Friday, July 22, 2011

ကျေးလက်က မီးဖွားလွယ်ကူစေတဲ့ နည်း

အမျိုးသမီးများအဖို့ မီးဖွား သားမွေးရခြင်းသည် အမျိုးသားတို့ဖက် ထူးခြားသော အာဝေဏိကဒုက္ခတမျိုး
ဖြစ်ပါသည်။ သို့အတွက်လည်း ယောက်ျား ဖောင်စီး-မိန်းမ မီးနေ-ဟူ၍ အသက်အန္တရာယ်နှင့် နီးပုံ စကားပုံ ရှိခဲ့ခြင်း ဖြစ်ပါသည်။ လူသားတဦးမှ အခြားအသစ် လူသားတဦး မွေးဖွားရခြင်းသည် လူ့ပြည်မှ အပ်တစင်းနှင့် နတ်ပြည်မှ အပ်တစင်း ဆုံတွေ့ဘို့ရန် ခဲယဉ်းသလိုပင် တင်စားဆိုကြပါသည်။


ထိုသို့ခက်ခဲသော မီးဖွားသားမွေးခြင်းကိုပင် အမျိုးသမီးများသည် မိခင်မေတ္တာ စိတ်ရင်းခံဖြင့် မကြောက်မရွံ့ နောက်မတွန့်ဘဲ ဟောတယောက် ဟောတယောက် ဆိုသလို သားသား မီးမီးလေးတွေ မွေးဖွားပေးခဲ့ကြသည်။ သို့အတွက်လည်း လူသားမျိုးဆက်သစ်များ ပွားစီးလာပြီး လူ့ဘဝကြီး ကမ္ဘာကြီး တိုးတက်ပြောင်းလဲလာခဲ့ရသည်ပင် မဟုတ်ပါလား၊ ထားပါတော့။


ယင်းကဲ့သို့ အမျိုးသမီးများမှ မိခင်စိတ်အပြည့်ဖြင့် ရင်သွေးငယ်ကို မွေးဖွားရာတွင် လွယ်ကူသည့်အခါ အဆင်ပြေချောမွေ့သည့်အခါရှိသလို မလွယ်ကူ ခက်ခဲကြန့်ကြာသည့်အခါများလည်း ကြုံရတတ်ပါသည်။ ထိုသို့ ခက်ခဲကြန့်ကြာရသည့်အခါများတွင် ဆေးရုံ၊ ဆေးခန်း၊ ဆေးဝါး၊ ဆရာဝန်ဝေးသော အရပ်ဒေသများအတွက် အုတ်တချပ် သဲတပွင့် အထောက်အကူပြုစေခြင်းငှါ အရပ်လက်သည် အဒေါ်ကြီးများထံမှ ဘဝတွေ့ထဲမှ ရရှိ သိရှိခဲ့ရသော မီးဖွားလွယ်ကူစေသည့် နည်းစနစ်များကို တင်ပြရေးသားအပ်ပါသည်။


တောကြက်မောက်ခေါ် ကြက်မောက်ဆူးပျံပင် ခေါ်-စစ်သိမ်ပင်မှ အမြစ်ကိုသော်၎င်း၊ အဖူးအပွင့် ဖြူဖြူဖွေးဖွေး အတံရှည်များနှင့် ပွင့်တတ်သည့် ရိုးရိုးတောကြက်မောက်၏ အမြစ်ကိုသော်၎င်း ရေစင်စွာဆေးပြီး ထန်းလျက်နှင့် ကျို၍ အကြမ်းပန်ကန်တဝက်ခန့် သောက်ပေးပါ။ ထိုတောကြက်မောင်အမြစ်ကို ရေနှင့် ပျစ်ပျစ်သွေးပြီး ချက်နှင့် ဆီးအိမ်ပေါ် လိမ်းပေးပါ။ ထိုတောကြက်မောက်မြစ်ကို ထုထောင်း၍ ခါးပတ်လည်တွင် စည်းပေးထားပါ။ လက်ထဲတွင် ပေါက်ပန်းဖြူသစ်ကိုင်း သို့မဟုတ်-ပေါက်ပင်မှ ပေါက်သစ်ကိုင်းကို ဆုပ်ကိုင်ထားစေခြင်းဖြင့် လွယ်ကူစွာ မီးဖွားစေပါသည်။


အခြားတနည်းမှာ ကြောင်ပန်းရွက် သို့မဟုတ်-မုရားကြီးရွက်ကို ကြိတ်ခြေ၍ ချက်၊ ဆီးအိမ်နှင့် ယောနိတို့တွင် လိမ်းပေးပါ။ ပဲပုစွန်ရွက်ကိုကြိတ်၍ သတ္တုရည်ညှစ်ယူ ဟင်းသောက်ဇွန်း တဇွန်း၊ နှစ်ဇွန်းခန့် တိုက်ပေးပါ။ အလွယ်တကူ မီးဖွားစေပါသည်။ 
သစ်ပင်ခုတ်၍ ကျန်ခဲ့သော သစ်ငုတ်စကို ဖဲ့ခုတ်ယူပြီး ဦးခေါင်းဆံပင်ထဲသို့ ပန်းပန်သလို ထိုးစိုက်ထားပါ။
သို့မဟုတ်-ခရီးသွားလာ အသုံးပြုပြီးသော မီးရထားလက်မှတ် အမြန်ရထားလက်မှတ်တို့ကို ဦးခေါင်းတွင် ပန်းပန်သလို ထိုးစိုက်ပန်ထားပါ။ အလွယ်တကူ မီးဖွားစေသော ဂမ္ဘီရနည်းပညာ ဖြစ်ပါသည်။


အကယ်၍ ကလေးသည် မိခင်ဝမ်းထဲတွင် သေနေသည်ဟု ကျွမ်းကျင်သော အရပ်လက်သည်မှ သိရှိလျှင် သလဲပင်မှ အခေါက်ကို ခွာယူပြီး မီးရှို့၍ ယောနိပေါက်ဝတွင် မှိုင်းခံပေးလိုက်လျှင် ကလေးအသေသည် သားအိမ်ညှစ်အားနှင့် အပြင်သို့ ထွက်လာပါလိမ့်မည်။


ယခုတင်ပြခဲ့သည့် နည်းစနစ်များသည် ဆေးရုံ ဆေးခန်း ဆေးဝါး ဆရာဝန်နှင့် ဝေးလံသီခေါင်သော
တောကျေးလက်များတွင် မိခင်တိုင်းအတွက် အုတ်တချပ် သဲတပွင့်ဆိုသလို များစွာ အထောက်အကူပြုခဲ့သော ဘဝထဲမှ နည်းပညာများဖြစ်ပြီး အရေးကြုံလျှင် အသုံးပြုနိုင်ရန် လေ့လာရှာဖွေ မေးမြန်း၍ မှတ်စုထုတ်ကာ ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။ 


ကျန်းမာချမ်းသာ လန်းဖြာကြပါစေ
နတ်မောက်မင်းချစ်နော် 
(သူရဇ္ဇ ၂၀၀၉-ခု ဇူလိုင်လ)

No comments: