Monday, July 25, 2011

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာဆိုတာ-
ကံ, ကံရဲ့အကျိုးကို ယုံကြည်တာ၊
အကြောင်း အကျိုး ဆက်နွယ်မှုကို သဘောပေါက်တာ၊
ဖြစ်ပေါ်သမျှ ချုပ်ပျောက်တယ်ဆိုတဲ့ အချက်ကို ဉာဏ်အမြင်ပေါက်တာပါ။

ပထမအချက်က- ကံ,ကံရဲ့အကျိုးကို ယုံကြည်တာ၊
ဒုတိယအချက်က- ကြောင်းကျိုးဆက်နွယ်မှုကို သဘောပေါက်တာ၊
တတိယအချက်က- ဖြစ်ပေါ်သမျှ ချုပ်ပျောက်တယ် ဆိုတာကို ဉာဏ်အမြင်ပေါက်တာပါ။
အဲဒီအချက် ၃-ခုက တခုနဲ့တခု ဆက်နေပါတယ်။

ကံ, ကံရဲ့အကျိုးကို ယုံကြည်ရင် ဖြစ်သမျှ တရားတွေဟာ အကြောင်းကြောင့် အကျိုး ဖြစ်ကြတယ် ဆိုတဲ့ ကြောင်းကျိုးဆက်နွယ်မှုကို သဘောပေါက်နိုင်ပါတယ်။
ကြောင်းကျိုး ဆက်နွယ်မှုကို သဘောပေါက်ရင် ဖြစ်ပေါ်သမျှ အလုံးစုံ ချုပ်ပျောက်တယ်ဆိုတဲ့ အချက်ကို တဆင့်တက်ပြီး သဘောပေါက်နိုင်ပါတယ်။

ဖြစ်ပေါ်သမျှတို့ အလုံးစုံ ချုပ်ပျောက်တယ်ဆိုတဲ့အချက်ကို သဘောပေါက်တဲ့အချက်ကို သဘောပေါက်တဲ့ အနေမျှသာ မဟုတ်ဘဲ ကိုယ်ပိုင်ဉာဏ်နဲ့ တကယ်အသိဉာဏ်ပေါက်ရင် ဗုဒ္ဓဘာသာမှာ ကိစ္စပြီးပါတော့တယ်။ ကျွန်တော် အဲဒီလိုပဲ လက်ခံထားတယ်။

ဒီနေရာမှာ အလျဉ်းသင့်လာလို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့အမြင်ကိုလည်း ပြောပြချင်ပါသေးတယ်။
ဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားထားတာက-
၁။ သတ္တဝါတိုင်းမှာ အဝိဇ္ဇာ နှင့် တဏှာ အခြေခံနေပါသတဲ့။
၂။ အဲဒီတရား ၂-ပါး မကုန်ခန်းသမျှ သံသရာမှာ ဒုက္ခမျိုးစုံခံ၍ တဘဝပြီး တဘဝ ကျင်လည်နေကြရမှာပါတဲ့။
၃။ အဝိဇ္ဇာနဲ့ တဏှာ ကုန်ခန်းမှ ရဟန္တာအဖြစ်ရောက်ပြီး သံသရာဘဝအစဉ်ပြတ်မှာပါတဲ့။
၎။ ဗုဒ္ဓမြတ်စွာတဆူ ပွင့်တော်မူလာခြင်းရဲ့ ပဓာနအကျိုးကတော့ အဝိဇ္ဇာ, တဏှာ ကုန်ခန်းဖို့ပါပဲ။ အဝိဇ္ဇာ, တဏှာ မကုန်ခန်းသူတွေ အဖို့ ထိုက်တန်တဲ့ သုခချမ်းသာကို ရကြဖို့ ဖြစ်ပါသတဲ့။
၅။ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ဆိုတဲ့ တရား၃-မျိုးဟာ ခုနက ပြောခဲ့တဲ့ အကျိုးတွေကို ထိုက်တန်သမျှ ပေးစွမ်းနိုင်ကြပါသတဲ့။

အရှင်ဇနကာဘိဝံသဟောကြားခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အမြင်ဟာ ဗုဒ္ဓဘာသာဝင်တိုင်း လက်ခံရမယ့်အမြင် ဖြစ်ပါတယ်။

ဆရာကြီးဦးကျော်ထွဋ် အမြင်က မဉ္ဇူသက ပဋိစ္စသမုပ္ပါဒ် ဟောစဉ်မှာ ဗုဒ္ဓဘာသာတရားရဲ့ အကျဉ်းချုပ် တနည်းပြောရရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့အမြင်ကို ထည့်ပြီးဟောခဲ့ပါတယ်၊
ဆရာကြီး ဟောထားတာက ဗုဒ္ဓဘာသာတရားရဲ့ အကျဉ်းချုပ်ကို ပြောပါဆိုရင် ကိလေသာဝဋ်ဆိုတဲ့ ကိလေသာကို ပယ်ဖို့က လိုရင်းပဲတဲ့။

အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ရှိရင် ကုသိုလ် အကုသိုလ်ကံတွေကို လုပ်မယ်၊ ကုသိုလ် အကုသိုလ်ကံ မျိုးစေ့ရှိရင် အပင်ပေါက်မယ်၊ လူပင်ပေါက်မယ်၊ နတ်ပင်ပေါက်မယ်၊ ဗြဟ္မာပင်ပေါက်မယ်၊ တိရစ္ဆာန်ပင်တွေလည်း ပေါက်မယ်၊ ကိလေသာက ရွှံ့ညွှန်ရေနဲ့ တူတယ်၊ ကုသိုလ် အကုသိုလ်ကံက မျိုးစေ့နဲ့တူတယ်၊ ဘုရား ရဟန္တာတို့ရဲ့  ကုသိုလ်ကံတွေကိုတော့ အဘိဓမ္မာမှာ ကြိယာလို့ ခေးတယ်၊ နော်ကဘဝ ပဋိသန္ဓေအကျိုး မပေးတော့တဲ့အတွက် ကြိယာလို့ခေါ်တာပါတဲ့၊ ပုထုဇဉ်မှာတော့ ကံတွေလုပ်သမျှ ပဋိသန္ဓေ အကျိုးတွေ ရနေမှာပါ။ ဒါကြောင့် အရေးကြီးတာကတော့ ကိလေသာဝဋ်ကို ပယ်ဖို့ပါပဲ။


ဆရာကြီး ဦးရွှေအောင် ပြောခဲ့တာကတော့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဟာ လူ့ဘဝကို ဒုလ္လဘအဖြစ် တန်ဖိုးထားပြီး အချင်းချင်း အနစ်နာခံခငြ်း အလောဘ၊ အချင်းချင်း ငဲ့ညှာခြင်း အဒေါသ၊ ယထာဘူတကျကျ မြင်တတ်ခြင်း အမောဟတို့နဲ့ အများရဲ့ ကောင်းကျိုး လောကတ္ထကို ပထမ၊ အသိုက်အဝန်းရဲ့ အကျိုး ဉာတတ္ထကို ဒုတိယ၊ မိမိအကျိုးအတ္တကို တတိယ ထားခြင်းပါပဲ။

ကနေ့ ဗုဒ္ဓသာသနာကို ကြည့်လိုက်တဲ့အခါ ဗုဒ္ဓဘုရားရှင်ကို မျက်ဝါးထင်ထင် မမြင်ရတာကလွဲလို့ ကျန်တာတွေက အင်္ဂါစုံရှိနေပါတယ်
ရှုမဟာသီလဝံသ-က
ဆုတောင်းခန်းပျို့ နိဂုံးမှာ 
ဘုရားကိုယ်ထင်
မမြင်ရသည်
တမည်သာမြို့
အင်မချို့သည်
ဤသို့ သာသနာတော်တည်း-လို့ ရေးဖွဲ့ခဲ့ပါတယ်။


ရှင်တော်ဘုရား ဟောကြားခဲ့တဲ့ သုတ်၊ ဝိနည်း၊ အဘိဓမ္မာဆိုတဲ့ တရာေးတွလည်း ရှိတယ်။ အဲဒီ သုတ် ဝိနည်း အဘိဓမ္မာတွေကို သင်္ဂါယနာအဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်ပြီး ဟောဖော်ညွှန်ကြား ဆိုဆုံးမပေးတဲ့ သံဃာတော် အရှင်သူမြတ်တွေလည်း ရှိတယ်၊ အဲဒါကြောင့်-
ဘုရားဘဂဝန်
အလားလွန်၍ 
ထားညွှန်နောက်ခေတ်
အဆစ်ဆစ်ဝယ်
ရှစ်ယောက်ခုရှိ
သမ္မုတိအရိယာ
မြတ်သံဃာကြောင့်
ရတနာရှစ်ပါး
ကွာမခြားဘဲ
ဘုရားမမေ့
တရားတွေ့၏-
ဆိုတဲ့စာလို သံဃာတော်အရှင်သူမြတ်တွေရဲ့ ကျေးဇူးတရားကြောင့် ဘုရားမမေ့တဲ့အပြင် တရားလည်း တွေ့နေရပါတယ်။



No comments: