Sunday, September 4, 2011

အသက်ကြီးလျှင် လက်ဖက်အုပ်ကို ပြင်

အထက်ပါ အသက်ကြီးလျှင် လက်ဖက်အုပ်ကိုပြင်-ဟူသော စကား အသုံးအနှုန်းမှာ မြန်မာမှုစကားပုံတခု
ဖြစ်သည်။ သို့သော် အထက်ပါ အသက်ကြီးလျှင် လက်ဖက်အုပ်ကို ပြင်-ဟူသည် မြန်မာ့ဆေးပညာအရ အသက်အရွယ်ကြီးသူများ လက်ဖက်စားကြရန် ညွှန်ကြားထားခြင်းသာ ဖြစ်သည်။


အသက်လေးဆယ် ကျော်လာသောအခါ ပျိုမျစ်နုနယ်မှုများ ရပ်တန့်ကာ အိုမင်းရင့်ရော်ခြင်းဇရာသို့ ချဉ်းနင်း ဝင်ရောက်လာသည်။ ထိုအခါ လူ့ခန္ဓာကိုယ်တွင် လေအား၊ သွေးအားများ ဆုတ်ယုတ်လာသည်။
လူတယောက်တွင် သွေးအားသည် အဓိကကျသလို လေအားကပို၍ ပဓာနကျသည်။ လူတယောက်တွင် လေအားရှိနေပါမှ သွေးများ လှုပ်ရှားသွားလာနိုင်မည်။ သွေးများလှုပ်ရှားသွားလာနေပါမှ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ ရှိမည်။


ထိုသည်ကိုပင်ရည်၍ မြန်မာ့ရှေးဟောင်းကြီးများက နောင်းလူများကို အသက်ကြီးလျှင် လက်ဖက်အုပ်ကိုပြင်-
ဟု မှာထားခြင်းဖြစ်သည်။
အဘွားနှင့် အဘိုးသည် လက်ဖက်စုံမက်လှသည်။ အဘိုး အဘွားများသာမက မြန်မာတမျိုးသားလုံး အကြီးအငယ်မရွေး လက်ဖက်ကို နှစ်သက်စွာ စားသုံးကြသည်။


လက်ဖက်ကို ဇွန်းကလေးဖြင့် တဇွန်းစားလိုက်မိလျှင် နှုတ်ခံတွင်းကို ရွှင်၍ ခံတွင်းလိုက်လှသည်။ လက်ဖက်အုပ်ကလေးထဲမှ တဇွန်းပြီးတဇွန်း ဆက်လက်စားလာသည်။ ဤမျှအထိ လက်ဖက်၏ထူးကဲသော အရသာသည် နှုတ်ခံတွင်းကို လိုက်စေသည်။


လက်ဖက်၏ ဓာတ်သဘော---
-လက်ဖက်၏ အရသာမှာ ဖန်၊ ခါး၊ ဆိမ့် ဖြစ်သည်။
-အဖန်ဓာတ်သည် အာပေါ ရေဓာတ်။
-အခါးဓာတ်သည် ဝါယော လေဓာတ်။
-အဆိမ့်ဓာတ်သည် ပထဝီ အားဓာတ်တို့ အချိုးကျ လက်ဖက်တွင် ပါဝင်နေသည်ကို လေ့လာတွေ့ရှိရသည်။ သို့သော် လက်ဖက်တွင် အဖန်နှင့်အခါးဓာတ်တို့ ဦးဆောင်နေကြသည်။ လူတယောက်တွင် လိုအပ်လှသော အာပေါ(ရေ)နှင့် ဝါယော(လေ)ဓာတ်တို့မှာ လက်ဖက်တွင် ပြည့်စုံစွာ ပါဝင်နေခြင်းကြောင့် အသက်ကြီးလျှင် လက်ဖက်အုပ်ကိုပြင်ဟု မြန်မာ့ရှေးသူဟောင်းတို့က မိန့်မှာခြင်းဖြစ်သည်။


တဖန် မြန်မာစကားပုံတခုတွင် အသားတွင် ဝက်၊ အသီးတွင် သရက်၊ အရွက်တွင် လက်ဖက်-ဟူ၍ လက်ဖက်၏ အရသာထူးကဲပုံကို နှောင်းလူသားစဉ် မြေးဆက်တို့အား မှာကြားထားခဲ့ပါသည်။
ထို့ကြောင့် မြန်မာရိုးရာတွင် ရှေးက လက်ဖက်ကို သုံးဆောင်ရာ၌ လက်ဖက်သားကို နှမ်းဆီစစ်စစ်ဖြင့် စိမ်၍ နယ်ထားပြီးလျှင် အသက်ကြီးသူများက တို့ရုံ မြုံ့ရုံသာ စားကြသည်။ ဤသို့ ပြုလုပ်ခြင်းမှာ လက်ဖက်၏ ဖန်ခါး၊ ဆိမ့်သောအရသာတို့ကို နှမ်းဆီ၏ ပူ၊ ခါး၊ ဆိမ့် အရသာဖြင့် ပြန်၍ထိန်းပေးလိုက်ခြင်းပင် ဖြစ်သည်။


အသက်ကြီး လေအားနည်းရောဂါနှင့် လက်ဖက်---
ထိုအခါ လက်ဖက်၏အပြစ်ဒေါသတို့လည်း ငြိမ်းကာ စား၍လည်း ပို၍အရသာရှိလာသည်။ လက်ဖက်ကို စားသုံးပေးခြင်းဖြင့် နှုတ်မမြိန်၊ ခံတွင်းမလိုက်ခြင်း၊ အသံတုန်ခြင်း၊ အသက်ကြီး လေအားနည်းကာ ခြေတုန် လက်တုန်ဖြစ်ခြင်း၊ အစာနင်ခြင်း၊ ကြို့ထိုးခြင်း စသောအားနည်းချက်တို့မှ ကင်းဝေးစေသည်။


ဤသို့ လက်ဖက်ကို နှမ်းဆီစစ်စစ်ဖြင့် တွဲဖက်ပေးလိုက်သောအခါ ဘေးအဖြစ်မှ ဆေးအဖြစ်သို့ ပြောင်းလဲ လာသည်။ သို့သော် လက်ဖက်အသားချည်းကို တိုင်းထွာမှုမရှိဘဲ တဖက်အစွန်းသို့ရောက်အောင် အလွန်အကျွံ စားသုံးပါက လေချုပ်၊ ဆီးချုပ်၊ ဓာတ်ချုပ် စသော ဝါယောဓာတ်(လေ)ချုပ်ပြီး ဖောက်ပြန်သော ဝေဒနာကို ခံစားရမည်မှာ မလွဲချေ။


လက်ဖက်နှင့် သင်္ဘောရွက်---
ထို့ကြောင့် မြန်မာ့ရှေးသူဟောင်းတို့က လက်ဖက်ကို လွန်ကျွံစွာစားမိသော်လည်း ဘေးမဖြစ်သော နည်းကို ညွှန်ပြထားခဲ့ပါသည်။ ထိုနည်းမှာ သင်္ဘောရွက် မနုမရင့်ကို နွမ်းရုံမီးမြိုက်ပါ။ ပြီးလျှင် ရေဖြင့်သန့်စင်ပြီး ပါးပါးကလေးများလှီးကာ လက်ဖက်ဖြင့် ဆတူရောနှောရသည်။ ပြီးလျှင် နှမ်းဆီစစ်စစ်ကို ဆမ်း၍နယ်ကာ ကြက်သွန်ဖြူဥ တလုံးဖြင့် စားလိုက်သောအခါ အာပေါ(ရေ)၏ အကျိုးကိုလည်း ရရှိ၏။ ဝါယော (လေ)၏ အကျိုးကိုလည်း ရရှိ၏၊ ဝါယော အာကာသ (လေနှင့်အပွင့်ဓာတ်)လည်း ရရှိသဖြင့် အပြစ်ကင်းသော လက်ဖက်စားသောက်နည်း ဖြစ်လာလေသည်။


လက်ဖက်သည် အာပေါ လေချုပ်စာ ဖန်ဆိန့်ခါး ဖြစ်၏။ သို့ရာတွင် တွဲစပ်လိုက်သော သင်္ဘောရွက်သည် ပူစပ်ခါး ဝါယော လေစာအပွင့်ဓာတ်ဖြစ်သည်။ ထို့အပြင် နှမ်းဆီစစ်စစ်၊ ကြန်သွန်ဖြူ နိုင်နိုင်ဖြင့် လက်ဖက်ကို သုတ်စားသောက်လိုက်သောအခါ အာပေါ (ရေ)ဓာတ် အကျိုးကိုလည်း ရရှိ၏။ ဝါယော(လေ)ဓာတ် အကျိုးကိုလည်း ရရှိသဖြင့် အပြစ်ကင်းသော လက်ဖက်စားသောက်နည်း ဖြစ်လေသည်။


ထိုအခါမှသာလျှင် မြန်မာ့ရှေးသူဟောင်းတို့ ပြောဆိုသော ကျန်းမာရေးလမ်းညွှန် မျက်စိမှာ ရည်၊ နားမှာ ဆီ၊ ဒန္တီမှာ ဆား၊ ဝမ်းမှာ အခါး-ဟူသောစကား မှန်ကန်သွားလေသည်။
အထက်ပါတို့မှာ မြန်မာ့ရှေးရိုးအစဉ်အလာ လက်ဖက်စားခြင်းနှင့် တိုင်းရင်းဆေးပညာအမြင်များ ဖြစ်ကြသည်။
မျက်မှောက်ခေတ် လက်ဖက်တပွဲ၏ အဆင်တန်ဆာများမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဦးစွာပထမ လက်ဖက်ထွက်ရာ ပင်ရင်းဌာနမှနေ၍ ကြိတ်ခြေနူးနပ်ပြီး လက်ဖက်ခြင်းများတွင် သိပ်၍ထည့်ပေးလိုက်သော လက်ဖက်များကို ဈေးများသို့ရောက်မှ ဖွင့်၍ ရောင်းချလေ့ရှိသည်။


ခေတ်သစ်လက်ဖက်တပွဲ---
ထိုလက်ဖက်စိမ်းကို ဝယ်ယူကြကာ နှမ်းဆီရွှဲရွှဲဆမ်း၍ အရံအတွဲအဖြစ် ကြက်သွန်ဖြူ၊ နှမ်းလှော်၊ ပဲကြော်စုံများ ပါဝင်လာသည်။ တချို့တတ်နိုင်သူများက ပို၍ စားကောင်းအောင် ပုစွန်ခြောက်များကို ထည့်စွက်ကာ စားသုံး ကြသည်။ ထိုအခါ လက်ဖက်တပွဲသည် အရွယ်မရွေး စားသုံးကြသူများအတွက် အရသာထူးကဲ လျှာတွင် စွဲသွားရလေသည်။

လက်ဖက်စား၍ လေချုပ်သည်၊ ရင်ပြည့်ရင်ကယ်ဖြစ်သည်ဟူသော ခံစားမှုဝေဒနာများကို လက်ဖက်တပွဲတွင်ပါရှိသော အကြော်အလှော်တို့က ခြေဖျက်သွားခဲ့သည်။ အချို့သော လက်ဖက်ပွဲတွင် ချင်းကို နုပ်နုပ်စဉ်း၍ ရှောက်ရည်စိမ်ကာ ထည့်ထားကြောင်း တွေ့ရသည်။


အကြော်အလှော်စုံပါမှ ရသာစုံသည့် လက်ဖက်တပွဲကား စည်းလုံးမှုအသွင်ကို ဆောင်နေသည်။
လက်ဖက်စား၍ အကျိုးအပြစ်များကို တိုင်းရင်းဆေးပညာရှုထောင့်မှ လေ့လာကြည့်ပါလျှင်...


နှမ်း၏အရသာ---
လက်ဖက်ကို နှမ်းဆီဆမ်း၍ နှမ်းလှော်ဖြည့်သည်။ နှမ်းသည် အရသာအားဖြင့် ဆိမ့်ခြင်း၊ စပ်ခြင်း၊ ခါးခြင်း၊ ငန်ခြင်း၊ ပူခြင်းသဘောတို့ရှိသည်။ ထို့ကြောင့် နှမ်းဆီနှင့် နှမ်းလှော်တို့သည် လေကိုနိုင်၍ ဝမ်းမီးကို တောက်စေသည်။ ထို့ကြောင့် အေးသောလက်ဖက်ကို ထိန်းနိုင်စွမ်းရှိသည်။


မောင်မခေါ်-ပဲ ---
လက်ဖက်ပွဲတွင် တွဲဖက်ပါဝင်သော ပဲကြီးကြော်ကို မောင်မခေါ်ပဲကြီးကြော်ဟုခေါ်သည်။ ဆိမ့်သောအရသာ ရှိ၍ အတန်ငယ်ပူသည်။ ဖန်ခါးအေးသော လက်ဖက်သည် လေချုပ်ဆီးရွှင်စေ၏။ ထိုသည်ကို ဖြေရန် လေသက်၍ ဆီးနည်းစေသော ပဲကြီးဖြင့် ပြန်ထိန်းပေးထားဖြစ်ဖြစ်သည်။ 


ကြက်သွန်ဖြူ ကြော်---
ယနေ့ လက်ဖက်ပွဲတွင်ပါသော ကြက်သွန်ဖြူမှာ ကြက်သွန်ဖြူကို နေလှန်းကာ ပါးပါးကလေးလှီး၍ ပြန်ကြော်ကာထားခြင်းဖြစ်သည်။ ကြက်သွန်ဖြူသည် စပ်ခြင်း၊ ငန်ခြင်း၊ ချိုခြင်း၊ အရသာဖြင့် ပြည့်စုံသည်။ အစာကြေ၍ ဝမ်းမီးအားကောင်းသည်။ လေကိုနိုင်နင်းသည်။ သွေးနှင့်သင့်၍ ပိုးကို ပယ်သောသတ္တိရှိသည်။


လက်ဖက်ပွဲ၌ ကြက်သွန်ဖြူကြော်ကို ထည့်သွင်းပေးခြင်းသည် လက်ဖက်၏ ဖန်ခါးအေး အရသာကို စပ်၊ ချို၊ ငန် အရသာဖြင့် ဖြေလိုက်သည်။ ထိုအခါ ဆီးနည်းခြင်း၊ လေသက်ခြင်းကို ပြုပြင်ပေးသည်။


ချင်းနှင့်လက်ဖက်---
လက်ဖက်နှင့်ချင်းတို့သည် မြန်မာအလှူပွဲ၌ ဒွန်တွဲ၍ပါဝင်သော အစာအာဟာရတခု ဖြစ်သည်။ လက်ဖက်တွင်ပါဝင်သော ချင်းကို ပါးပါးကလေးလှီးကာ တဖန်နုပ်နုပ်စဉ်းပြီးသား ချင်းများဖြစ်သည်။ ထိုလှီးပြီး ချင်းကိုပင် လက်ဖက်ပွဲ၌ မထည့်မီ ရေစိမ်ထားပြီးမှ ထည့်ပေးခြင်းဖြစ်သည်။


ချင်း၏ဓာတ်သဘောမှာ အပူ၊ တေဇော၊ အတက်ဓာတ်ဖြစ်သည်၊ ချင်းသည် အစာမကြေ ရင်ကြောတင်း မှုကို ပယ်ပျောက်သည်။ ဝမ်းသက်၊ သွေးသက်၍ ဆီးနည်းစေသည်။ ထို့ကြောင့် လက်ဖက်၏ ဖန်ခါးအေးချုပ်သော သတ္တိကို ပူစပ်ပွင့်သော ချင်းနုပ်နုပ်စဉ်းဖြင့် တွဲဖက်သုံးဆောင်ခြင်းမှာ အထိန်းအကွပ်ညီညွတ်လှသည်။


တရုတ်နိုင်ငံ၌ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် လက်ဖက်ရည်ကြမ်း သောက်သုံးမှုဓလေ့ ရှိခဲ့သည်။ အင်္ဂလန်အနေနဲ့ လွန်ခဲ့သောနှစ်ပေါင်း(၁၀၀)ကျော်ခန့်ကသာ လက်ဖက်ကို တွင်ကျယ်စွာ သုံးစွဲလာကြသည်။ 
အိန္ဒိယ၊ သီရိလင်္ကာ၊ ဒတ်ခ်ျ၊ အရှေ့အိန္ဒိယ၊ စုမတြ၊ ဂျာဗား၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်နှင့် မြန်မာနိုင်ငံ တို့တွင် လက်ဖက်ကို အဓိကစိုက်ပျိုးကြပြီး အာဖရိကတိုက်တွင် အနည်းငယ်သာ စိုက်ပျိုးလေသည်။


မြန်မာနှင့် လက်ဖက်စား ဓလေ့---
အထက်ပါ လက်ဖက်စိုက်နိုင်ငံများသည် လက်ဖက်ရွက်ကို လက်ဖက်ရည်အကြမ်းသောက်နှင့် လက်ဖက်ရည်အချို သောက်မှုများကို ပြုလုပ်သော်လည်း လက်ဖက်ရွက်အသားကိုမူ စားသုံးခြင်းမရှိချေ။
လက်ဖက်ရွက်ကို စားသုံးသောနိုင်ငံမှာ ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်းသာ ရှိသည်။


လက်ဖက်စိုနှင့် ကင်ဆာရောဂါ---
အနောက်တိုင်း ခေတ်မီ ဆေးပညာအနေနဲ့မူ လက်ဖက်အစိုကို စားသုံးခြင်းသည် ကင်ဆာရောဂါနှင့်
လေငန်းဖြတ်မည့်ဘေးမှ ကာကွယ်နိုင်ကြောင်း မြန်မာ့အလင်း သတင်းစားကြီး၌ ဖော်ပြထားပါသည်။


မောင်ယဉ်နွယ်
(၁) လက်ဖက်ပင်၏ ရုက္ခဗေဒအမည်=Camellia Sinensia(L)
(၂) မျိုးရင်း=Theaceae (လက်ဖက်မျိုးရင်း)


ကျမ်းကိုး
၁။ ၂-၉-၂၀၀၄-ထုတ် မြန်မာအလင်း သတင်းစာ။
၂။ ပြည်သူ့ကြားက တိုင်းရင်းဆေး (ကျော်သိန်းထွန်း)
၃။ အိုမှုနှင့်ဆိုင်ရာ ပြဿနာများ (သိမ်ဖြူဆရာတော်)
၎။ နာနာနယ အာဟာရစွယ်စုံကျမ်း (ဦးစံလှ) 


ဂမ္ဘီရမဂ္ဂဇင်း
(၂၀၀၇-ဖေဖော်ဝါရီလ)

No comments: