Thursday, September 1, 2011

သတိထားစရာ သွေးတိုးရောဂါ

သွေးတိုးရောဂါရှိသူ တဦးဟာ---
* လေမှန်မှန် သက်ရမယ်။
* ဝမ်းဖောဖောသီသီ သွားရမယ်။
* (ဝမ်းချုပ်လို့ ညှစ်ရရင် B.P ရုတ်တရက် တက်တတ်ပါတယ်)။
* ဆီးများများ သွားရမယ်။
* ချွေးစုံထွက်ရမယ်၊ ချွေးထွက် ညီရပါမယ်။

ရှောင်သင့်သော အစားအစာများ---
* အငန်များတဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ဆား၊ အချိုမှုန့်၊ ဗွက်တိုးတဲ့ အကောင်တွေဟာ သွေးတိုးကို အားပေးစေပါတယ်။
* ဝက်သား၊ ဘဲသား၊ ငါးရှဥ့်၊ ငါးသလောက်၊ ထောပတ်၊ အုန်းသီး၊ ဆိုဒါ များများပါသော အစားအစာများ။

များများ စားနိုင်သော အစားအစာများ---
* ဟင်းရွက်စိမ်း၊(ဥပမာ-ကန်စွမ်းရွက်၊ ချဉ်ပေါင်၊ ကင်ပွန်းချဉ်)။
* အရည်ရွှမ်းတဲ့အသီး။ (ဥပမာ-လိမ္မော်သီး၊ ရှောက်သီး၊ နာနတ်သီး၊ သံပရာသီး၊ ကမ္ဗလာသီး၊ ပန်းသီး)။
* ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နေကြာစေ့၊ ဖရုံစေ့။


သွေးတိုးရောဂါ ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကတော့ တဦးနှင့်တဦး မတူညီကြပါဘူး---
၁။ အစားအသောက်ကြောင့် သွေးတိုးတယ်။
၂။ ဆေးလိပ်သောက်လို့ သွေးကြောကျဉ်းသွားတဲ့အတွက် သွေးတိုးတယ်။
၃။ လှုပ်ရှားမှုနည်းလို့ပဲ ဖြစ်ဖြစ်၊ အစာစားတာများလို့ပဲ ဖြစ်ဖြစ်၊ အဝလွန်လာရင် သွေးတိုးတယ်။
၎။ Stress စိတ်ပူပင်သောကများရင်၊ စိတ်ဖိစီးမှုများရင် သွေးတိုးဖြစ်ဖို့ အလားအလာပိုများပါတယ်။
သွေးတိုးကို မကုဘဲထားမယ်ဆိုရင် သေဆုံးတဲ့အထိ ဒုက္ခပေးနိုင်တဲ့ရောဂါဆိုးတခု ဖြစ်ပါတယ်။


စနစ်တကျ မကုနိုင်ခဲ့ရင် နောက်ဆက်တွဲ ထပ်မံခံစားနိုင်တဲ့ ရောဂါတွေကတော့---
၁။ နှလုံးရောဂါ။ (Heart Attack) နှလုံးကို သွေးမရောက်လို့ သေဆုံးနိုင်တယ်။
၂။ ဦးနှောက်သွေးကြောပေါက်ပြီး ချက်ချင်းသေဆုံးနိုင်သလို ဦးနှောက်သွေးကြောလေးတွေ ပိတ်သွားရင် လေဖြတ်ပြီး ကိုယ်တပိုင်း သေနိုင်ပါတယ်။
၃။ ကျောက်ကပ်ပျက်စီးပြီး တကိုယ်လုံး ဖောရောင်နိုင်ပါတယ်။
၎။ သွေးတိုးတဲ့အရှိန်ကြောင့် မျက်စိနှစ်ဖက်လုံးမှာရှိတဲ့ သွေးကြောလေးတွေ ပျက်စီးကုန်ပြီး အမြင်အာရုံ ချို့တဲ့နိုင်ခြင်းတို့ ဖြစ်ပါတယ်။
သွေးတိုးရောဂါ ပျောက်ကင်းဖို့ ဆေးဝါးတခုတည်းနဲ့ မလုံလောက်ပါဘူး။


သွေတိုးသမားတယောက် ပြုမူနေထိုင်နည်းကတော့---
၁။ ဆေးလိပ်ဖြတ်ပါ။
၂။ အရက် အလွန်အကျွံ သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
၃။ စိုးရိမ်ပူပင်သောက လျော့နည်းအောင် ကျင့်ကြံ၍ ဒေါသ၊ မောဟ လျှော့ပါ။
၎။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်၍ နေ့စဉ် နံနက်တိုင်း လမ်းလျှောက်ပါ။
၅။ Meditation မပျက်မကွက် ပြုလုပ်ပါ။
Meditation တနေ့ကို မနက်တကြိမ်၊ ညတကြိမ် (တကြိမ်ကို မိနစ် ၂၀-လောက်) ပြုလုပ်ရင် B.P ဟာ ဘာဆေးမှမသောက်ဘဲ Normal ကို ပြန်ရောက်သွားနိုင်ပါတယ်။ စိတ်တည်ငြိမ်အေးချမ်းမှု ရလာတာနဲ့ လူကို ဒုက္ခပေးမယ့် Catecholamine တွေ ထွက်လာတာ လျော့နည်းသွားပါတယ်။ တရားမှတ်တာ အဆင့်မြင့်လာရင်တော့ အင်မတန်အကျိုးရှိတဲ့ ဟိုမုန်းတွေထွက်လာပါတယ်။ ဒါကြောင့် သွေတိုးရောဂါသာမက အခြားသော ဝေဒနာများကိုပါ ငွေမကုန်၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုး မရှိ၊ ရောဂါလည်း ပျောက်တဲ့အပြင် ကုသိုလ်လည်းရတဲ့နည်း ဖြစ်ပါတယ်။ စိတ်ကို ပျော်ရွှင်အောင်၊ စိတ်တည်ငြိမ်အေးချမ်းမှုရအောင် ပြုပြင်နေထိုင်ခြင်းဟာ သွေးတိုးရောဂါကို ကာကွယ်ရာရောက်ပါတယ်၊ လူ့သက်တမ်း တိုတိုလေးမှာ အားလုံးချစ်ချစ်ခင်ခင် နေသွားကြရအောင်။


ဆရာမ ဒေါ်စီစီ
(ဂမ္ဘီရ ၂၀၀၆-၁၁)

No comments: