Friday, September 2, 2011

ဆရာကြီး ဦးဖိုးကျား (၁၈၉၁-၁၉၄၂)

မြန်မာစာပေလောကတွင် ဦးဖိုးကျား (အမျိုးသားပညာဝန်) သည် အလွန်ထင်ရှားသည်။ သူသည် မျိုးချစ်စိတ်ဓာတ် အလွန်ထက်သန်၍ ပြည်သူ့အကျိုးကို ကလောင်ဖြင့် ထူးခြားစွာ ဆောင်ရွက်နိုင်ခဲ့သော စာရေးဆရာကြီးဖြစ်သည်။ သူရေးသားသော မြန်မာဂုဏ်ရည် ရဇြဝင်ဖတ်စာသည် ယနေ့တိုင် ထင်ရှားဆဲဖြစ်သည်။ ထို့ပြင် သူ၏ကိုယ်တွေ့ ဝတ္ထုများသည်လည်း ယနေ့တိုင် ထင်ရှားဆဲဖြစ်သည်။

ဦးဖိုးကျားသည် ရှေးဦးစွာ ကိုယ်တွေ့ဝတ္ထုများကို တိုးတက်ရေးမဂ္ဂဇင်းတွင် စတင်ရေးသားသည်။ ထို့နောက်မှ စုပေါင်း၍ ထုတ်ဝေသည်။ ထိုကိုယ်တွေ့ဝတ္ထုများမှာ ပြုပြင်ရေးဝတ္ထုများဖြစ်၍ ပြည်သူကို များစွာအကျိုးပြုနိုင်ခဲ့ သည်။ ယင်းတို့မှာ အကြောင်းအရာကောင်းသည်နှင့်အမျှ စကားပြေ အရေးအသားလည်း စံတင်လောက်သည်။ ဦးဖိုးကျားသည် ပြေပြစ်ကျစ်လစ်သော အရေးအသားမျိုးကို အံပချီးဖွယ်ရေးသားနိုင်သူဖြစ်သည်။ သို့ရာတွင် အံပချီးဖွယ်ကောင်းသည်မှာ စာဖတ်သူများအဖို့ မှီးသည်ဟူ၍ပင် မထင်ရ။ မြန်မာ့မျက်စိ၊ မြန်မာ့နားနှင့် ကိုက်ညီအောင် ရေးသားနိုင်စွမ်းရှိသည်။

ဦးဖုးကျားသည် ၁၈၉၁-ခုနှစ် မတ်လ ၂၃-ရက်နေ့တွင် ဟင်္သာတခရိုင်၊ နိဗ္ဗာန်ရွာ၌ ဖွားမြင်သည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးဒဏ်ကို ရှောင်တိမ်းရင်း ၁၉၄၂-ခုနှစ် ဧပြီလ ၁၀-ရက်နေ့တွင် မှော်ဘီမြို့နယ် ထန်းတပင်မြို့၌ ရောဂါဘေးဖြင့် ကွယ်လွန်သွားရှာသည်။ ကွယ်လွန်ချိန်၌ ဦးဖိုးကျားသည် အသက် ၅၁-နှစ်အရွယ်သာ ရှိသေးသည်။

No comments: