Monday, August 8, 2011

အကျိတ်အနာလုံးနှင့် စက်ကတုံး

စက်ကတုံးအခေါက်ကို ဆန်ဆေးရည်နဲ့ သွေးပြီး အဖုအကျိတ်အနာပေါ် လိမ်းလည်းလိမ်းပေး၊ သောက်လည်း
သောက်ပေး၊ နုရင်ပိန်၊ ရင့်ရင် ပေါက်သွားလိမ့်မည်။


စက်ကတုံးပင်သည် ပင်ကြီးမျိုးဖြစ်၏။ ရေနှင့်နီးသော မြစ်ချောင်းကမ်းပါးစပ်များ၌ ပေါက်တတ်သည်။ အရွက်အခေါက်များသည် နူးညံ့သောသဘောရှိ၍ အသီးမှာ သံပုရာသီးလုံးခန့် ရှိသည်။ အဖိုပင် အမပင်ဟူ၍ ရှိရာ အဖိုပွင့်သည် ဝါ၍, အမပွင့်သည် စိမ်းပါသည်။ အသီး၊ အပွင့်၊ အရွက်၊ အခေါက်၊ အမြစ် ပဉ္စငါးပါးလုံး အသုံးဝင်၍ ဆေးစွမ်းထက်မြက်ပါသည်။


စက်ကတုံးသီးကို ရေငန်နှင့် ပြုတ်၍ ငုံထွေးပေးခြင်းဖြင့် သွားကိုက်၊ သွားနာနှင့် သွားဖုံးရောင်ရောဂါ၊ သွားပိုးထ ရောဂါတို့ ပျောက်စေသည်။ လျှာနာရောဂါကို သက်သာ ပျောက်ကင်းစေပါသည်။ (စက်ကတုံးသီး ပြုတ်ရာတွင် ရေငန်မရှိလျှင် ပြုတ်ရည်တွင် သိန္ဓောဆားမှုန့် အနည်းငယ် ထည့်ဖျော်နိုင်ပါ၏။)


အသီးကို အခြောက်လှန်း၊ အမှုန့်ပြု၍ တကျပ်သား၊ နနွင်းမှုန့် လေးပဲသားထည့်၍ ရောပြီး ခွက်တခုတွင်ထည့်ကာ မီးခဲတင်ပြီး အခိုးငွေ့ကို ထိပ်ပေါက်အောင် ရှူပေးပါက နှာပိတ်၊ နှာပုပ်၊ ထိပ်ကပ်နာ၊ ခေါင်းအုံခေါင်းကိုက်၊ ဇက်ကြောထိုးခြင်းများ သက်သာပျောက်ကင်းစေသည်။


အသီးရင့်ထဲမှ ရင့်သောအစေ့လေးများကို ကွမ်းညှပ်နှင့် ခွဲစိတ်ပြီး အခြောက်လှန်းအမှုန့်ပြု၍ ကရမက်နှင့် သွေးလိမ်းက ဝဲစို၊ တင်းတိပ်တို့ သက်သာပျောက်ကင်း၏။ အစေ့မှုန့် တကျပ်သား၊ နန်းလုံးကြိုင်သီးထဲမှ အစေ့ ရှစ်ပဲသားကို သွပ်ပြားတခုပေါ်တင်၍ မီးခဲများနှင့် ပြာချပြီး သံပရာရည်နှင့် ဖျော်လိမ်းက ဆင်နှင်းခူနာ ပျောက်၏။ ထိုပြာမှုန့်ကို နံ့သာဖြူအဆီနှင့် ဖျော်လိမ်းပါကလည်း ဆင်နှင်းခူနာ ပျောက်၏။ 


နှမ်းဆီနှင့် ဖျော်လိမ်းပါက အဖု၊ အပိမ့်၊ အင်ပျဉ်၊ တကိုယ်လုံး ယားယံခြင်းများ သက်သာပျောက်ကင်းစေ၏။ စက်ကတုံးခေါက် ပြာကို ဒေဝတာဆီခေါ် ထင်းရှူးဆီနှင့် ဖျော်လိမ်းပါက ခူနာနှင့် ပွေးကြီးနာပင် ပျောက်၏။
ပွေးနာကို သွေးစို့သည်အထိ ခြစ်ပြီးမှ စက်ကတုံးမြစ် တကျပ်သားကို ရေသုံးဆယ်သားနှင့် သုံးခွက်နှစ်ခွက်တင် ပြုတ်၍ သောက်ခြင်း၊ ရေချိုးခြင်းဖြင့် ဖောရောင်သော ရောဂါများ၊ အသားအရေ နာကျင်ကိုက်ခဲသည့်ရောဂါများ၊ အစားမှား ဆေးမှား အဆိပ်အတောက်ရောဂါများ၊ ဝမ်းပျက်ရောဂါများ  သက်သာစေသည်။ အဆုတ်ရောင်၊ အသည်းရောင်ရောဂါတို့ကိုလည်း သက်သာပျောက်ကင်းစေ၏။


အဖုအပိမ့်၊ အကျိတ်နှင့် အဆစ်ရောင် နာကျင်ခြင်းများအတွက် အမြစ်ကိုသွေး၍ တောင်တန်းကြီးရည် အနည်းငယ် ရောဖျော်ပြီး လိမ်းပါက သက်သာပျောက်ကင်းစေ၏။ အနာမီးလျှံနာများနှင့် အခြားအနာများကို အခေါက်ပြုတ်ရည်နှင့် ဖန်ရည်ဆေးပေးလျှင် အနာများညှိုးပြီး သက်သာပျောက်ကင်းစေ၏။


ကလေးငယ်များ ကိုယ်ပူ၊ ချွဲကျပ်ခြင်းဖြစ်လျှင် မြစ်ပြုတ်ရည် အနည်းငယ်တိုက်ပေး၍ အခေါက်ကို သွေးလိမ်းပေးက ပျောက်၏။ အခေါက်၊ အမြစ်သွေး၍ လျှာနာနှိုက်ပေးခြင်းဖြင့် လည်ချောင်းပူ၍ ထမင်းမစားနိုင်သော ရောဂါများ သက်သာပျောက်ကင်းစေ၏။ မြစ်ပြုတ်ရည် သောက်ပေးခြင်းဖြင့်
လေထိုးလေအောင့်၊ အစာမစားချင်သော ရောဂါ၊ အားအင်ကုန်ခန်းသောရောဂါနှင့် လေငန်း၊ သွေးငန်း၊ သလိပ်ငန်း ရောဂါများ သက်သာပျောက်ကင်းကြောင်း မှတ်သားရပါသည်။


မောင်ယဉ်ညို
(သူရဇ္ဇ ၂၀၀၇-ဧပြီလ)

No comments: