Friday, July 22, 2011

ခြေလက် ကိုက်ခဲ ထုံကျဉ်ခြင်းအတွက် လိမ်းဆေး၊ သောက်ဆေး

ခြေလက်ကိုက်ခဲ ထုံကျဉ်ခြင်းသည် သွေးကြော၊ လေကြော မပွင့် ပိတ်ဆို့ခြင်းနှင့် ဆီး, ဝမ်း, ဓာတ်လေ ညီညွတ်မှန်ကန်မှု မရှိခြင်းကြောင့်ပင်ဖြစ်ပါသည်။ သို့အတွက် ခြေလက်ထုံကျဉ် ကိုက်ခဲမှုကို သက်သာ ပျောက်ကင်းစေရန်အတွက် လိမ်းဆေး၊ သောက်ဆေး နှစ်မျိုးနှင့် ဂရုစိုက်ပါမှ သက်သာပျောက်ကင်း စေပါလိမ့်မည်။

အလွန်လွယ်ကူပြီး မိသားစုနေအိမ်တိုင်း ပြုလုပ်ဖော်စပ်နိုင်သော ငွေကြေးကုန်ကျမှု မရှိသည့် လိမ်းဆေးနည်းကို တင်ပြအပ်ပါသည်။

လိမ်းဆေးနည်းမှာ---
၁။ နေအိမ် မီးဖိုချောင်တွင် ကပ်နေသော ကျပ်ခိုးကို ခြစ်ယူစုပါ။
၂။ နနွင်းမှုန့်စစ်စစ် ရယူပါ။
(ဆန်မှုန့်လွတ် နနွင်းမှုန့်)
၃။ နေအိမ်မီးဖိုမှ ပြာ (စဖိုလယ်ပြာ) ယူပါ။
၎။ မီးဖိုချောင်သုံး ရိုးရိုးဆား ရယူပါ။
၅။ စမုန်နက်စေ့ ရယူပါ။
(ပရဆေးဆိုင်မှာ ပေါပါသည်)


အထက်ဖော်ပြပါ ကျပ်ခိုး၊ နနွင်းမှုန့်၊ စဖိုလယ်ပြာ၊ ဆား၊ စမုန်နက်စေ့ ဟူသော ဆေးအမည် ငါးပါးကို အလေးချိန် အညီအမျှစီ (၃-ကျပ်သားစီခန့်) စုယူပြီး ညက်စွာကြိတ်ပါ။ ညက်အောင်ကြိတ်ပြီးပြီဆိုမှ
ကြွေပန်းကန်လုံးတွင် ရေသင့်တင့်စွာဖြင့် မပျစ်လွန်း၊ မကျဲလွန်း ဖျော်ပြီး ထုံသော၊ ကျဉ်သော၊ ကိုက်ခဲသော ခြေ,လက်နေရာများကို ဆေးစိမ့်ဝင်အောင် စိတ်ရှည်ရှည်နဲ့ ဖိပွတ်ဆွဲဖွ လိမ်းပေးပါ။ 
ရောဂါ အနု အရင့်ကိုလိုက်၍ တနေ့လျှင် နှစ်ကြိမ် သုံးကြိမ် ငါးကြိမ်အထိ သင့်သလို မှန်မှန်လိမ်းပေးသွားပါ။ ဆေးလိမ်းလျှင် ရက်ကျော်မလိမ်းပါနဲ့၊ နေ့စဉ် ပုံမှန်လိမ်းပေးသွားဖို့ လိုပါသည်။ တပတ် ဆယ်ရက်ခန့် လိမ်းပြီးလျှင် မိမိကိုယ်ကို သတိထားကြည့်ပါ။ ထူးခြားစွာ သက်သာပျောက်ကင်းလာသည်ကို
တွေ့သိရပါမည်။ မြန်မာ့ရိုးရာ လိမ်းဆေးစစ်စစ်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုး မရှိပါ။ ယုံကြည်စိတ်ချစွာ လိမ်းပါ။ ပျောက်ကင်းသူ များလှပါပြီ။

သောက်ဆေးနည်းမှာ---
သောက်ဆေးနည်းမှာ အလွန်လွယ်ပါသည်။ တောအရပ်တွင် သဘာဝအလျောက် ပေါက်ရောက်သော
မျောက်ချောပင်မှ အခေါက်ကို ခွါယူပါ။ မျောက်ချောခေါက် တထွာခန့်ကို နုပ်နုပ်စဉ်းပြီး ရေမတ်ခွက် သုံးခွက်နှင့် တခွက်တင်ကျန်အောင် ပြုတ်ကျိုပါ။ နံနက် တကြိမ် ည-တကြိမ် ဆားသင့်စွာခတ်၍ သောက်ပေးရပါမည်။ ဆီး၊ ဝမ်း၊ လေ မှန်စေပါသည်။


နောက်ဆက်တွဲ လျက်ဆား---
ခြေလက်ကိုက်ခဲ ထုံကျဉ်ခြင်းအတွက် နောက်ဆက်တွဲ လျက်ဆား(လျက်ဆား)နည်းကို တင်ပြအပ်ပါသည်။
ကြခတ်ဝါးပင်မှ ဝါးမြစ်၊ ဆင်သားရေ၊ ကနခို တို့ကို အလေးချိန် အမျှစီယူရမည်။ 
အထက်ပါ ဆေးအမည်သုံးပါးကို မြေအိုးတွင် အလုံပိတ် (အဖုံးကို ရွှံ့ဖြင့်မံပိတ်ရသည်) ပြီးလျှင်
ဆေးအမည်သုံးပါးကို ပြာကျသည်အထိ မီးဖုတ်ပါ။ မီးဖုတ်ပြီး ပြာမကျလျှင် ထပ်၍ညက်အောင် ကြိတ်ပေးပါ။ နေ့စဉ် လက်ဖက်ရည်တဇွန်းစာခန့် မှန်မှန်လျက်ပေးပါ။ ဝမ်းချုပ်လျှင် ပိုမိုတိုး၍ ဆေးကို လျက်ပါ။


ထိုသို့ လိမ်းဆေး၊ သောက်ဆေး၊ လျက်ဆေးတို့ကို မှန်မှန် ပြုသွားလျှင် ခြေ၊ လက် ကိုက်ခဲထုံကျင်ခြင်း သက်သာပျောက်ကင်းသွားပါလိမ့်မည်။


နတ်မောက် မင်းသန့်နိုင်
(သူရဇ္ဇ ၂၀၀၉-ခု ဇူလိုင်လ)

No comments: