Saturday, August 6, 2011

ငလျင်

ငလျင်နှင့်ပတ်သက်ပြီး နက္ခတ္တဗေဒ ဂတိနတပိုင်းတွင် ကမ္ဘာမြေကြီး အပါအဝင် ဂြိုဟ်အားလုံးသည် နေမင်းကို စကြာဝဠာ၏ အလယ်ဗဟိုတွင်ထား၍ ကိုယ့်လမ်းနှင့်ကိုယ် ဝိုင်းပတ်လှည့်လည်သွားလာနေကြရာ 
ဂြိုဟ်ပြိုင်သမ၊ သမာဂမဂြဟယုဒ္ဓ၊ နေကြတ်လကြတ်နှင့် အကွာအဝေး မိုင်မျိုးစုံဖြင့် ရပ်တည်မှုပုံစံ 
အမျိုးမျိုး ဖြစ်ပေါ်လျက် ရှိသည်။ ထိုသို့သော အခြေအနေမျိုးစုံတို့၏ ဂုဏ်သတ္တိတို့မှ သက်ဆိုင်ရာ ကမ္ဘာ့အတွင်းအပြင် အစိတ်အပိုင်း အချို့ အားနည်းများ တုန်ခါလာခြင်းကို ဘူမိကမ္မငလျင်-ဟု
ခေါ်ခြင်း ဖြစ်သည်။

ငလျင် အမျိုးအစား (၃)မျိုးရှိပြီး-
၁။ အန္တရာယ်ကြီးမား ပြင်းထန်သော ငလျင်အမျိုးအစားမှာ တနှစ်လျှင် လေးကြိမ်၊ ငါးကြိမ် လှုပ်စေသည်။
၂။ ငလျှင်လှုပ်ကြောင်း အင်အားအသင့်အတင့်ရှိသော အမျိုးအစားမှာ တနှစ်လျှင် အကြိမ် (၂၀)မှ (၃၀)အတွင်း လှုပ်စေသည်။
၃။ လူတို့မသိနိုင်သော လှုပ်ရှားသည့် ငလျင် အမျိုးအစားမှာ တနှစ်လျှင် အကြိမ် ထောင်သောင်းမက လှုပ်စေသည်။

မြန်မာနိုင်ငံတွင် မြေငလျင်ကြီး၊ မြေငလျင်ငယ် အကြိမ် မရေမတွက်နိုင်အောင် လှုပ်ခဲ့သည်။ ၁၉၇၀-ပြည့်နှစ် စက်တင်ဘာ (၉)ရက် နံနက် ၁၀-နာရီ ၆-မိနစ်က ရန်ကုန်မြို့ပေါ်ရှိ အဆောက်အအုံပေါင်း (၆၀)ကျော် အက်ကွဲပြီး ဒဂုန်ဆံတော်ရှင် စေတီတော်ကြီး၏ထီးတော် အတော်အသင့်  ချို့ယွင်းသွားသည်အထိ တုန်လှုပ်ခဲ့သော မြေငလျင်ကြောင့် ရန်ကုန်မြို့ပေါ်နေ လူအများတို့ အထူးပင် ကြောက်ရွံ့ထိတ်လန့်ခဲ့ကြသည်။

နောက်ဆုံးလှုပ်ခဲ့သည့် ရန်ကုန်မြေငလျင်ကြီးသည် ယခင်က လှုပ်ခဲ့ဖူးသည့် မြေငလျင်ကြီးများနှင့် နှိုင်းစာပါက
မြေငလျင်ကြီးတခုဟု ဆိုရန်ထက်  မြေငလျင် အလတ်စားတခုဟု ဆိုက ပို၍ မှန်ပေလိမ့်မည်။

အသေအချာ မှတ်တမ်းတင်ထားခဲ့ကြသည့် မြန်မာ့သမိုင်းဝင် မြေငလျင်ကြီးများအကြောင်း
လေ့လာတင်ပြရမည် ဆိုပါလျှင်-
၁။ ရခိုင်မြေငလျင်ကြီး-
၁၇၆၂-ခုနှစ် ဧပြီ ၂-ရက် နံနက် ၅-နာရီတွင် ရခိုင်တိုင်း၌ အလွန်ပြင်းထန်သော မြေငလျင်ကြီး တုန်လှုပ်ခဲ့လေသည်။ ဘင်္ဂလားနယ်မှ ရခိုင်တိုင်းအထိ ကျယ်ပြန့်စွာ အပြင်းအထန် လှုပ်ခဲ့ရာ တိုက်တာအိမ်ရာ များစွာ ပျက်စီးပြီး လူအသေအပျောက်လည်း များခဲ့သည်။


၂။ အင်းဝမြေငလျင်ကြီး ၁၈၃၉-ခုနှစ် မတ်လ ၂၃-ရက် နံနက် ၄-နာရီက အင်းဝမြို့၌ အထူးတုန်လှုပ်ခဲ့ရာ ၁၁၅၈-ခုနှစ်က ဘိုးတော်ဘုရား တည်ခဲ့သည့် မင်းကွန်းပုထိုးတော်ကြီး ပြိုကျပျက်စီးခဲ့သည်။ စစ်ကိုင်းတောင်ရိုးနှင့် အမရပူရရှိ ဘုရားပုထိုးများ၊ တိုက်အိမ်များပါ ပြိုကျပျက်စီးခဲ့သည်။ ထိုငလျင်ဒဏ်ကြောင့် လူရှင်ရဟန်းလည်း အတော်များများ သေဆုံးခဲ့ကြရ၏။


ဘကြီးတော်ဘုရား တည်ခဲ့သော အောင်မြေဘုံစံ အုတ်ကျောင်းကြီး ပြိုကျ၍ သံဃာအပါး (၂၀၀)ကျော် ပျံလွန်တော်မူခဲ့ရ၏။ အင်းဝနှင့် အမရပူရကြားရှိ မြစ်ကမ်းတွင် မြေများအက်ကွဲပြီး ငါးပေမှ နှစ်ဆယ့်ငါးပေအထိ ကျယ်သောအက်ကွဲကြောင်းကြီးများ ပေါ်ခဲ့၏။ ယင်းအက်ကွဲကြောင်းများမှ သဲနက်ရေများ ပန်း၍ ထွက်ခဲ့၏။


ပထမအကြိမ် ပြင်းစွာလှုပ်ပြီးနောက် ၅-မိနစ်မှ ၂၅-မိနစ်အကြာ ကြားကာလ၌ အကြိမ်များစွာ တနေ့လုံး လှုပ်နေခဲ့သည်ဟု ဆို၏။ ထိုမျှမကသေး၊ ခြောက်လတိုင်ပင် မြေငလျင်မလှုပ်သော နေ့ မရှိ။ နေ့စဉ်ပင် အကြိမ်အနည်းနှင့်အများ လှုပ်နေခဲ့သည်။ ထိုငလျင်ကြီးသည် ဗန်းမော်မြို့ တောင်ဘက်မှ ရန်ကုန်ထိ မြန်မာနိုင်ငံလုံးသာမက ယိုဒယားပြည်အထိ ကျယ်ပြန့်စွာ လှုပ်ခဲ့လေသည်။


၃။ ကျောက်ဖြူမြေငလျင်ကြီး
၁၈၄၃-ခုနှစ် ဖေဖော်ဝါရီ ၆-ရက် ည ၁၁-နာရီ၌ စိုင်ခြံ ရွှံ့မီးတောင်ကြီးပါ အကြီးအကျယ် ပေါက်ကွဲပြီး ငလျင်လည်း အကြီးအကျယ် လှုပ်ခဲ့လေသည်။ သန်းခေါင်ကျော် နံနက် ၁-နာရီအထိ ဆက်၍လှုပ်နေခဲ့၏။ ၄င်းနှစ် အောက်တိုဘာ ၃၀-ရက် နံနက် ၇-၄၅-တွင် ဆက်၍ ၂-မိနစ်မျှ လှုပ်နေသေးသည်။ ၁၈၄၈-ခုနှစ် ဖေဖော်ဝါရီ ၃-ရက်၌ ကျောက်ဖြူမှာပင် မြေငလျင်ကြီး အတော်ပြင်းထန်စွာ လှုပ်ခဲ့ပြန်လေရာ အဆောက်အအုံ အတော်များများ ပျက်စီးခဲ့ပြီး လူအသေအပျောက်များလည်း ရှိခဲ့သည်။


၎။ အမရပူရ မြေငလျင်ကြီး
မြန်မာနှစ် ၁၈၅၈-ခုနှစ် စက်တင်ဘာ ၁၈-ရက်တွင် တကြိမ်၊ ၄င်းနှစ် အောက်တိုဘာ ၅-ရက်တွင် တကြိမ်၊ သြဂုတ် ၂-ရက်တွင် တကြိမ် အမရပူရမြို့၌ လှုပ်ခဲ့ရာ နောက်ဆုံးလှုပ်ခဲ့သော ငလျင်ကြီးမှာ ပြင်းထန်လွန်းသဖြင့် တိုက်တာအိမ်ရာများ အကြီးအကျယ် ပျက်စီးခဲ့သည်။
ပြည်မြို့၌လည်း အတော်ပင် အပျက်အစီးများ ရှိခဲ့သည်။ ထိုငလျင်ကြီသည်လည်း တနိုင်ငံလုံး အပျံ့အနှံ့ လှုပ်ခဲ့သည်။


၅။ မန္တလေး မြေငလျင်ကြီး
၁၈၇၁-ခုနှစ် ဖေဖော်ဝါရီ ၁၆-ရက် နံနက်လင်းအားကြီးအချိန်တွင် မြေငလျင် နှစ်ကြိမ် ဆက်၍ လှုပ်ခဲ့သည်။ အချိန်ကြာကြာ မလှုပ်ခဲ့သဖြင့် အပျက်အစီး ပြောပလောက်အောင် မများခဲ့ပေ။ 


၆။ ဘင်္ဂလားပင်လယ်အော် မြေငလျင်ကြီး
၁၈၈၁-ခုနှစ် ဒီဇင်္ဘာ ၃၁-ရက်တွင် မြန်မာကမ်းခြေနှင့် နီးကပ်သော ဘင်္ဂလားပင်လယ်ထဲ၌ ငလျင်ပြင်းထန်စွာ လှုပ်ခဲ့ရာ လှိုင်းတံပိုးကြီးများ အကြီးအကျယ်ထပြီး ရခိုင်ပင်လယ်ကမ်းခြေ တနင်္သာရီပင်လယ်ကမ်းခြေသို့ပင် အပြင်းအထန် ရိုက်ခတ်ခဲ့သည်။


၇။ မြန်မာတနိုင်လုံး ငလျင်ကြီး
၁၉၁၂-ခုနှစ် မေလ ၂၁-ရက်မှ ၂၃-ရက်အထိ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ နေရာများ၊ မန္တလေး၊ ရွှေဘို၊ စစ်ကိုင်း၊ အောက်ချင်းတွင်း၊ ကျောက်ဆည်၊ မိတ္ထီလာ၊ မကွေး၊ တောင်ငူနှင့် ပဲခူးခရိုင်များ ထိအောင် အပျံ့အနှံ့ လှုပ်ခဲ့ရာ စတုရန်းမိုင်ပေါင်း (၁၂၅၀၀၀) ကျော် လှုပ်ခဲ့သည်။ ဤမြေငလျင်ကြီးကြောင့် တိုက်တာအိမ်ရာများ အတော်အတန် ပျက်စီးခဲ့သော်လည်း လူသေလူပျောက် လုံးဝမရှိခဲ့ပေ။


၈။ ပထမ ပဲခူး မြေငလျင် 
၁၉၁၇-ခုနှစ် ဇူလိုင်လ ၅-ရက် နံနက် ၄-၄၀ (လငပုတ်ဖမ်းနေချိန်)တွင် မြေငလျင် ပြင်းထန်စွာ လှုပ်ခဲ့သည်။ နေအိမ်တိုက်တာများ အပျက်အစီးနှင့် လူအသေအပျောက်စာရင်း အတိအကျကို အသေအချာမသိရပေ။ ရွှေမော်ဓောစေတီကြီး ပြိုကျပျက်စီးခဲ့သည်။


၉။ ပထမ ရန်ကုန်မြေငလျင်ကြီး
၁၉၂၇-ခုနှစ် စက်တင်ဘာ ၁၈-ရက် မွန်းတည့် ၁၂-၅-မိနစ် တွင် တကြိမ်၊ ၁၂-၄၇-မိနစ်တွင် တကြိမ်၊ ညနေ ၄-၂၅-မိနစ်တွင် တကြိမ်၊ ပေါင်း ၃-ကြိမ် ခပ်ပြင်းပြင်း လှုပ်သည်။ ပြောပလောက်အောင် အပျက်အစီးမများခဲ့။ ၄င်းနှစ် စက်တင်ဘာ ၁၇-ရက် နံနက် ၂-၂၅-မိနစ်တွင် ငလျင်ပြင်းထန်စွာ လှုပ်ပြန်ရာ ဆူးလေစေတီတော် ငှက်ပျောဖူး အက်ကွဲသွားပြီး ရွှေတိဂုံစေတီတော်ကြီးမှ ခေါင်းလောင်းငယ် အတော်များများ ပြုတ်ကျသည်။
စေတီရံအချို့ အနည်းငယ် ပျက်စီးသည်။


၁၀။ ဆွာမြေ ငလျင်ကြီး
၁၉၂၉-ခုနှစ်  သြဂုတ် ၈-ရက်၌ တောင်ငူခရိုင် ဆွာတွင် ငလျင်ပြင်းထန်စွာလှုပ်သည်။ မီးရထားလမ်းများ အတော်ပင် ပျက်စီးခဲ့သည်။


၁၁။ ဒုတိယ ပဲခူးမြေငလျင်ကြီး
၁၉၃၀-ပြည့် မေ ၅-ရက်ည ၈-၁၈-မိနစ်တွင် ပဲခူးမြေငလျင်ကြီး လှုပ်သည်။ ပဲခူးတမြို့လုံး မီးလောင်ပျက်စီးသွား၏။ လူပေါင်း ၅၀၀-ကျော် သေဆုံးသည်။ ရွှေမော်ဓောစေတီတော် ဒုတိယအကြိမ် ပြိုကျသည်။ ရန်ကုန်တွင်လည်း တချိန်တည်းမှာပင် အတော်ပြင်းပြင်းလှုပ်ခဲ့ရာ
ရွှေတိဂုံစေတီတော်ကြီး၏ စိန်ဖူေးတ်ာပြုတ်ကျပြီး ထီးတော်အထက်ပိုင်း ပျက်စီးသွားသည်။ ဤပဲခူးငလျင်ကြီး၏ အကျယ်အဝန်း စတုရန်းမိုင်ပေါင်း နှစ်သိန်းကျော်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။


၁၂။ ဖြူးမြို့ မြေငလျင်ကြီး
၁၉၃၀-ပြည့်နှစ် ဒီဇင်ဘာ ၃-ရက်နှင့် ၄-ရက်များ၌ ဖြူးမြို့တွင် မြေငလျင် လှုပ်ခဲ့သည်။ ထိုလ ၄-ရက်တွင် လှုပ်သောမြေငလျင်မှာ အလွန်ပြင်းထန်သဖြင့် ဖြူးမြို့ရှိ ခရစ်ယာန်သာသနာပြု အုတ်အဆောက်အအုံ အများ ပြိုကျ၍ လူ ၃၀-ကျော် သေဆုံးခဲ့သည်။


၁၃။ စစ်ကိုင်း မြေငလျင်ကြီး
၁၉၅၆-ခုနှစ် ၁၆-ရက် ည ၉-၃၀-မိနစ်တွင် စစ်ကိုင်း၌ မြေငလျင်ကြီးလှုပ်ခဲ့သည်။ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီ၊ လေးကျွန်မာရ်အောင် စေတီ၊ သားဆုပန်ခြင်္သေ့ ၃၀-စေတီများ ပျက်စီးခဲ့ပြီး ရွှေမုဋ္ဌောစေတီ အက်ကွဲခဲ့သည်။ အခြား ကျောင်းကန် ဘုရားများ၊ တိုက်တာအိမ်ရာ အများအပြား ပြိုကျပျက်စီးခဲ့၏။ အင်းဝတံတားခေါ် စစ်ကိုင်းတံတားကြီးတွင် မန္တလေးမြို့ဘက်အစွန်းရှိ အမှတ် ၁-ကုန်းကြီးသည် ၃-လက်မခွဲမျှ ရွေ့သွားသည်။

ထိုစစ်ကိုင်းမြေမငလျင်ကြီး လှုပ်ခဲ့စဉ်က ယခင် ငလျင်များကကဲ့သို့ တရက်နှစ်ရက်နှင့် ရပ်တန့်မသွားဘဲ
နေ့စဉ်ရက်ဆက် ပြတ်တောင်းပြတ်တောင်းနှင့် ခြောက်လတိုင်တိုင်   လှုပ်နေခဲ့၏။ စစ်ကိုင်းမြေငလျင်ကြီးနောက်ပိုင်းတွင် ယခု ၁၉၇၀-ပြည့်နှစ် စက်တင်ဘာ ၉-ရက်မြေငလျင်ကြီးအထိ ကြားကာလတွင် ကြီးမားသော မြေငလျင်လှုပ်ခဲ့ခြင်းမရှိပေ။


ထို့ကြောင့် မြေငလျင်လှုပ်ခြင်းနှင့် ပတ်သက်ပြီး ကြိုတင်သိရှိနိုင်သော ယောအတွင်းဝန်မင်းကြီး ဦးဘိုးလှိုင် မှတ်တမ်းမှ တွက်နည်းအား ကောက်နှုတ်ဖော်ပြရသော်---
ရောက်ရှိသော ကောဇာနှစ်ကို တည်ကိန်းပြု၍ (၉၉၂)ဖြင့် နှောပါ။ ၄င်းနောက် (၁၀၈)ဖြင့် မြှောက်ပါ။ ရရှိလာသည့် ဂဏန်းကို (၃၁၂)ဖြင့် စားပါ။ အကြွင်းသည် နှစ်တည်ကိန်း ဖြစ်သည်။


၎င်းနှစ်တည်ကိန်းကို တည်၍ (၁၀၈)ဖြင့် မြှောက်ပါ။ ရရှိသော ဂဏန်းကို (၆)ဖြင့် မြှောက်ပြီး (၄)နှင့် စား၊ (၆)နှင့်စား၊(၈)နှင့်စား၊ (၉)နှင့်စား၊ (၁၆)နှင့်စား၊ ထိုသို့ အစဉ်လိုက်စား၍ (၆)ခုစလုံး သုညကြွင်းပါက ၄င်းနှစ်တွင် မြေငလျင် လှုပ်မည် ဖြစ်သည်။
***
နှစ်တည်ကိန်းကို တည်ပြီး (၁၂)နှင့်မြှောက်ပါ၊ လိုအပ်သော ကာလကို တလ၊ နှစ်လ စသည်ဖြင့် ရေးပြီး ပေါင်းပါ။ ရသောဂဏန်းကို (၁၀၈)နှင့်မြှောက်ပြီး (၁၂)နှင့် စားပါ။ အကြွင်းသည် လ တည်ကိန်း ဖြစ်သည်။
အထက်က တွက်နည်းကဲ့သို့ပင် ခြောက်ထပ်ကိန်းတည်ဖွဲ့၍ (၄)နှင့်စား၊ (၆)နှင့်စား၊ (၈)နှင့်စား၊ (၉)နှင့်စား၊ (၁၂)နှင့်စား၊ (၁၆)နှင့်စား၊ ထိုသို့ အစဉ်အတိုင်းစား၍ အားလုံး သုည ကြွင်းပါက ထိုလတွင် မြေငလျင် လှုပ်မည်ဟု သိရှိနိုင်သည်။


လတည်ကိန်းကို (၃၀)နှင့်မြှောက်ပြီး ဆန်းရက်၊ ဆုတ်ရက်အတိုင်း ပေါင်းပါ။ ရရှိသော ဂဏန်းကို (၁၀၈)နှင့်မြှောက်၍ (၃၈)နှင့်စား၊ အကြွင်းသည် ရက်တည်ကိန်း ဖြစ်သည်။
အထက်မှ တွက်ခဲ့သော နှစ်တည်ကိန်း၊ လတည်ကိန်းကဲ့သို့ ခြောက်ဖော်ကိန်းထားပြီး (၄)နှင့်စား၊ (၆)နှင့်စား၊ (၈)နှင့်စား၊ (၉)နှင့်စား၊ (၁၂)နှင့်စား၊ (၁၆)နှင့်စား။ အစဉ်အတိုင်း စား၍ အားလုံးသည် သုညကြွင်းပါက ၄င်းရက်တွင် မြေငလျင်လှုပ်မည် ဖြစ်သည်။

(ကောင်းညွန့်-ရွှေပေါ်ကျွန်း)  
(သူရဇ္ဇ ၂၀၀၇-ဧပြီလ)

No comments: