Friday, September 30, 2011

စပ်ကူး မပ်ကူး မလွယ်ဘူး

လူထွက် ရဟန်း၊ 
နန်းကျ ဘုရင်၊ 
ပင်စင် အငြိမ်းစား၊
ယောက်ျားလူထူး၊ 
ဤသုံးဦးကား၊ 
စပ်ကူး မပ်ကူး၊ 
မလွယ်ဘူးတည့်။ 

နေထိုင်ရေးခက်ခဲသူ သုံးယောက်ရှိသည်ဟူ၏။ ယင်းသုံးဦးသည်ကား---
၁။ လူထွက်ရဟန်း
၂။ နန်းကျဘုရင်
၃။ ပင်စင်အငြိမ်းစား-တို့ ဖြစ်ပါသည်။


၁။ လူထွက်ရဟန်း---
ယင်းသည် ရှေးစကားဖြစ်ပုံရသည်။ ယခုခေတ်မှာတော့ ဘုန်းကြီးလူထွက်ဟု ဆိုကြသည်။ ဘုန်းကြီးလူထွက်များသည် အတိတ်ကာလက ရဟန်းဘဝတုန်းက နေရ ထိုင်ရ နှီးနှောပြောဆိုရသည် များမှာလည်း လူဝတ်ကြောင်များနှင့် မတူသော ရဟန်းသာမဏေများနှင့်အတူ နေထိုင်ပြောဆိုရသည်။
လေ့လာသင်ယူရသည်များမှာလည်း လူမှုကိစ္စအတတ်ပညာများနှင့် မစပ်ဆိုင်။ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း တရားစာပေများဖြစ်သည်။


ရဟန်းဘဝ မပျော်မွေ့သဖြင့် လူ့ဘောင်လောကသို့ ရောက်လာသည့်အခါ ကလေးသူငယ်များကို စာသင်ရာ၌ လူ့လောက ကကြီး၊ ခကွေးမှစ၍ သင်ရလေရာ အရာရာစိမ်းနေသည်။


စားဝတ်နေရေးမှာလည်း မြတ်စွာဘုရား၏ သာသနာ့ဝန်ကို ထမ်းဆောင်နေသောကြောင့် မြတ်စွာဘုရား
ပေးသနားသည့် စားစရာ၊ ဝတ်စရာ၊ နေစရာများကို ရခဲ့ပေရာ မိမိကိုယ်တိုင် ရှာဖွေလုပ်ကိုင်ရန်မလိုဘဲ
ပြည့်စုံခဲ့သည်။ လူ့ဘဝကိုရောက်သောအခါတွင်ကား စားဝတ်နေရေးအတွက် ကိုယ့်အားကိုယ်ကိုး၍ လုပ်ကိုင်ရှာဖွေရပေတော့သည်။ လုပ်ခဲ့သည့်အလေ့အကျင့် မရသေးသည့်အတွက် စိမ်းနေပြန်သည်။


ပြင်ပတွင် စကားပြောရာ၌လည်း ရဟန်းဘဝတုန်းနှင့် လားလားမျှ မဆိုင်တော့ချေ၊ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ် ခေါ်ဝေါ်ရမည့်အစား ဒကာကြီး၊ ဒကာမကြီး-ဟူသော ဝေါဟာရနှင့် ကွဲလွဲလှပေသည်။ သွားလာနေထိုင်ပုံကလည်း အတော်ပင်သတိထားရသည်။ ရဟန်းဘဝတုန်းက သင်္ကန်းတင်သည့် ဘယ်ဘက်လက် မလှုပ်မရှား ငြိမ်သက်ခဲ့သည်မှာ တော်ရုံနှင့်မပျောက်နိုင်။ သတိထားပြီး လှုပ်ရှားပေးနေရသည် မဟုတ်ပါလော။


ရှေးကပုံပြင်တပုဒ်ရှိသည်။ လူထွက်ခါစ ရဟန်းလူထွက်တယောက် ဆီရောင်းလေတော့--
ဆီဗျို့...ဆီ..
ဆီများ ကပ္ပိကြဦးမလား...လို့ ယောင်အော်မိသည်။
ဟဲ့..ဟဲ့..ဆီသည်ကြီးက ဘုန်းကြီးလူထွက်ကြီးနဲ့တူတယ်လို့ မိန်းမတချို့က ရယ်မောပြောသံကြားလေရာ 
ယောင်လို့ပါ ဒကာမကြီးတို့-လို့ ပြန်ပြောမိကာ မိမိမှားမှန်းသိတော့ အတင်းပြေးခဲ့ရသတဲ့။


ဤသို့သောအကြောင်းများကြောင့် ရဟန်းဘဝမှ လူ့ဘဝသို့ပြောင်းလာသည့် ရဟန်းလူထွက်များအား စပ်ကူးမပ်ကူး မလွယ်ဘူး-ဟု ဆိုရမည်သာတည်း။


၂။ နန်းကျဘုရင်---
ယခုခေတ်မှာတော့ နန်းကျသည့်ဘုရင်က ရှားပါးပစ္စည်းတခုဖြစ်သည်။ ဇာတ်ပွဲထဲတွင်လောက်သာရှိသည်။
ရှေးကဘုရင်များသည် ဘုန်းတန်ခိုး အလွန်ကြီးကြသည်။ လိုတရ ပြည့်ဝကြသည်။ လူတို့၏ အသက်စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်သည်ဟုပင် မှတ်တမ်းတင် ပြောစမှတ်ရှိခဲ့သည်။


ဘုရင်များသည်လည်း သူတို့အသုံးအနှုန်းဝေါဟာရ သီးသန့်ရှိသည်။ ရေသောက်သည်ကို ရေကြည်တော် 
သောက်သည်-ဟု ပြောရသည်။ ထမင်းစားသည်ကိုလည်း ပွဲတော်တည်သည်-ဟု ပြောရသည်။ လမ်းသွားသည်ကို စကြာတော်ဖြန့်သည်။ ကြွချီတော်မူသည်ဟု ပြောရသည်။ ရေနှင့် အစားအသောက် စသည်တို့ကို ကိုယ်တိုင်ယူသောက်စားရသည်မရှိ။ ကျေးတော်၊ ကျွန်တော်၊ ကိုယ်လုပ်တော်တွေကသာ ဆက်သ,ရသည်။ သွားလိုရာသို့လည်း ကျေးကျွန်တို့က ယေါတော်၊ စကြာယာဉ်တော်များဖြင့် ထမ်းပို့သယ်ဆောင်ရသည်။ 


ယင်းသို့ ဘုန်းတော် ကံတော် ကြီးမားကြသည့် ရှင်ဘုရင်များသည် မိမိထက် ဘုန်း၊ လက်ရုံး၊ တန်ခိုး၊ အာဏာကြီးသူတက်လာ၍ နန်းကျသောအခါ မပြောတတ်, မဆိုတတ်၊ မသောက်တတ် မစားတတ်၊ မသွားတတ် မလာတတ်၊ မနေတတ် ဖြစ်သွားသည်။ ရေကြည်တော် ဆက်သ,သူ၊ ပွဲတော်အုပ် ဆက်သ,သူ မရှိတော့ပြီ။ အစစအရာရာ အခက်အခဲရှိလာတော့သည်။ ဤသို့ နန်းကျဘုရင်များ နေရေးထိုင်ရေး အခက်အခဲကြုံတွေ့ရသည်။


၃။ ပင်စင်အငြိမ်းစား---
အမှုထမ်းအရာထမ်း၊ အလုပ်သမား၊ အခစားဘဝဟူသည် ကောင်းသည် ဆိုးသည် ပြောဖွယ်မရှိ။ မိမိအားပေးအပ်၍ မိမိက လုပ်ပါမည်ဟု ဝန်ခံထားသော အလုပ်တာဝန်များကို ထမ်းဆောင်ရသည်။ နည်းသည် များသည် ပြောရန်မလို။ မိမိရာထူး၊ အလုပ်တာဝန်အတွက် သတ်မှတ်ထားသည့် လုပ်အားခကို ခံယူရသည်။ ပိုလျှင်စု၍ လိုလျှင် ရှာရုံသာရှိသည်။ မှန်မှန်လုပ်၊ မှန်မှန်ယူ၊ မှန်မှန်သုံးနေရသည်။ အေးဆေးသည်ဖြစ်စေ၊ ပူပင်သည်ဖြစ်စေ ဤအခစားဘဝအခြေအနေ၌ အကျင့်ရ နေသားကျနေပြီဖြစ်သည်။


ရက်ပေါင်းများစွာ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရသည်ဖြစ်သောကြောင့် ယဉ်ပါးနေပြီဖြစ်သည်။ ယင်းသို့ ကျင်းသားရ၊ နေသားကျပြီး ယဉ်ပါးသော အခြေအနေမှ အပြောင်းအလွဲဖြစ်ကာ ပင်စင်အငြိမ်းစားဘဝသို့ ရောက်လာသည်ဆိုလျှင် အူကြောင်ကြောင်၊ ယောင်ချာချာ ဖြစ်နေတတ်ပေသည်။ လုပ်ကိုင်နေကျအလုပ်ကလည်း စွန့်ခွါခဲ့ရပြီ။ လုပ်ဖော်ကိုင်ဖက် ရင်းနှီးသူများနှင့်လည်း ဝေးခဲ့ပြီ။ ရနေကျ အခကြေးငွေများကိုလည်း မ၇တော့။ သုံးစွဲနေကျအတိုင်းလည်း သုံးစွဲနိုင်ချင်မှ သုံးစွဲနိုင်ပေမည်။ အခြေအနေအဟောင်းမှ အခြေအနေအသစ်သို့ပြောင်းလာခါစ ပင်စင်အငြိမ်းစားအတွက် မလွယ်ကူတော့။ အခက်အခဲနှင့် ကြုံရပေတော့မည်။ ဤသည်များကို သုံးသပ်၍ ----


လူထွက်ရဟန်း၊ နန်းကျဘုရင်၊ ပင်စင်အငြိမ်းစား၊ ယောကျာ်းလူထူး၊ ဤသုံးဦးကား၊ စပ်ကူးမပ်ကူး၊ မလွယ်ဘူးတည့်။


ကျွန်တော်သည် အစိုးရဝန်ထမ်းတဦး ဖြစ်သည်။ (၂၀၁၁)ခုနှစ်ထဲတွင် အသက်(၆၀)နှစ်ပြည့် ပင်စင်သွားရတော့မည်။ ပင်စင်နီးနေသည့်အတွက် ပြင်ဆင်စရာ မရှိမဟုတ် ရှိသည်။ မည်သည့်ဌာန၊ ပုဂ္ဂလိကလုပ်ငန်းကိုမျှ မဝင်ဘဲ စာပေများ ဇောက်ချရေးတော့မည်ဟု ကြိုတင်စီစဉ်ထားသည်။ ကြိုတင်၍ ပြီးခဲ့သော(၁၀)နှစ်ခန့်မှစ၍ စာပေလောကထဲသို့ ခြေလှမ်းတဖက် လှမ်းထားပြီးဖြစ်သည်။ သို့သော် အထက်ဖော်ပြချက်များအရ ပင်စင်အငြိမ်းစားဘဝ စပ်ကူးမပ်ကူး ကာလရောက်သည့်အခါ တောင်တောင်အီအီ မဖြစ်ဖို့တော့ တင်းရင်းထားရဦးမည်။ တကယ်ပဲ တင်းရင်းရလေမလား၊ ပင်စင်အငြိမ်းစားဘဝတွေက စပ်ကူးမပ်ကူးကာလ တကယ်ပဲ မလွယ်ဘူးလား။ မိမိဉာဏ်ရှိသလောက်နှင့် သုံးသပ်မိသည်။


ဆာဂျေအေ ဦးမောင်ကြီး---
မြန်မာသက္ကရာဇ် (၁၂၃၃-၁၃၁၆) ခုနှစ်ခန့်က ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးမှာ ဆာဂျေအေ ဦးမောင်ကြီး ဖြစ်သည်။ ဤပုဂ္ဂိုလ်ကြီးသည် မြန်မာလူမျိုးထဲမှာ ပေါ်ထွန်းလာသည့် တဦးတည်းသော ဘုရင်ခံဖြစ်သည်။ တရားဝန်ကြီး ပြည့်ထဲရေးဝန်ကြီး၊ သစ်တောရေးရာဝန်ကြီးလည်း ဖြစ်ခဲ့သေးသည်။


မြန်မာသက္ကရာဇ်(၁၃၁၂)ခုနှစ်ခန့်အခါက ထိုင်းနိုင်ငံ လန်ပန်းမြို့၊ ညောင်ဝိုင်းကျောင်းဆရာတော် အရှင်ဝါယမ ရန်ကုန်မြို့သို့ ကြွတော်မူလာသည်။ ဆရာတော်မှာ ထိုင်းနိုင်ငံ၌ သာသနာပြုနေတော်မူသော်လည်း မူရင်းဇာတိမှာ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ စည်ကြီးရွာ ဇာတိဖြစ်သည်။ ဆရာတော်သည် ထိုင်းနိုင်ငံမှရောက်လာပြီး ထိုင်းနိုင်ငံရှိ မြန်မာအမျိုးသားများနှင့် အတက်အသွယ်ရှိသည်။ ဆာဂျေအေ ဦးမောင်ကြီးထံသို့ ကြွတော်မူသည်။


ထိုအခါ ပင်စင်အငြိမ်းစားဖြစ်သည့် ဆာဂျေအော ဦးမောင်ကြီးသည် သားသမီး ဆွေမျိုးသင်္ဂဟ အခြွေအရံများနှင့် သိုက်သိုက်ဝန်းဝန်း စည်းစိမ်ဥစ္စာ ပြည့်စုံချမ်းသာစွာရှိသည်။ သို့သော် လူများစွာနှင့် တွေ့ဆုံမှုကို ရှောင်ရှားကာ နေက္ခမ္မပါရမီဖြည့်လျက် ကမ္မဋ္ဌာန်းတရား ပွားများနေကြောင်း  ဆရာတော်ဦးဝါယမက မိန့်ကြားတော်မူသောကြောင့် အေးချမ်းစွာ တရားပွားနေသည့် ပင်စင်စား အငြိမ်းစားကြီးအကြောင်းကို လေ့လာမှတ်သားခဲ့ရသည်။


စာပေလောကတွင်လည်း တပ်မတော်ဘက်ဆိုင်ရာ အကြီးအကဲများ၊ အရပ်ဘက်အကြီးအကဲ၊ အရာထမ်းများစွာ အငြိမ်းစားယူပြီး စာရေးသားမှုပြုနေကြသည်။ ပင်စင်စား အငြိမ်းစားနှင့် မတူချေတော့ ပျော်မွေ့နေကြသည်ကို တွေ့ရသည်။


ဤသို့ဆိုလျှင်  ပင်စင်အငြိမ်းစား၏ စပ်ကူးမပ်ကူးကာလ မလွယ်ဘူးဟူသော စာချိုးသည်---
ထို့ပြင်တဝ၊ ပျော်ရွှင်မြူးတူး၊ လူထူး ၆-ဦး ဆိုသည့် ဧကစ္စေဝါဒလင်္ကာလည်း ရှိနေပြန်သေးတော့-
အိမ်ထောင်ဦးစ၊
ထီပေါက်စနှင့်၊
ထောင်မှလွတ်ကင်း၊
ပဉ္ဇင်းလူထွက်၊
နန်းတက်ဘုရင်၊
ပင်စင်အငြိမ်းစား၊
ယောက်ျားလူထူး၊
ဤခြောက်ဦးကား၊
အရူးအမူး၊
လွန်ပျော်မြူး၏။


လင်္ကာ၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ-
၁။ အိမ်ထောင်ဦးစ လူသား
၂။ ထီပေါက်စ လူသား
၃။ ထောင်မှထွက်လာခါစ လူသား
၎။ ရဟန်းဘဝမှ ထွက်လာခါစ လူသား
၅။ ဘိသိက်ခံ ထီးန်းတက်ပြီးခါစ လူသား
၆။ ပင်စင်စား အငြိမ်းစားဖြစ်ခါစ လူသား
ဤလူခြောက်ယောက်တို့သည် အရူးအမူး အလွန်ပျော်မြူးကြသူများ ဖြစ်သည်ဟု ဆိုပေသည်။

မိမိသည် ဝန်ထမ်းဖြစ်သည့်အတွက် ပင်စင်စားရခြင်းသည် နည်းခြင်း၊ များခြင်းကို အသာထား၍ မိမိထမ်းဆောင်ပြီးမြောက် အောင်မြင်မှုအတွက် လုပ်ကိုင်လာခဲ့ရသည့် ဝန်ထုပ်ဝတ်ပိုး တာဝန်ဝတ္တရားကြီးကို မိမိအလှည့်ကုန်ဆုံးသည်အထိ ချောချောမောမောဖြင့် ချထား၍ အနားယူခွင့်ရခဲ့လေပြီဖြစ်ရာ မည်မျှဝမ်းသာအားရ ဖြစ်လေမည်နည်း။ ပေါ့ပေါ့ပါးပါး စိတ်အားကိုယ်အား အနားယူခွင့်ရသွားပြီ ဖြစ်သည်။


ယင်းသို့ ပေါ့ပေါ့ပါးပါး အနားယူခွင့်ရသွားပြီဖြစ်သောကြောင့် မိမိဝါသနာပါ လေ့လာလုပ်ကိုင်ချင်ပါလျက် မလေ့လာ၊ မလုပ်ကိုင်ရသေးသော အလုပ်များကိုလည်း လုပ်ကိုင်ခွင့်ရသွားပြီဖြစ်သည်။ ယင်းသို့ ဝါသနာပါရာအလုပ်နှင့် လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို လုပ်နိုင်ခွင်ရခြင်းသည်လည်း လူပလောက၊ လူ့ဘဝ၌ အလွန်အရသာရှိ၍ ပျော်ရွှင်ဖွယ်ကောင်းသည့် အခွင့်အရေးကြီးကို ရရှိခြင်းဖြစ်ပေသည်။ အလွန်ပျော်ရွှင်ဖွယ်ကောင်းသည့် ဘဝသစ်တခုကို အစပြုလိုက်ခြင်းပင် ဖြစ်သည်။ ပင်စင်အငြိမ်းစားအဖြစ် အောင်ပွဲကြီးရခဲ့ရာမှ ဆက်လက်၍ အောင်ပွဲအသစ်များရရန် ဦးတည်လိုက်ခြင်းပင် ဖြစ်ပေ၏။
ထို့ကြောင့် အရူးအမူး ပျော်ရွှင်မြူးတူးသူ ၆-ဦးစားရင်းတွင် ပင်စင်အငြိမ်းစားကို ထည့်သွင်းထားခြင်း ဖြစ်ပါသည်။


ဖော်ပြပါ ပျော်ရွှင်မြူးတူးသူ ၆-ဦးတွင် ခြွင်းချက်အနေဖြင့် မကြိုက်မနှစ်သက်ဘဲ ညားကြရသည့် အိမ်ထောင်ဦးည၊ 
ထီပေါက်သည်ကြားရ၍ ရူးသွားသူ၊
ထောင်ကလွတ်ပြီး အခြားအမှုနှင့် ထပ်အဖမ်းခံရသူ၊ 
ရဟန်းလူထွက်ပြီး အဆက်အသွယ်ပြုထားသည့် အမျိုးသမီးက လက်မခံသော ရဟန်းလူထွက်၊ နန်းတက်သည့်ညမှာပင် အဆိပ်မိသေဆုံးရသည့် ဘုရင်၊ 
ရသည့်လုပ်သက်ဆုငွေနှင့် ပင်စင်လစာများ နည်းပါး၍ မလောက်အင စိတ်ညစ်ရသူ ပင်စင်စားများ ရှိနေတတ်ပေသေးရာ ပျော်ရွှင်မြူးတူးဖြစ်ဖွယ်ရာဟူသည်တို့ကို ချင့်တွက်ဖွယ်ရာ ရှိပေတော့၏။

တရားသဘောအရ ဝေဖန်ကြည့်ပါမူ ပင်စင်အငြိမ်းစားတိုင်း၏ဘဝကို ဝမ်းနည်းကြေကွဲ အခက်အခဲဘဝတွေချည်းသာ ဖြစ်သည်ဟု ဆိုပြန်လျှင်လည်း အငြင်းပွားစရာ၊ ဝမ်းသာရွှင်ပျ သာယာလှသည့် ပင်စင်အငြိမ်းစား ဘဝများကလည်း ရှိနေပေသေးသည်။

ပင်စင်အငြိမ်းစားဘဝတိုင်းကို ဝမ်းသာရွှင်ပျ သာယာလှသည့်ဘဝများဟု ဆိုပြန်လျှင်လည်း အငြင်းပွားစရာ။ ဝမ်းနည်းကြေကွဲ အခက်အခဲရှိနေသည့် ပင်စင်အငြိမ်းစား ဘဝများကလည်း ရှိနေပြန်သည်။ ဤသို့ဆိုလျှင် ပင်စင်အငြိမ်းစားနှင့် အမှန်တရားကား မည်သို့ပါနည်း။


ပင်စင်အငြိမ်းစားနှင့် အမှန်တရား (သမာနဝါဒ လင်္ကာ)---
ပင်စင်အငြိမ်းစား၊ အိုယောက်ျား၊
သင်အားယခု၊ လမ်းညွှန်ပြုအံ၊
လူ့ဘဝတာ၊ တစ်သက်လျာကား၊
မကြာခဏ၊ မြန်လွန်းလှ၏၊
တက်ကြွပျော်ဖွယ်၊ အားငယ်ညှိုးမှု၊
ကိစ္စစုကို၊ မပြုရှောင်ရှား၊
စွန့်ပယ်ထား၍၊ တရားအမှန်၊
သိမြင်ရန်သာ၊ ကြိုးစားကာဖြင့်၊
ထွက်ရာလမ်းစဉ်၊ လိုက်စေချင်သည်၊
ပင်စင်အငြိမ်းစား၊ အိုယောက်ျား...။


လူသားတို့ထွက်ရာလမ်း---
အမှန်တရား သိမြင်ရေးဟူသော ထွက်ရာလမ်းသည် ပင်စင်အငြိမ်းစားများနှင့်သာ ကန့်သတ်သက်ဆိုင်သည်မဟုတ်ပါ။ ပင်စင်အငြိမ်းစားများကဲ့သို့ပင် လူသားတိုင်းမှာ ဘဝသံသရာ၌ ရွှင်လန်းအားရ တက်ကြွမြူးပျော်ဖွယ်တွေ အသင်္ချေအနန္တ တွေ့ကြရ၊ ဆုံကြရ၊ ကြုံကြရပါသည်။ အားငယ်ညှိုးနွမ်း၊ ပင်ပန်းဆင်းရဲမှုတွေ အသင်္ချေအနန္တနှင့် ကြုံကြရ၊ ဆုံကြရပါသည်။ 


ယင်း အကောင်း,အဆိုးနှစ်ပါး လောကဓံတရားများ၏ နောက်ကွယ်မှာ ဝဲလည်လိုက်နေရန် မသင့်ပါ။ အမှန်တရားကိုသိမြင်၍ ထွက်ရာလမ်းစဉ်လိုက်ရန်မှာ ပင်စင်အငြိမ်စားများသာမက လူသားတိုင်း လူသားတိုင်း လိုအပ်လှပါသည်။


ကိုမောင်သန်းဝင်း
(ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ) 


ကောက်နှုတ်ဖော်ပြသည်
(မော်လူး)

No comments: