Saturday, August 20, 2011

သုဝဏ္ဏသာမ

မောင်ငယ် ညီမလေးတို့ရေ ဒီတလတော့ မမပေဖူးလွှာက မိဘစကား နားထောင်ပြီး မိဘကို ပြုစုလုပ်ကျွေးတဲ့ သုဝဏ္ဏသာမလေးရဲ့ အကြောင်းကို ပြောပြမယ်ကွဲ့။ 

ဟိုးရှေးရှေးတုန်းက ဟိမဝန္တာတောကြီးထဲက ကျောင်းသင်္ခမ်းတခုမှာ ရသေ့တပါးနဲ့ ရသေ့မတပါး သစ်သီးသစ်ဖုတွေကို စားသုံးပြီး တရားအားထုတ်လျက် ရှိတယ်ကွဲ့၊ သိကြားမင်းရဲ့ တိုက်တွန်းချက်အရ တနေ့မှာ သားယောက်ျားကလေး တယောက် ဖွားမြင်သတဲ့။ အဲဒီသားကလေးကို သုဝဏ္ဏသာမလို့ အမည်ခေါ်တွင်စေသတဲ့ကွယ်။

သားကလေး ငယ်စဉ်အရွယ်မှာ မိဘတွေ ရသေ့များ သစ်သီးသစ်ဖု သွားရှာနေတဲ့အချိန်မှာဆိုရင် ကိန္နရီများက နို့လာတိုက်ပေးကြသတဲ့ကွယ်။ အဲဒီလိုနဲ့ သုဝဏ္ဏသာမလေးဟာ တဖြည်းဖြည်း ကြီးပြင်းလာလိုက်တာ မိဘကို ပြုစုလုပ်ကျွေးနိုင်တဲ့အရွယ်ကို ရောက်ရှိသတဲ့ ကလေးတို့ရယ်။

တနေ့ တောထဲမှာ လေပြင်းမုန်တိုင်းတိုက်ခိုက်ပြီး ရသေ့နဲ့ ရသေ့မဟာ သစ်ပင်ကြီးအောက် မိုးဝင်ခိုရင်း မိုးခိုတဲ့နေရာရဲ့ တောင်ဘို့အောက်ထဲက မြွေဆိုးက အခိုးလွှတ်တာနဲ့ အဆိပ်ငွေ့သင့်ပြီး မျက်စေ့ ကွယ်ပါရောတဲ့ကွယ်။ အဲလို မျက်စိကွယ်သွားတဲ့ မိဘနှစ်ပါးကို သုဝဏ္ဏသာမလေးဟာ အစားအသောက် ရှာဖွေကျွေးမွေးရှာသတဲ့။ သုံးရေ ချိုးရေများကိုလည်း ခတ်ပြီး မိဘနှစ်ပါး အဆင်သင့်သောက်သုံးနိုင်အောင် ဂရုတစိုက် ပြုစုရှာသတဲ့ ကလေးတို့ရယ်။

သုဝဏ္ဏသာမလေးရဲ့ အဖော်လေးတွေကတော့ တောထဲမှာ သဘာဝအတိုင်း ကြီးပြင်းတဲ့ ရွှေသမင်လေးတွေပဲ ကလေးတို့ရဲ့၊ ရွှေသမင်လေးတွေဟာ သုဝဏ္ဏသာမလေးနဲ့အတူ သောက်သုံးရေ ဝိုင်းခတ်ပေးနေကျ သတဲ့ကွယ်။ 
တနေ့တော့ သမင်သားကို အလွန်ကြိုက်နှစ်သက်တော်မူတဲ့ ဗာရာဏသီပြည့်ရှင် ပီဠိယက္ခမင်းကြီးဟာ သမင်သားစားချင်တာနဲ့ ရေသောက်ဆင်းလာသည့် သမင်အုပ်ကို အမဲပစ်ရန် ထွက်လာသတဲ့ကွယ်။ 

သမင်သား အလွန်တရာကြိုက်တဲ့ဘုရင်ကြီးဟာ သမင်အုပ်နဲ့အတူ ရေခပ်ဆင်းလာတဲ့ သုဝဏ္ဏသာမလေးကို တွေ့သတဲ့။ တောတောင်ထဲမှာ ဆိုတော့ သုဝဏ္ဏသာမလေးကို လူလို့ မထင်မိဘူးပေါ့။
တိုတိုပြောရရင်တော့ သမင်သားကြိုက်တဲ့ ဘုရင်ကြီးဟာ သုဝဏ္ဏသာမလေးကို အမြင်မှားပြီး မြားနဲ့ခွင်းလိုက် ပါရော ကလေးတို့ရယ်။

သုဝဏ္ဏသာမလေး မြားထိခွေကျသွားတဲ့အခါမှ ဘုရင်ကြီးဟာ လူမှန်းသိသတဲ့။ လူမှန်းသိတဲ့အခါမှာ ဘုရင်ကြီးဟာ အရမ်းတုန်လှုပ်သွားတာပေါ့ ကလေးတို့ရယ်။
ဘုရင်ကြီးကို တွေ့တော့ သုဝဏ္ဏသာမလေးဟာ သူ့ရဲ့မြှားမှန်တဲ့ဒဏ်ရာကို မပူပင်ဘဲနဲ့ ကျောင်းသင်္ခမ်းမှာ ကျန်ရစ်ခဲ့တဲ့မျက်မမြင် မိဘနှစ်ပါးကို ပူပင်သောကရောက်ကြောင်း ပြောသတဲ့ကွယ်။

“မျက်မမြင် မိဘနှစ်ပါးဟာ အချိန်တန်လို့ သား-ပြန်မလာရင် သောကရောက်မှာ စိုးရိမ်မိကြောင်းပါဘုရား” လို့ ပြောသတဲ့။ ဘုရင်ကြီးလည်း အင်မတန်မှ စိတ်မကောင်းဖြစ်တော်မူတယ်တဲ့ ကလေးတို့ရယ်။ ကလေးတို့ဆိုရင်ရော မြှားမှန်တာ မပြောနဲ့ ဓားကလေး လက်ကို ရှရင်တောင် ငိုနေကြမှာပဲလားကွယ်။

သုဝဏ္ဏသာမလေးဟာ ဘယ်လောက် သနားစရာကောင်းလိုက်သလဲကွယ်။ ကလေးတို့ရော သုဝဏ္ဏသာမလေးလို မိဘကို စိတ်ပူကြဖူးကြသလားကွယ်၊ မမပုံပြင်လေးကို ဆက်ပြောမယ်နော်။

စိတ်မကောင်းကြီးစွာ ဖြစ်မိတဲ့ ဘုရင်ကြီးဟာ ကျောင်းသင်္ခမ်းကို လိုက်သွားပြီး အကျိုးအကြောင်း ပြောပြသတဲ့။ သားလေး သုဝဏ္ဏသာမ မြားမှန်တယ်လို့ သိကြတဲ့အခါမှာ မျက်မမြင် ရသေ့မိဘနှစ်ပါးဟာ သားကလေး မြားမှန်လို့ လဲကျနေတဲ့ဆီကို အမြန်ပို့ခိုင်းကြသတဲ့ကွယ်။ 

သုဝဏ္ဏသာမလေး အနားရောက်လျှင် ရသေ့တို့သည် သားကလေး သုဝဏ္ဏသာမအတွက် တတွတ်တွတ်ပြောဆိုရင်း သစ္စာဆိုကြသတဲ့။
“ငါ့သား သုဝဏ္ဏသာမသည် ကုသိုလ်တရားကို ကျင့်၍ မိနှင့်ဘကို လုပ်ကျွေးပြုစု၍ လူကြီးများကို ရိုသေပါ၏။ ဤမှန်ကန်သော သစ္စာတရားကြောင့် ချစ်သားသုဝဏ္ဏသာမသည် မြားအဆိပ်ပြေပါစေသတည်း”လို့ သစ္စာဆိုကြသတဲ့။

အဲဒီလို ရသေ့မိဘနှစ်ပါးက သစ္စာဆိုတဲ့အခါ သုဝဏ္ဏသာမဟာ လူးလွန့်လှုပ်ရှားလာပြီး အနည်းငယ် အိပ်ပျော်သွားသတဲ့။
သုဝဏ္ဏသာမလေး အိပ်ပျော်နေချိန်မှာ ယခင် ခုနစ်ဘဝက မိခင်တော်စပ်ဖူးတဲ့ ဗဟုသုန္ဒရီ နတ်သမီး ရောက်လာပြီး သစ္စာဆိုသတဲ့ ကလေးတို့ရယ်။

ကလေးတို့ စဉ်းစားကြည့်စမ်းပါကွယ်။ ယခုဘဝ ရသေ့မိဘနှစ်ပါးသာမက အရင်ဘဝ မိခင်နတ်သမီးကပါ ရောက်လာပြီး သစ္စာဆိုတယ်ဆိုတာ သုဝဏ္ဏသာမကလေးဟာ ဘဝတိုင်း ဘဝတိုင်းမှာ မိဘအပေါ် လိမ္မာသိတတ်တဲ့ ကလေးဖြစ်လို့ပေါ့ ကလေးတို့ရယ်။

မိဘတွေ သစ္စာဆိုအပြီးမှာ သုဝဏ္ဏသာမလေးလည်း မြားဆိပ်ပြေပြီး ထထိုင်သတဲ့။ သုဝဏ္ဏသာမလေးရဲ့ မျက်စိကွယ်နေတဲ့ မိဘနှစ်ပါးလည်း မျက်စိ ပြန်မြင်သွားသတဲ့ကွယ်။
သုဝဏ္ဏသာမကို မြားနှင့်ပစ်မိတဲ့ ဘုရင်ကြီးလည်း သစ္စာတရားကို အံ့သြလွန်းလို့ သူအင်မတန် ကြိုက်တဲ့ သမင်သားကိုပါ မစားဘဲ စွန့်လွှတ်ပြီး တရားရသွားကာ တိုင်ပြည်သို့ ပြန်သွားပါလေရောလား ကလေးတို့ရယ်။

မိဘပေါ်မှာ သိတတ် လိမ္မာတဲ့ သုဝဏ္ဏသာမကလေးကတော့ မိဘတွေနဲ့အတူ ဒဏ်ရာတွေလည်း ပျောက်ပြီး မိဘနှစ်ပါးကို ပြုစုရင်း အသက်ထက်ဆုံး ပျော်ရွှင်စွာနေထိုင်သွားသတဲ့ကွယ်။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

ဒီပုံပြင်လေးကို ကြည့်ပါဦး ကလေးတို့ရယ်။ မိဘအပေါ် ပြုစုသိတတ်တဲ့ သားသမီးဟာ မြားမှန်တာတောင် အသက်ဘေးက လွှတ်ခဲ့သတဲ့။ ကလေးတို့လည်း ကျောင်းကနေ အိမ်ပြန်ရောက်တဲ့အခါကျရင် မိဘကို ပြုစုကြနော်။

မိဘကို ပြုစုပြီး မိဘစကားကို နားထောင်တဲ့ ကလေးဆိုရင် ဘာအန္တရာယ်မှ မဖြစ်ဘဲ အပြစ်ဖြစ်ရင်တောင်မှ အပြစ်က လွတ်တယ် ကလေးတို့ရဲ့။ ကလေးတို့တတွေလည်း မိဘကို ပြုစုတဲ့ သားလိမ္မာ သမီးလိမ္မာလေးတွေ ဖြစ်ကြပါစေကွယ်။

မမပေဖူးလွှာ
(ပေဖူးလွှာ-၂၀၁၀-ဧပြီလ) 

No comments: