောက်ရှိသွား၏။ အစာချေရည် (တိုင်းရင်းဆေးပညာ အလိုအားဖြင့် ပါစကမီး၊ အင်္ဂလိပ်သိပ္ပံဆေးပညာနည်းအရ ဟိုက်ဒရိုကလိုရစ်အက်စစ်ဓာတ်)၏ အစွမ်းကြောင့် ကြေညက်ရ၏။ အစားအစာ၏ အဆီသြဇာဓာတ်များကို အူမ အူသိမ်လမ်းကြောင်းတလျှောက်က စုပ်ယူထားလိုက်၍ ကျွန်တော်တို့အားအင်ပြည့်ဖြိုးကြရသည်။ ကဲ-အစားအစာများ ရှေးဦးတွေ့ကြုံဖြတ်သန်းရသည်မှာ အာခံတွင်း မဟုတ်ပါလား၊ အာခံတွင်း သန့်ရှင်းရေး မည်မျှအရေးပါသည်ကို ရိပ်စားမိလောက်ပါပြီ။

အာခံတွင်း၌ အဓိကသွားများနှင့် လျှာ၊ သွားဖုံး၊ ပါးစောင်၊ အာခေါင်စသည့် အစိတ်အပိုင်းများ ပါဝင်နေ၏။ အစာကြေညက်ဖို့ သွားများကောင်းမွန် သန်စွမ်းရပါလိမ့်မည်။ သွားပိုးအပေါက်များ ရှိနေသည်၊ ကိုက်သည်၊ နာသည်၊ မစားနိုင်ပြီ၊ မအိပ်နိုင်ပြီဆိုလျှင် ကျန်းမာရေး မပြည့်စုံနိုင်ပါ။ ကျန်းမာရေးချွတ်ယွင်းလျှင် လူလည်းမမတ် မထောင်နိုင်ဘဲ သာခွေယိုင်ဖြစ်ပါပြီ၊ စားနိုင်ဝါးနိုင် ကြေညက်နိုင်၊ အိပ်စက်နိုင်ပါမှ ကျန်းမာသန်စွမ်းနိုင်ပါလိမ့်မည်။

စိတ်လုံခြုံမှု---
လူသားဆိုသည်မှာ အချင်းချင်း ပေါင်းသင်းဆက်ဆံရသော သက်ရှိများဖြစ်ကြ၏။ ဆက်ဆံရေးတွင် စကားပြောဆိုဆက်သွယ်ရခြင်းမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်နေ၏။ အာခံတွင်း အနံ့အသက်မကောင်းဟု သူများကလည်းပြော မိမိကလည်း သိရှိရိပ်မိနေပါက အလိုလိုနေရင်း စိတ်မလုံမလဲဖြစ်ကာ သိမ်ငယ်စိတ်ဝင်နေတတ်ပါသည်။ ထိုသိမ်ငယ်စိတ်သည် ကြီးပွားတိုးတက်ရေးအတွက် ကြီးစွာသော အဟန့်အတားတရပ်ဖြစ်၏။ မိမိစိတ်လုံခြုံမှု ရရှိနိုင်စေဖို့ ခံတွင်းကျန်းမာသန့်ရှင်း ကြာညိုနံ့သင်းရန် မလွဲမသွေ လိုအပ်ပါသည်။

ဘာကြောင့်အနံ့အသက်ရှိရပါသနည်း၊ ညစ်ပတ်သောကြောင့်ဟု လိုရင်းတိုရှင်း ဖြေကြား ရလျှင် တဲ့တိုးကြီး
ဖြစ်ကာ နားရိုင်းသောကြောင့် မည်သူမျှ ကြိုက်နှစ်သက်ကြမည်မဟုတ်ပေ။ အမှန်စကား ဖြစ်ပါ၏။ ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်၊ ညစ်ပတ်လှသောကြောင့် သွားများ သွားပိုးစားတော့၏။ သွားပိုးပေါက်ထဲသို့ အစာများ ဝင်ခိုနေ၏။ ထိုစားကြွင်းစားကျန်များ ပုပ်သိုးဆွေးမြည့်ကာ ပုပ်နံ့ထောင်းခနဲထစေတော့၏။ သွားကြားညှပ်သောနေရာများ၌ အသားမျှင်များ၊ မှို၊ မျှစ်ကဲ့သို့ အမျှင်ကြမ်းများညှပ်ခိုနေရာ
တော်ရုံသွားကြားထိုးတံဖြင့်လည်း မထွက်၊ သွားတိုက်လို့လည်း မရနှင့် ဒုက္ခအကြီးအကျယ်ပေးပါ၏။ ပိုးစားပေါက်က နောက်မှဖြစ်မည်။ လောလောလတ်လတ် အစာပုပ်ကြောင့် သွားဖုံးရောင်မည်၊ ပြည်တည်မည်၊ ရောင်ကိုင်းမည်၊ ပုပ်နံ့ဆိုးမည် သေချာပါတော့သည်။


သွားခြေရှိ ကျောက်ချပ်လွှာများကြောင့်လည်း သွားဖုံးရောင် သွေးယိုစိမ့်နိုင်ပါသည်။ ကျောက်ချပ်ကြား၌ မှီတွယ်စားသောက် ပွားများနေသော ဘက်တီးရီးယား ကပ်ပါးပိုးမွှားကြောင့် အနံ့အသက် ပိုဆိုးလာ၏။ ပိုးမွှားစွန့်ထုတ်သော အညစ်အကြေးများကြောင့် အနံ့အသက် ပိုမိုဆိုဝါးခြင်းပါ။ သွားဖုံးရောင်ပြီဆိုသည်နှင့် ယိုစိမ့်သော သွေးပြည်များကြောင့် အနံ့ပြင်းရခြင်း ဖြစ်၏။ သွားဖုံးတင် ရောင်ခြင်းမဟုတ်မူဘဲ သွားမြစ်ပတ်လည်ရှိ အမြစ်ပတ်အမှေးပါးပါ ကိုင်းရောင်လာရင် သွားများယိုင်နဲ့ခြင်း၊ သွေးကြောင့် ပြည်ကြောင့် စိမ့်ယိုထွက်ခြင်းများကလည်း အနံ့အသက် ပိုဆိုးစေပြန်၏။ စောစောအချိန်မီ မကုသလိုက်နိုင်ပါလျှင် သွားတွေ တချောင်းပြီးတချောင်း ယိုင်နဲ့ကျွတ်ထွက်ကုန်တတ်၏။ မြစ်ရေစီးကြောင့် ကမ်းပါးမြေ ပြိုသလို သွားပြိုကျသည်များမှာလည်း လျင်မြန်ဆိုးဝါးလှသောကြောင့် ရေစီးကမ်းပြို ဒန္တစို-ရောဂါဟု အမည်ပေးထားခြင်းဖြစ်၏။ သွားတွေ မျိုးပြုတ်တော့မှပဲ ရပ်နား၏။


ရှေးလူကြီးများ မနက်မျက်နှာသစ် သွားတိုက်ပြီးလျှင် နှီးခေါက် (ဝါးကြောပါးပါး) လေးဖြင့် လျှာကို ဂရုတစိုက် ခြစ်ပစ်တတ်၏။ လျှာတွင်ကပ်ငြိနေသော အညစ်အကြေးများကို သန့်ရှင်းနည်းတမျိုး ဖြစ်ပါသည်။ လျှာ၏ အဖုအပိန့်ကွဲကြောင့် အက်ကြောင်းများတွင်လည်း ကပ်ပါးကောင် ဘက်တီးရီးယားများ မှီခိုပွားများနေတတ်၏။ လူ့ကျန်းမာရေး ညံ့ဖျင်းချိန် ပိုဆိုး၏။ ဆရာဝန်များ လူနာကို စစ်ဆေးလျှင် လျှာထုတ်ခိုင်းပြီး အကဲခတ်သည်မှာ လျှာဖြူထူသလား၊ နီပါးသလား ကြည့်ရှုခြင်းဖြစ်၏။ အူရောင်ငန်းဖျား တိုက်ဖွိုက်ကဲ့သို့ ရက်ရှည်ဖျားနာသူတို့၏ လျှာမှာ ဖြူပြီး ထူထဲလှ၏။ အနံ့အသက်လည်း ဆိုးဝါးနေပါသည်။


ထို့ကြောင့် တကိုယ်ရေသန့်ရှင်းရေး ဦးစားပေးရမည် ဖြစ်သလို ခံတွင်းသန့်ရှင်းရေးကိုလည်း ဂရုတစိုက် ဆောင်ရွက်ပေးကြရပါမည်။ သွားပိုးပေါက်၊ သွားဖုံးရောင်သွေးယို၊ ရေစီးကမ်းပြို ဒန္တစို၊ သွားခြေကျောက်တည်ခြင်းတို့သည် ခံတွင်းအနံ့ဆိုးစေကြောင်း ဖော်ပြပါအချက်များမှ ကင်းလွတ်လျှင် အာခံတွင်းကြာညိုနံ့ သင်းမည်ဖြစ်ကြောင်း အနှစ်ချုပ်အားဖြင့် တင်ပြလိုက်ရပါသည်။


ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်) သ.ခ.၁၃၆
(လုံမလေး ၂၀၀၆-နိုဝင်ဘာ)

No comments: