Friday, July 29, 2011

ချဉ်ဆီခမ်း၍ တလှမ်းချင်း

ချဉ်ဆီခမ်း၍ တလှမ်းချင်း လျှောက်နေရသည့် ဦးပေါက်ချမ်း

အသက် ၆၃-နှစ် ရှိပြီဖြစ်သော ကိုးကန့်အမျိုးသား ဦးပေါက်ချမ်းတယောက် တုတ်ကောက်တချောင်း အားပြုကာ ကျွန်တော့်တို့ဆေးရုံသို့ မကြာခဏ ရောက်လာတတ်သည်။ ဆေးခန်းအတွင်းရှိ ခုတင်ပေါ်တွင် ထိုင်မိသည်နှင့် ဆရာကြီး ကျွန်တော့်ခါးက အရင်လိုပဲ နာနာနေတယ်၊ လမ်းကို ကောင်းကောင်းမလျှောက်နိုင်ဘူး-ဟု ညည်းရှာသည်။ မှန်ပါသည်၊ ဦးပေါက်ချမ်းတယောက် ကျွန်တော်တို့ဆေးရုံသို့ လာရောက်ပြသကုသမှု ခံယူနေသည်မှာ ၅-နှစ်ကျော် ၆-နှစ်ခန့် ရှိနေလေပြီ။

သူ၏ခါးနာရောဂါမှာ အခြားလူနာများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ခါးရိုးအကြောညှပ် (P.L.D) ခေါ် PROLAPSED INTER VERTEBRAL DISC ရောဂါမျိုး မဟုတ်၊ သူ၏ခါးတွင်းရှိ အရိုးများ တဖြည်းဖြည်း ပါးသွားပြီး ခန္ဓာကိုယ်အား ထိန်းအားလျော့သွား၍ ပျော့သွား၍ဖြစ်သည်၊ အမှန်တော့ ခါးကို မတ်အောင်ထိန်းထားသော ခါးရိုးအထူးကြီး ငါးခုအတွင်းရှိ (CALCIUM) ခေါ် ထုံးဓာတ်များ လျော့သွားသည့် (OSTEOPOROSIS) ရောဂါကြောင့် ဖြစ်သည်။ အသက်ကြီးလာလျှင် ခန္ဓာကိုယ်အား တည်ဆောက်ထားသည့် လက်မောင်းရိုး၊ ပေါင်ရိုး၊ ခါးရိုးများတွင် ထုံးဓာတ်နည်းသွားပြီး အနည်းငယ် ဒဏ်ရာရရုံဖြင့် ပေါင်ရိုးကျိုး၊ လက်ရိုကျိုး၊ ခါးရိုးကျိုး ရောဂါများ ဖြစ်တတ်သည်။ 

ယခု ကျွန်တော်တို့ ဆေးရုံသို့ရောက်ရှိနသည့် ဦးပေါက်ချမ်း၏ ခါးရိုးကို ဓာတ်မှန်ရိုက်ကြည့်သည့်အခါတွင် သူ၏မဏ္ဍိုင်ခါးရိုး ၅-ခုစလုံး အရိုးများပါး၍ ကျိုးတော့မည့်အသွင် ဆောင်နေသည်။ ထို့ကြောင့် ဦးပေါက်ချမ်းအား ခါးရိုးကို များစွာ အားမပြုဖို့၊ ကြာရှည်စွာ ထိုင်မနေဖို့၊ လေးလံသော ပစ္စည်းများကို မ,ခြင်း မပြုဖို့ မှာထားရသည်။ ထို့အပြင် သူ့အား အရိုးများ ပြန်လည်အားကောင်းလာစေမည့် ကယ်လ်ဆီယမ် (CALCIUM)ခေါ် ထုံးဓာတ်ပါသော နွာါ်နို့များ၊ ကယ်လ်ဆီယမ်ဆေးပြားများ၊ ဗီတာမင် ဒီ-တူး ဆေးများ တိုကကျွေးထားသည်။ အကိုက်အခဲ အနာအကျင်ပျော်ကဆေးများကိုပါ တွဲ၍ ပေးထားပါသည်။

အမှန်တော့ ဤအရိုးပါး ချဉ်ဆီခမ်း ရောဂါများမှာ အနော်ကနိုင်ငံများတွင်သာ အဖြစ်များသည်။ အာရှတိုက်နှင့် ကျွန်တော်တို့ မြန်မာပြည်တွင် အဖြစ်နည်းသည်။ အဖြစ်နည်းသည့်ကြားမှ တဦးစ နှစ်ဦးစ ပေါ်လာလျှင် ဤတဦးစ နှစ်ဦးစ လူနာများကို အထူးဂရုစိုက်၍ ကုသပေးရသည်။ ထိုသု့ ကုသ၍ မပေးပါက သူတို့၏ ပါးလိုက်လာသော ခါးရိုးများသည် အရိုးတခုနှင့်တခု ဖိ၍ကျိုးကာ အရိုးကြားမှထွက်လာသော အာရုံကြောများကို ဖိပြီး အကြောသေရောဂါ၊ လမ်းမလျှောက်နိုင်၊ ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်သည့် ရောဂါများ ကွင်းဆက် ပေါ်လာတတ်သည်။

အမျိုးသမီးများတွင် သွေးဆုံးချိန်၊ ရာသီဆုံးချိန်၌ ဤရောဂါမျိုး ပေါ်လာတတ်သည်။ အရိုးများ ထုံးဓာတ် ကုန်ခမ်းမှုကြောင့် ပါးသွားပြီဆိုလျှင် အရိုး ပြန်ထူထောင်ကုသဖို့ လွယ်မယောင်နှင့် ခက်လာသည်။ (LUMBAGO)ခေါ် တော်ရုံတန်ရုံ ခါးနာခါးကိုက် ရောဂါဆိုလျှင် လိမ်းဆေးများလိမ်းပေး၊ နော်ကဆုံးပေါ် (DICLOFENAC) ထိုးဆေးများ ထိုးပေးက သက်သာနိုင်သည်။ စအိုတွင်းသို့ ထည့်ရသော (SUPPOSITORY) ခေါ် (VOLTAREN) အကိုက်ပျောက်ဆေးများလည်း သုံး၍သက်သာနိုင်သည်။

ထို့ကြောင့်ပင် အသက်အရွယ် ကြီးလာသူများအား အရိုးဒဏ်ရာ မရအောင် အထူးဂရုစိုက်ရသည်။ အထူးသဖြင့် ရေချိုးခန်းတွင်း ချော်လဲ၍ ပေါင်ရိုးဆွေးကျိုးသည့်ရောဂါ၊ လက်ကော်ကဝတ်ကျိုးသည့်
ရောဂါသည်များများစွာတွေ့ရသည်။ ဆေးဝါးအဖြစ် အစားအသောက်ကိုလည်း ဂရုစိုက်ဖို့လိုပြန်သည်။

အစားများ၍ အဝလွန်ရောဂါ မဖြစ်အောင် မနည်းသတိထားကြရသည်။ ဝသောသူများသည် လူကသာ ဝနေသည်။ သူ၏ အရိုးများ၊ နှလုံးများ၊ ကျောက်ကပ်များသည် မှန်တနမ်း ကိုယ်ခန္ဓာရှိသူများလောက် မသန်မာ၊ မခိုငမာတော့၊ အတိမ်းအစောင်း မခံ၊ ဒဏ်ရာအနည်းငယ်ရရုံဖြင့် မထူနိုင် မထနိုင် မလူနိုင် ဖြစ်တတ်သည်။

ဤအရိုးတွင်း ချဉ်ဆီခမ်း အရိုးပါးရောဂါများသည် ခန္ဓာကိုယ်အတွင်း ပျက်စီးယိုယွင်းလာသော ရောဂါဖြစ်၍
ပျောက်ခဲလှသည်။ ပေါင်ရိုးကျိုးလျှင် အိပ်ရာထက်တွင် ဗုံးဗုံးလဲနေရတော့သည်။ ထို့ကြောင့် ဤပျောက်ခဲလှသော တည့်တည့်ပြောရလျှင် မပျောက်နိုင်တော့သော ဤရိုးတွင်းချဉ်ဆီခမ်းရောဂါ မဖြစ်ရအောင် အသွားသတိ၊ အလာသတိ၊ နေသတိ၊ ထိုင်သတိ၊ သတိအမြဲတမ်း ထားကြပါဟု တိုက်တွန်းလိုက်ပါသည်။

ကမ္ဗောဇ ခင်လှိုင်
(ကလျာမဂ္ဂဇင်း ၂၀၀၆-အောက်တိုဘာ)


No comments: