Tuesday, August 30, 2011

ဆေးလိပ်နှင့် အန္တရာယ်

အချိန်ကုန် လေကုန်ခံ၍ ဆေးလိပ်ဖြတ်ရန် ခင်ဗျားအား ကျွန်တော်သွေးဆောင်နေလိမ့်မည် မဟုတ်ပါ။
ဆေးလိပ်မသောက်သင့်ကြောင်းကို အတော်အသင့် ခင်ဗျားလည်း ကြားဖူးဖတ်ဖူးနေပေလိမ့်မည်။
ဆေးလိပ်ဘူးတိုင်းတွင်၎င်း၊ ဆေးလိပ်ကြော်ငြာတိုင်းတွင်၎င်း၊ သမားတော်ကြီး၏ သတိပေးချက် စာတမ်းလေးကို ခင်ဗျားလည်း မြင်ဖူးမှာပါပဲ။ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များ၏ သြဝါဒကိုလည်း ကြိမ်ဖန်များစွာ ကြားဖူးပေလိမ့်မည်။ အဆုတ်ကင်ဆာကြောင့် သေဆုံးသူ လူဦးရေသည် နို့ကင်ဆာ၊ ဆီးကြိတ်ကင်ဆာနှင့် အူမကြီးကင်ဆာကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်းထက် ပိုမို များပြားကြောင်း ခင်ဗျားလည်း သိပြီးသား ဖြစ်ပေလိမ့်မည်။ အဆုတ်ကင်ဆာ အားလုံးနီးပါးသည်
ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။

အမှန်အားဖြင့် ခင်ဗျားကိုယ်တိုင် အဲဒီအကျင့်ဆိုးကို ချိုးဖျက်ပစ်ရန် အဆင်သင့် မဖြစ်မချင်း
ဆေးလိပ်အန္တရာယ် လှုံ့ဆော်ဝါဒဖြန့်မှုများသည် ခင်ဗျားအား နည်းနည်းလေးမှ တုန်လှုပ်စေလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ဤစာကို ယခုထိ သည်းခံ ဖတ်ရှုလာခဲ့ပြီမို့ ကျွန်ူပ်၏ တန်ဖိုးရှိသော အတွေ့အကြုံ သင်ခန်းစာများကို ခင်ဗျားအား ပြောပြရပေတာ့မည်။


ကျွန်တော်ဘဝရဲ့ ပထမဆုံးသော စီးကရက်ကို စ,စမ်းသောက်ကြည့်စဉ်က ကျွန်တော်အသက်မှာ ၁၅-နှစ်သာ ရှိသေးသည်။ ပိန်သေးသေးကောင်လေးတယောက် ဖြစ်သော ကျွန်တော်က ဆေးလိပ်သောက်ခြင်းသည် ကျွန်တော်အား လူကြီးတယောက်နှင့် ပိုတူစေပြီး ကျွန်တော့်ရဲ့ ခပ်မိုက်မိုက်ဆေးလိပ်သောက်ဟန်က ဆန့်ကျင်ဘက်လိင်များ၏ အမြင်တွင် ပို၍ ဆွဲဆောင်မှု ရှိလိမ့်မည်ဟု ကျွန်တော်က ယူခဲ့သည်။ အဲဒါအပြင် ကျွန်တော်က ဆေးလိပ်ငွေ့ ရှူသွင်းလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော မူးတူးတူး နောက်တောက်တောက် အရသာလေးကို ကြိုက်နှစ်သက်ခဲ့သည်။ သိပ်ပင်မကြာလိုက်ပါ။ ကျွန်တော် ဆေးလိပ်စွဲနေပြီး တနေ့တဘူး သောက်နေပြီ ဖြစ်သည်။


နှစ်ပေါင်း ၅၀-ကြာပြီးနောက် ယခုအထိပင် ကျွန်တော် ဆေးလိပ်ကို တရှိုက်မက်မက် စွဲငြိနေသေးသည်။ မနက်မနက် ကော်ဖီသောက်သည့်အခါဖြစ်စေ၊ အစားကောင်း အသောက်ကောင်း စားပြီးလျှင်ဖြစ်စေ၊ ဗီဒီယိုပိုကာ မရှင်းရှေ့တွင် ထိုင်လျက်ဖြစ်စေ စိတ်လွတ်ကိုယ်လွတ် ကျွန်တော်ဆေးလိပ်သောက် 
ပါသည်။ ဆေးလိပ်မသောက်တတ်သူများနှင့် တွေ့လျှင် ကျွန်တော်က ခင်ဗျားတို့ပြီးရင် ဘာလုပ်ကြသလဲဟုပင် ကျွန်တော်က နောက်ပြောင်လိုက်သေးသည်။


ကျွန်တော်၏ ဆရာဝန်က ကျွန်တော် ဆေးလိပ်ဖြတ်ပစ်ရန် သူ့မှာ ရှိသမျှစွမ်းအားလေးနှင့် ကြိုးပမ်းရှာကြ သည်။ ဆေးလိပ်ဖြတ်ပစ်ခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် သွေးတိုးရောဂါ စသော ရောဂါ အန္တရာယ်များမှ ဝေးကွာစေနိုင်ပြီး သွေးလည်ပတ်မှု ပြန်မှန်လာကာ ကျန်းမာရေး တိုးတက်ကောင်းမွန် 
လာနိုင်ကြောင်း သူက ပြောပြပါသည်။ ကျွန်တော်သိပါသည်။ အခြားသူများအတွက်တော့ သူ မှန်ကောင်းမှန်ပေလိမ့်မည်။ သို့ပေမယ့် ကျွန်တော်၏ဖခင်မှာ သူ၏ဘဝတလျှောက်လုံး
ဆေးလိပ်သောက်နေခဲ့ပြီး  အသက် ၉၀-ကျော်သည်အထိ နေသွားခဲ့ပေသည်။ ကျွန်တော်က စိတ်အားထက်သန်စွာ ပြောနေသော ဆရာဝန်၏ စကားဆုံးသွားသည်အထိ ယဉ်ကျေးသိမ်မွေ့စွာ တိတ်တိတ်ကလေး နားထောင်နေမည်။ ပြီးတော့ လှစ်ကနဲ ကျွန်တော့်ကားရှိရာသို့ ထွက်သွားပြီး စီးကရက်အသစ် တလိပ်ကို မီးညှိလိုက်ပေမည်။


အခါပေါင်းများစွာပင် ဆေးလိပ်ဖြတ်ပစ်ရန် စိတ်မပါ့တပါဖြင့် ကျွန်တော် ကြိုးစားဖူး၏။ ကျွန်တော် အမှန်တကယ် စိတ်ထဲက ဖြတ်ပစ်ချင်လို့မဟုတ်၊ ဒါပေမဲ့ ဒီကစ္စက လုပ်ကောင်းတဲ့၊ မှန်ကန်တဲ့ ကိစ္စတရပ်လို့ ယူဆရလို့ပါပဲ။ တခါတရံ ကျွန်တော်ဆုံးဖြတ်ချက်က တနာရီပင် မကြာလိုက်၊ ကျွန်တော်
နောက်ဆေးလိပ်အသစ် တလိပ် မီးမညှိခင် အထိပါပဲ။


အားလုံးကိုတော့ ဝန်မခံလိုပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က စပြီး ဆေးလိပ်သောက်ခြင်းဟာ ကျွန်တော်ရဲ့ ကျန်းမာရေးကို ထူးထူးခြားခြား ထိခိုက်နေတယ်ဆိုတာ ကျွန်တော် သိနေခဲ့တယ်။ လေယာဉ်အတက်အဆင်း
လှေကား တိုတိုလေးမှာတောင် ကျွန်တော်မောလို့ နေတယ်။ မိုင်ချီမြင့်တဲ့ ယူးတားပြည်နယ်က တောင်တွေပေါ် တက်တဲ့အခါကျတော့ ကျွန်တော့်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတွေကို မီအောင်ပင်ပန်းကြီးစွာ မနည်းကြီး ကျွန်တော့်မှာ ကြိုးစားနေရတယ်။ အဲဒီမှာ ဖခင်များနေ့-ရောက်တိုင်း ကျွန်တော်တို့ ထရောက်ငါးတွေ သွားမျှားကြတယ်။


အခြေအနေတွေက ဒီနွေရာသီမှာ ပိုပြီးထင်ရှားပီပြင်လာသလိုပဲ။ ကျွန်တော့်အိမ်နောက်ဖေးမှာ ငါးကန်လေး တကန်ရှိတယ်။ ရက်သတ္တပတ်တိုင်းလိုလို ရေတွေကို စစ်ထုတ်ပစ်လိုက်ပြီး ကျွန်တော်သန့်ရှင်း လုပ်တယ်။ ကုန်းပြီးတော့ ရေစစ်ကိုဖွင့်တာလေးတောင် ကျွန်တော့်မှာ မောနေတယ်။ ကျွန်တော် အိမ်မကြီးဘက်ကို ပြန်လာခဲ့တယ်။ အသက်ကို အပြေးအလွှား ရှူနေရတယ်။ ခြေပစ်လက်ပစ် ကျွန်တော်ထိုင်ချလိုက်တယ်။ ဆေးလိပ်တွေ တလိပ်ပြီး တလိပ် ကျွန်တော် ဖွာနေမိတယ်။ အကြိမ်ကြိမ် အားတင်းပြီးတော့မှ ကျွန်တော် ပြန်ထနိုင်တယ်။ အသည်းအသန် ကြိုးစားလိုက်တော့မှ ကျွန်တော့်ဗာဟီရ အလုပ်ကလေး ပြီးမြောက်နိုင်တော့တယ်။

တညနေ ကျွန်တော် အလုပ်ကနေ ကားမောင်းပြန်လာတုန်း ကျွန်တော့်မှာ ဆေးလိပ် ၃-လိပ်ပဲ ကျန်တော့တယ်ဆိုတာ သတိထားမိတယ်။ ဆိုင်တဆိုင်ရှေ့မှာ ရပ်လိုက်ပြီး စီးကရက် တကာတွန် ဝင်ဝယ်ရကောင်းမလား ကျွန်တော် ချီတုံချတုံ စဉ်းစားနေမိတယ်။ နီကိုဒင်း ဖြတ်ဆေး ဆေးညွှန်းကို ဖတ်နေတုန်းမှာ ကျွန်တော့်ဘဝရဲ့ နောက်ဆုံး စီးကရက်ကို ရှိုက်ဖွာနေမိတယ်။ နီကိုဒင်းဆိုတာ ဆေးလိပ်ကို စွဲစေတဲ့ ဓာတ်တမျိုးပါပဲ။

ဆေးလိပ်စွဲစေတဲ့ ထင်ထင်ရှားရှား အကြောင်းရင်းနှစ်ခုကို ကျွန်တော် ဖျတ်ခနဲ တွေ့ရှိလိုက်ရပါတယ်။ နီကိုဒင်းဓာတ်က စွဲလမ်းစေခြင်းနဲ့ အခြေအနေကို လိုက်ပြီးဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒ(ဆေးလိပ်သောက်ချင်တဲ့ ခင်ခြင်း)တို့ပါပဲ။ နီကိုဒင်း ဖြတ်ဆေးကတော့ နီကိုဒင်းဓာတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အာရုံကြော နိုးကြားမှုနဲ့ စိတ်အလိုမပြည့်မှုတို့ကို အတော်အသင့် ပြေပျောက်စေနိုင်ပါတယ်။


ပတ်ဝန်းကျင်အခြေအနေကို လိုက်ပြီး စွဲမြဲနေတဲ့ ဆေးလိပ်သောက်ကျင့်ကမှ ပိုပြီး ဖြစ်ရခက်ပါတယ်။ မနက် အိပ်ရာခုတင်ပေါ်က ထခါစမှာဖြစ်စေ၊ ကားမောင်းနေစဉ်မှာဖြစ်စေ၊ စားသောက်ဆိုင်မှာ ဟင်းလျာတွေကို စောင့်ဆိုင်းနေစဉ်မှာဖြစ်စေ ကျွန်တော့်လက်က ကျွန်တော့်အိတ်ထောင်နားကို သူ့အလိုလို ရောက်ရောက်လို့ သွားပါတယ်။ ဆေးလိပ်သောက်ကျင့်က ကျွန်တော့်နှလုံးသားမှာ စွဲစွဲမြဲမြဲ အမြစ်တွယ်နေပြီး ရုတ်တရက် ဖြတ်ပစ်ဖို့ဆိုတာ တကယ်တမ်း အလွန့်အလွန်ကို ခက်ခဲလို့ နေပါတယ်။


နှစ်ပေါင်း ၅၀-တောင် သောက်လာတဲ့ ဆေးလိပ်တန်ခိုး ပြနေပါပြီ။ မနက်မနက် ချောင်းခြောက်တွေ တဟွပ်ဟွပ် ဆိုးနေမယ်။ တနေ့လုံး တံတွေးတွေ တပျစ်ပျစ် ထွေးပြီး မအီမသာ ဖြစ်လို့ နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ပုံမှန်ဆေးစစ်မှုတခု လုပ်တော့ ကျွန်တော့်မှာ အကျိတ်တခု ရှိနေပြီလို့ ကျွန်တော့်ဆရာဝန်က ဆိုပါတယ်။ ဓာတ်မှန်ပြားထဲမှာ ပုံပေါ်နေတဲ့ ကျွန်တော့်အဆုတ်ထဲမှာ
ကျောက်ခဲလုံးလောက်ရှိတဲ့ အကွက်ကလေးက အဲဒီအကျိတ်ပါပဲ။ 

အဲဒီအကျိတ်ဟာ ၆၉-ရာခိုင်နှုန်း ကင်ဆာကျိတ် ဖြစ်နိုင်ပြီး ၃၅-ရာခိုင်နှုန်းကတော့ အသားပိုတခု
ဖြစ်နိုင်တယ်လို့ ဆရာဝန်က ဆိုပါသည်။ ကျွန်တော့်ဆရာဝန်က ဘိုင်အုတ်စီ Biopsy (အသားစထုတ်၍ ဓာတ်ခွဲခန်းတွင် စမ်းသပ်ခြင်း) လုပ်ဖို့ အကြံပြုပါတယ်။ တကယ်လို့ ကင်ဆာကျိတ် ဆိုရင် ခွဲစိတ် လှီးဖြတ်ထုတ်ပစ်ရမယ်လို့ ပြောပါတယ်။

ကျွန်တော် ဆေးလိပ်ဖြတ်ပြီး ၄-လပြည့်မြောက်တဲ့ရက် အတိအကျမှာပဲ ကျွန်တော် ဆေးရုံတက်လိုက် ရပါတယ်။ ကျွန်တော့်အကျိတ်က ကာဆီနိုမားဆိုတဲ့ နုသေးတဲ့ ကင်ဆာကျိတ်တမျိုးပါပဲ။ အဲဒီအဆုတ်ကင်ဆာ မျိုးက ဆေးလိပ်သောက်ခြင်းနဲ့ အခိုင်အမာ ပတ်သက်နေပါတယ်။ ခွဲစိတ်ကုဆရာဝန်က အကျိတ်နဲ့အတူ အဆုတ်တခြမ်းလုံး လှီးဖြတ်ထုတ်လိုက်ရတယ်လို့ ဆိုပါတယ်။


ကျွန်တော်က ကံကောင်းတယ်လို့ နောက်လတော့မှ သူက ပြောပြပါတယ်။ ကျွန်တော် ဆေးစစ်တာ လအနည်းငယ် စောနေမယ်ဆိုရင် အဲဒီအကျိတ်ကို တွေ့ဦးမှာ မဟုတ်ဘူး၊ လအနည်းငယ် နောက်ကျသွားမယ်ဆိုရင် အဆုတ်တပြင်လုံး ပြန့်နေလောက်ပြီ။ ကျွန်တော့် ခွဲစိတ်ဆရာဝန်ကတော့ ကင်ဆာကျိတ်တွေကို ပိုင်ပိုင်နိုင်နိုင် လှီးဖြတ်ထုတ်ခဲ့ပြီးပြီမို့
နောက်ထပ်တခါ ပြန်မပေါ်လာနိုင်တော့ပါဘူးလို့ ယုံကြည်နေတယ်။


အားလုံးကို ခြုံကြည့်ရင် ကံကောင်းသွားတာလို့ ကျွန်တော် ခံစားမိတယ်။ ခွဲစိတ်ပြီးစ နေ့တွေမှာဆိုရင် သံစနဲ့ထိုးနေသလိုလို မခံမရပ်နိုင်အောင်ကို နာတာ၊ အသက်ရှင်လျက်နဲ့ ကျွန်တော်တော့ ဆေးရုံက ဆင်းနိုင်တော့မှာ မဟုတ်ပါဘူးလို့ကို ထင်နေတာ၊ တလကျော်ကျော်လောက်အထိကို မချိမဆံ့ နာကျင်နေတုန်းပါပဲ။ အခုအချိန်ထိတောင် တခါတလေ အသက်ရှူမဝသလို ကျွန်တော်ခံစားနေရတုန်းပါပဲ။


ဟုတ်တယ်၊ ကျွန်တော် ဆေးလိပ်ရဲ့ အရသာကို တကယ့်ကို စွဲမက်ခဲ့တာပါ။ ပျော်ရွှင်ခြင်းဆိုတဲ့ အရသာကို ဆေးလိပ်ထဲက ရှိနိုင်မယ်လို့ ကျွန်တော်ရိုးသားစွာ ယုံကြည်ခဲ့ပါတယ်။

David W.Cowles (၁၉၉၉၊ ဖေဖော်ဝါရီလ ၁-ရက်ထုတ် Newsweek မဂ္ဂဇင်းမှ My Turn အက်ဆေး ကဏ္ဍပါ The Price of Smoking ကို ဆီလျော်အောင် ပြန်ပါသည်)

လူဇော်မင်းညို
(ရုပ်ရှင်တေးကဗျာ ၂၀၀၀-ပြည့် ဒီဇင်္ဘာလ)

No comments: