လူတွေဟာ မိုးလင်းတာနဲ့ စားဖို့သောက်ဖို့ကို အရင်ဆုံး စီစဉ်ရတော့သည်။
ဒါကြောင့်လည်း အူမတောင့်မှ သီလစောင့်မည်လို့ ဆိုထားတာ ဖြစ်ပေမည်။
နောက် အစားအသောက်ကြောင့် အလုပ်တွေ လုပ်နိုင်သလို အစားမတော်တလုပ်ကြောင့် ဒုက္ခတွေ့ရတာတွေလည်း ရှိလေသည်။
အသက်ရှည်အောင် စားရတဲ့နည်း ၃-နည်း ရှိသည်။
၁။ အစာစားရင် ဆာမှစားပါတဲ့။
၂။ တည့်တာပဲ စားပါတဲ့။
၃။ လျှော့စားပါတဲ့။
ဆိုလိုတာက အစာစားမယ်ဆိုရင် ဆာတဲ့အချိန်မှာ မိမိနဲ့ တည့်တဲ့အစာကို စားကောင်းတယ်ဆိုပြီး တအားများများ မစားဘဲ နည်းနည်းလျှော့စားပါက အသက်ရှည်နိုင်တယ်လို့ ဆိုထားပါသည်။
အင်္ဂဝိဇ္ဇာ ဗေဒင်ပညာရပ်အရကတော့---
အင်္ဂဝိဇ္ဇာ၊ ကျမ်းအလာကို၊
သိသာစေလို၊ ပြညွှန်းဆိုအံ့၊
မွေးဂြိုဟ်သက်နှင့်၊ ရောက်သက်ရောထား၊
သတ္တစားမှ၊ ကြွင်းဧကမူ၊ အငန်ဟူ၏၊
ဒွေးမူ အဖန်၊ သုံးတန် အခါး၊
လေးကား အချဉ်၊ ပဉ္စ ဆိမ့်ဟူ၊
ခြောက်မူ အချို၊ သုဉ်းကို အစပ်၊
ရှောင်ကြဉ်အပ်သည်၊
မှတ်ကြလူသား သိစေသား။
အဓိပ္ပါယ်ကတော့ မိမိရောက်သက်နဲ့ မိမိမွေးနံ ဂြိုဟ်သက်ကို ပေါင်း။ ပေါင်းရလဒ်ကို ၇-နဲ့စား
၁-ကြွင်းသော် အငန်၊
၂-ကြွင်းသော် အဖန်၊
၃-ကြွင်းသော် အခါး၊
၎-ကြွင်းသော် အချဉ်၊
၅-ကြွင်းသော် အဆိမ့်၊
၆-ကြွင်းသော် အချို၊
ဝ-ကြွင်းသော် အစပ် အရသာကို ရှောင်ကြဉ်ရမည်။
မွေးနံဂြိုဟ်သက်ကား---
တနင်္ဂနွေ သားသမီး=၆-နှစ်
တနင်္လာ သားသမီး=၁၅-နှစ်
အင်္ဂါ သားသမီး=၈-နှစ်
ဗုဒ္ဓဟူး သားသမီး=၁၇-နှစ်
ကြာသပတေး သားသမီး=၁၉-နှစ်
သောကြာ သားသမီး=၂၁-နှစ်
စနေ သားသမီး=၁၀-နှစ်
ဥပမာ-
အသက် ၄၉-နှစ်
ဗုဒ္ဓဟူးဂြိုဟ်သက် ၁၇-နှစ်
ပေါင်းသော် ၆၆-ရ၏။ ၆၆-ကို ၇-နဲ့စား ၃-ကြွင်း၊ အခါးကို ရှောင်ရမည်။
ဆရာဇေယျာမိုး(ဝေဒဗိမာန်)
(ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ)
*****
ကောက်နုတ် တင်ပြသည်။
မော်လူး

No comments:
Post a Comment