Monday, September 5, 2011

လက်ဖက်ရည်ကြမ်း၏ အစွမ်းသတ္တိထူး

လက်ဖက်ရည် အဖန်သောက်ရင်ဖြင့် ကျက်သရေ အမှန်ရောက်ပေလိမ့် ကြံသလောက် ပြီးမြောက်တဲ့ရည်။

အထက်ပါ သံချိုကဗျာစားသားကလေးသည် မြန်မာတို့ လက်ဖက်ရည်ကြမ်းကို စွဲမက်စွာသောက်ကြောင်း
ဖော်ညွှန်းဖွင့်ဆို ရေးစပ်ထားသည်။ နံနက်အချိန် မြန်မာလူမျိုးတို့ အိပ်ရာမှ နိုးထလျှင် နိုးထချင်း
နှုတ်ခံတွင်းများကို သန့်ရှင်းကြသည်။ ပြီးလျှင် ထမင်းကြမ်းကို လက်ဖက်ရည်ကြမ်းတအိုးဖြင့် သောက်၍ စားလေ့ရှိသည်။ ဤသည်မှာ မြန်မာ့ဓလေ့တရပ် ဖြစ်သည်။


လက်ဖက်ရည်ကြမ်းကို သောက်ပေးခြင်းဖြင့် အကြံဉာဏ်ကောင်းများ ရရှိနိုင်သည်။ ဉာဏ်များ ပွင့်လင်းလာသည်။ ကိုယ်စိတ်နှစ်ပါးကို ရွှင်လန်းလာသည်။ ထိုသို့ဖြစ်ရခြင်းမှာ လက်ဖက်ခြောက်၌ ကဖင်း(ခေါ်) ဓာတ်တမျိုးတို့ အစွမ်းကြောင့် ဖြစ်ကြောင်း သိပ္ပံဆရာက ဖွင့်ဆိုထားလေသည်။


အနောက်တိုင်းဆေးပညာအမြင်ဖြင့် လက်ဖက်ရည်ကြမ်း သောက်ခြင်းကို လေ့လာကြည့်ပါက ကဖင်းဓာတ်သည် အစင်းပါကြွက်သားတို့ကို ခြယ်လှယ်နိုင်စွမ်းရှိသည်။ ကဖင်းဓာတ်သည် ဗဟိုအာရုံကြော များကိုလည်း လှုံ့ဆော်တက်ကြွစေသည်။ အမောအပန်းကိုလည်း ခံနိုင်စွမ်းရှိသည်။ ၄င်းအပြင် နှလုံး၊ ကြွက်သားကြော (Smooth Muscle)နှင့် ဆီးရွှင်မှုတို့ကို အားပေးသည်။ လက်ဖက်ရည်ကြမ်းတွင် ပါသော ကဖင်းဓာတ်သည် ကျောက်ကပ်အတွင်း သွေးလှည့်ပတ်မှုကို တိုးတက်ဖြစ်ထွန်းစေသည်။ ထို့ကြောင့် ဆီးရွှင်မှုကို ဖြစ်စေသည်။  ထိုသို့ ဆီးရွှင်ခြင်းကြောင့် သွေးတိုးခြင်းကို ကျဆင်းစေပြီး
ကျောက်ကပ်အားကောင်းလာသည်။


ကိုလက်စထရော---
ဘလက်ဖက်ရည်အကြမ်းကို သောက်ခြင်းဖြင့် လူ၏ကိုယ်တွင်း လှည့်ပတ်လျက်ရှိသော သွေးထဲရှိ ကိုလက်စထရော အဆီဓာတ်ပမာဏကို လျှော့ချပေးနိုင်သည့် သတ္တိရှိကြောင်းကို သုတေသီတို့က
တွေ့ရှိထားပြီးဖြစ်သည်။ သွေးထဲ၌ ကိုလက်စထရော ပမာဏများခြင်းသည် နှလုံးရောဂါနှင့်
သွေးကြောပိတ်ရောဂါတို့ ဖြစ်ပွားရန် အကြောင်းရင်းတရပ် ဖြစ်ပါသည်။


လက်ဖက်ရည်ကြမ်း သောက်ပေးခြင်းဖြင့် သွေးတွင်းရှိ မကောင်းသည့် ကိုလက်စထရောများကို ပျမ်းမျှ(၁၀)ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်သည်ဟု ဆိုထားသည်။
လက်ထက်ရည်ကြမ်း သောက်ခြင်းသည် ကင်ဆာရောဂါကိုပါ ကာကွယ်နိုင်သည်ဟု ဆိုထားသည်။ (၁၉၉၉)ခုက ဂျပန်နိုင်င့တွင် လေ့လာမှုအရ တနေ့ လက်ဖက်ရည်ာကမ်း ဆယ်ခွက်ထက်မနည်း
သောက်ခြင်းသည် ကင်ဆာရောဂါဖြစ်မှုကို ဟန့်တားကာကွယ်နိုင်သည်ဟု ဆိုသည်။


နှလုံးကျန်းမာရေး ကောင်းမွန်---
ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါနှင့် အဆုတ်ရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်များရှိသည်။ သို့သော် ဤရောဂါဖြစ်ပွားနှုန်းသည် ဆေးလိပ်သောက်သည့်ဓလေ့ အများဆုံးရှိနေသည့် အာရှနိုင်ငံမျာတွးင် နည်းပါးလျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။


ဤသို့ နှလုံးရောဂါနှင့် အဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း နည်းပါးရခြင်းမှာ နေ့စဉ်ရေနွေးကြမ်း
သောက်သုံးမှုကြောင့် ဖြစ်သည်ဟု သုတေသီများက ပြောကြားခဲ့သည်။
ရေနွေးကြမ်းသောက်သုံးမှု ဓလေ့ကြောင့် နှလုံးကျန်းမာရေး ကောင်းမွန်သည်။ ထို့အပြင် အဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း လျော့ကျသွားနိုင်ကြောင်း အမေရိကန်ပြည်၊ ယေးတက္ကသိုလ်မှ သုတေသီးများက ဆေးဘက်ဆိုင်ရာဂျာနယ်တစောင်တွင် ရေးသားထားကြသည်။


လက်ဖက်ရည်ကြမ်း(ခေါ်) ရေနွေးကြမ်းတွင် ကတက်ချင် (Catechin)အမည်ရှိ အက်ဆစ်ဒြပ်ပေါင်း ဓာတုပစ္စည်းများ စုဝေးပါရှိကြောင်း၊ ယင်းဓာတ်ကြောင့် လူသားတို့ ရေနွေးကြမ်းကို နေ့စဉ်သောက်သုံး
ပေးခြင်းကြောင့် ကောင်းကျိုးပြုကြောင်း သုတေသီများက ဖွင့်ဆိုထားကြသည်။ 


တရုတ် ဂျပန်နှင့် အာရှနိုင်ငံများတွင် ရေနွေးကြမ်းသောက်သည့်ဓလေ့ ရှေးယခင်မှ ယနေ့မျက်မှောက်ခေတ် အထိရှိရာ မြန်မာနိုင်ငံသူ နိုင်ငံသားတို့အဖို့ အထက်ပါသတင်းသည် ဝမ်းသာဖွယ်ရာကောင်းလှသည်။


လူကီးမီးယား ရောဂါနှင့် လက်ဖက်ရည်ကြမ်း---
အရွယ်ရောက်ပြီးသူတိုင်းတွင့် ဖြစ်ပွားသည့် လူကီးမီးယား (ရိုးတွင်းခြင်ဆီမှ သွေးဖြူသများ အလွန်အမင်း ထုတ်လုပ်သည့်ရောဂါ) ရောဂါအတွက် လက်ဖက်ရည်ကြမ်း သောက်ခြင်းဖြင့် ကုစားနိုင်ကြောင်း အစီရင်ခံစာ အသစ်တခုအရ သိရပြန်သည်။

ခြင်ဆီကင်ဆာ---
မင်နီဆိတာ (1 MAYO) ဆေးခန်းမှ ဆရာဝန်များသည် လူကီးမီးယား ဝေဒနာရှင်လေးဦးအား လက်ဖက်ရည်ကြမ်းကို ဆေးအဖြစ် တိုက်ကျွေးခဲ့ရာ ဝေဒနာရှင်သုံးဦးသည် ရောဂါဝေဒနာမှ သက်သာကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။


အဆိုပါ ဝေဒနာရှင်များသည် နာတာရှည် လူကီးမီးယား (CLL)ဝေဒနာရှင်များဖြစ်ကြသည်။ ဤရောဂါသည် သွေးနှင့်ခြင်ဆီတွင် ကင်ဆာရောဂါဖြစ်နေခြင်းဖြစ်ပြီး ကျန်းမာသောသွေးဆဲလ်များအစား မူမမှန်သော သွေးဖြူဥများ ထုတ်လုပ်ခြင်းကြောင့် ဖြစ်သည်။


ဆက်လက်လေ့လာမှုအရ လက်ဖက်ရည်ကြမ်းတွင် ပါဝင်သော EGCG ၉ခေါ်) ဓာတ်ပေါင်းတမျိုးသည် လူကီးမီးယား ဝေဒနာရှင်များထံမှ ရယူခဲ့သော ကင်ဆာဆဲလ်များကို စမ်းသပ်ပြွန်ထဲတွင်ထည့်၍ စမ်းသပ်ကြည့်ရာ သတ်ဖြတ်နိုင်ကြောင်း တွေ့ရှိရသည်။


ယခင်လေ့လာမှုများအရမူ လက်ဖက်ရည်ကြမ်းနှင့် ယင်းမှထွက်သော ဆေးဖက်ဝင်ပစ္စည်းများသည် ကင်ဆာရောဂါကို တိုက်ဖျက်နိုင်စွမ်းရှိကြောင်း သုတေသနပြုချက်များအရ သိရှိရသည်။


အထူးသဖြင့် လက်ဖက်ရည်ကြမ်း၏စွမ်းရည်သည် ကင်ဆာရောဂါ၊ နှလု့းရောဂါနှင့် အခြားရောဂါဆိုးများကို တိုက်ဖျက်နိုင်ကြောင်း ထပ်မံသိရှိရလေသည်။ 


လက်ဖက်၏ ဒဏ္ဍာရီများ---
လက်ဖက်နှင့်ပတ်သက်၍ ဒဏ္ဍာရီ ပုံပြင် များစွာရှိသည်။ ဟိုရှေးရှေးတုန်းက တရုတ်ပြည်၌ ရိုးသားဖြူစင်လှသော ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတပါးရှိသည်။ ထိုဆရာတော်ကြီးသည် ကိုးနှစ်တိုင်တိုင်မအိပ်မနေ တရားကျင့်ရန် သစ္စာအဓိဋ္ဌာတန် ပြုထားလေသည်။ သို့သော် ၃-နှစ်ကြာသောအခါ အမှတ်မထင် အိပ်ပျော်သွားမိသည်ဟု ဆို၏။


ထိုကိုယ်တော်ကြီးသည် မိမိသစ္စာအဓိဋ္ဌာန်ပြုချက် ပျက်ပြယ်သွားသဖြင့် မိမိကိုယ်ကို ဒဏ်ခတ်သည့်အနေဖြင့် မိမိမျက်ခွံလွှာများကို ဓားဖြင့်လှီးပြီး အဝေးသို့ လွှင့်ပစ်ခဲ့သည်။ သူတော်စင်ရဟန်းကြီး လွှင့်ပစ်လိုက်သော ထိုမျက်ခွံများက မကြာမီအချိန်တွင် သစ်ပင်ငယ်နှစ်ပင် ပေါက်လာသည်ဟု ဆိုသည်။ ထိုသစ်ပင်နှစ်ပင်မှာ လက်ဖက်နှစ်ပင် ဖြစ်လာသည်။
ထိုအချိန်မှစ၍ လက်ဖက်ပင်နှစ်ပင်မှ မျိုးပွားပြန့်ပွားလာသည်ဟု တရုတ်ရိုးရာပုံပြင်က ဆိုသည်။


မြန်မာ့လက်ဖက် ဒဏ္ဍာရီ---
မြန်မာတို့၏ သမိုင်းစကားအရမူ အလောင်းစည်သူမင်းကြီးက လက်ဖက်၏မျိုးစေ့များကို ပေါင်းလောင်း (ပလောင်) လူမျိုးများအား ပေးသနား၍ စိုက်ပျိုးရန် အမိန့်ပေးခဲ့သည်ဟု ဆိုထားသည်။

တဖန် မင်းကြီးသည် အဆိုပါ လက်ဖက်ရွက်နုများကို စားကြည့်ရာ အိပ်မပျော်ဘဲရှိသည်။ ထိုအခါ လက်ဖက်ရွက်ကတုံးကို လက်ရုံးပေးတင်ပြီး လက်နှင့်ဖက်၍ အိပ်ရာ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်ဟု ဆိုသည်။ ထိုသည်မှ စ၍ ထိုအပင်ကို လက်ဖက်-ဟု သမုတ်ကြောင်း ဝေါဟာရလီနတ္ထဒီပနီကျမ်းတွင် ညွှန်းဖွင့်ဆိုထားပါသည်။


မြန်မာသက္ကရာဇ် (၁၁၆၂)ခုနှစ်တွင် သီဟိုကျွန်း(ယခု သီရိလင်္ကာနိုင်ငံ)မှ ရဟန်းသံဃာများ အမရပူရမြို့တော်သို့ ကြွလာသည်။ ထိုအခါ လက်ဖက်ကို ပြသ၍ မေးမြန်းလျှောက်ထားကြည့်ရာ “ဝတဝဍ္ဎန” ခေါ်ဆိုကြောင်း မိန့်တော်မူလေသည်။ အဓိပ္ပါယ်မှာ လေကိုပွားစေသောအရွက်ဟု မိန့်ဆိုဖြင်း ဖြစ်သည်။ အမှန်လည်း လက်ဖက်ရည်အကြမ်း သောက်လျှင် လေအားကောင်းလာသည်။
ထို့ကြောင့် လက်ဖက်ကို---
၁။ နီလဗီဇံ
၂။ သေသဇံ
၃။ ဝါတဝဍ္ဎနံ -ဟု ပါဠိလိုခေါ်ဆိုကြောင်း သိရှိရလေသည်။


အထူးသဖြင့် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံအတွက် လက်ဖက်ပင်များ အဓိကစိုက်ပျိုးရာဒေသ ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ မိုင်းလုံ၊ နမ့်ဆန်၊ မိုင်းငေါ့၊ ကျောက်မဲနယ်များမှ လက်ဖက်ခြောက် အထွက်များသည်။ ထို့အပြင် ကရင်ပြည်နယ်၊ ကချင်နှင့် ချင်းတို့မှလည်း ထွက်ရှိကြသည်။


တန်ခူးလ ဆန်းခါစတွင် လက်ဖက်ပင်ကလေးများမှ ပုရစ်ရွက်နုများ စတင်ထွက်လာသည်။ သင်္ကြန်လက်ဆေးမိုး တဖြိုက်နှစ်ဖြိုက်ရွာအပြီးတွင် လက်ဖက်ပင်မှ ရွက်ညွှန့်သစ်တို့ ဝေဝေဆာဆာ ထွက်လာကြသည်။


လက်ဖက်ပင်များသည် နွေး၍မြေသြဇာကောင်းသည့် မြေများတွင် ပို၍ဖြစ်ထွန်းသည်။ လက်ဖက်သည် အပင်ငယ်မျိုးဖြစ်၍ အမြဲထာဝရ စိမ်းလန်းစိုပြေနေသည်။ မပြုပြင်ဘဲ ထားရှိပါက ပေ(၃၀)အထိ မြင့်မားနိုင်သည်။ 


သို့ရာတွင် လက်ဖက်ရွက်ကို ဆွတ်ခူးသူများမှာ ကလေးငယ်များနှင့် မိန်းကလေးများသာ လုပ်ကိုင်လေ့ရှိ ကြသဖြင့် လေးပေ၊ ငါးပေခန့်သာ အပင်ကို အမြင့်ထားလေ့ရှိကြသည်။ ဤနည်းဖြင့် လက်ဖက်ရွက်နုကလေးများကို ဆွတ်ခူးရယူနိုင်သည်။ လက်ဖက်စိုက်ခင်းများကို လှေကားထစ် စိုက်ကွင်းအဖြစ် တောင်ခါးပန်းများတွင် စိုက်ပျိုးလေ့ရှိကြသည်။


မြန်မာနိုင်ငံတွင် လက်ဖက်ကို 
၁။ လက်ဖက်ရည် အဖန်ခြောက်
၂။ လက်ဖက်ရည် အချိုခြောက်
၃။ လက်ဖက်စို
၎။ လက်ဖက်ဆီ ဟူ၍ လေးမျိုးလေးစား ခွဲခြားထားသည်။


ပန်းပေါင်းလက်ဖက်ခြောက်---
လက်ဖက်သည် လွယ်ကူစွာ အနံ့ကူးလွယ်သော သတ္တိထူးရှိသည်။ ထို့ကြောင့် တရုတ်လူမျိုးတို့သည် လက်ဖက်ခြောက်ကို စံပယ်ပွင့်နှင့် အခြားပန်းများဖြင့် ပေါင်းတင်၍ ဈေးနှုန်းကြီးမြင့်စွာတင်၍
ဈေးကွက်ဖွင့် ရောင်းချကြသည်။


ဓာတ်သဘော---
လက်ဖက်ရည်ကြမ်းသည် ဖန်ခါးဆိမ့်အရသာ ရှိသည်။ အဖန်သည်လည်း အာပေါဓာတ် (ရေ)၊ အခါးသည် ဝါယောဓာတ် (လေ)၊ အဆိမ့်ဓာတ်သည် (ပထဝီဓာတ်)အားကို ဖြစ်စေသည်။ လက်ဖက်ရည်ကြမ်းတွင် ပထဝီဓာတ်နှင့် အာပေါဓာတ်၊ ဝါယောဓာတ်များ ဦးစီးအားကြီးနေသည်။ ထို့ကြောင့် ပထဝီနှင့် အာပေါဆောင်သည့် ဖောရောင်နေသူများ၊ လေချုပ်နေသူများ၊ သွေးလာနေသူ အမျိုးသမီးများ လက်ဖက်ရည်ကြမ်း ခါးခါးနှင့် လုံးဝ မသင့်ပေ။


လက်ဖက်ရည်ကြမ်း ခါးခါးကြီးကို သောက်သုံးမိပါက မူးဝေထိုင်းမှိုင်းပြီး အော့အန်ချင်သလို ဖြစ်လာတတ် သည်။ ထိုအခါ ဖြေဆေးအဖြစ် ထန်းလျက်တလုံး၊ နှစ်လုံး စားပေးလိုက်ပါက အထက်ပါဝေဒနာများမှ သက်သာပျောက်ကင်းသွားပါမည်။


တန်ဆေး လွန်ဘေး---
လက်ဖက်ရည်ကြမ်းကို အကျကြီးဖြစ်အောင် လက်ဖက်ခြောက် ခတ်သောက်ခြင်းကို ရှောင်ကြဉ်သင့်သည်။ လက်ဖက်ရည်ကြမ်းသည် ဆေးဖက်အလွန်ဝင်လှသော်လည်း တန်ဆေး လွန်ဘေးကို သတိထားကာ သင့်တင့်လျောက်ပတ်စွာ လက်ဖက်ခြောက်ကိုခတ်၍ သောက်သင့်သည်။


လက်ဖက်ရည်ကြမ်းကို နေ့စဉ်မှန်မှန် သောက်သုံးပေးခြင်းဖြင့် ကျောက်ကပ်အားကို ကောင်းလာခြင်း၊ ဆီးကောင်းခြင်း၊ သွေးတိုးကို ကျဆင်းခြင်း၊ နှလုံးကို ပိုမိုအားကောင်းလာစေခြင်းနှင့် ကင်ဆာရောဂါဖြစ်မည့်
ဘေးတို့မှ ကင်းဝေးနိုင်သည်ဟု အနောက်တိုင်း ဆေးပညာရှင်ကြီးများက အခိုင်အမာ ဖွင့်ဆိုထားပါသည်။


မောင်ယဉ်နွယ်


ကျမ်းကိုး---
၁။ နာနာနယ အာဟာရ စွယ်စုံကျမ်း (ဦးစံလှ)
၂။ ပြည်သူ့ကြားက တိုင်းရင်းဆေး (ကျော်သိန်းထွန်း)
၃။ သုခချမ်းသာ ကျန်းမာရေးမဂ္ဂဇင်း (နိုဝင်ဘာလ ၂၀၀၄)
၎။ အာရောဂျံ ကျန်းမာရေး မဂ္ဂဇင်း (မေလ၊ ၂၀၀၆)
၅။ ကြေးမုံ သတင်းစာ (၁၈-၆-၂၀၀၆)
၆။ မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁)

No comments: