Monday, September 5, 2011

အဖောရောဂါ

အဖောရောဂါကို အမျိုးသားကြီးများတွင်သာ အဖြစ်များသည်ကို တွေ့ရ၍ အမျိုးသမီးကြီးများတွင် လွန်စွာတွေ့ရခဲသည်။ တချို့နေရာ၌ ရောဂါဝေဒနာခံစားချက်သည် အမျိုးသားများနှင့် အမျိုးသမီးများ အနည်းငယ် ကွဲလွဲလျက်ရှိသည်။
ဥပမာ-သွေးချို၊ ဆီးချို ၂-နှစ်ထက် ခံစားနေရသော အမျိုးသားဝေဒနာရှင် တချို့သည် မကြာမကြာ ဆီးပူတတ်၍ ဆောင်းတွင်း ချမ်းအေးသော ပြာသိုလ်လ၌ပင် ညဥ့်ဘက် (၁၀)နာရီ၊ (၁၁)နာရီ အချိန်ခန့်တို့တွင် တခါတခါ ရေချိုးချင်စိတ် ပေါ်လာတတ်သည်။ ညဥ့်ဘက် အိပ်ရာထဲဝင်ပြန်တော့ စောင့်ခြုံချင်စိတ်မရှိ
ဖြစ်တတ်ပြန်သည်။ အမျိုးသမီးများ သွေးချို ဆီးချို ၂-နှစ်အထက်ကျော်လွန်သွားသောအခါ တခါတခါ ရင်ထဲ ဟာတာတာနှင့် ဆီးသွားပြီးနောက် ဆီးလမ်းကြောင်း အဝနား၌ မကြာမကြာ ယားယံနေတတ်သည်။ တခါတရံ လူရှေ့သူရှေ့တွင်ပင် မသိမသာ ကုတ်မိဖဲ့မိတတ်ကြသည်။ ဤကဲ့သို့ အနည်းငယ် ကွဲလွဲလျက်ရှိသည် ကိုလည်း တွေ့ရသည်။

အဖောရောဂါကို မြန်မာ့ရိုးရာမှာတော့ ကိုယ်ဖောကိုယ်ရောင်လို့ ခေါ်လေ့ရှိတယ်။ 
အနောက်တိုင်းဆေးပညာရှင်တွေကတော့  ကျောက်ကပ်ရောဂါလို့ ခေါ်ဆိုလေ့ရှိတယ်။ အခေါ်အဝေါ် နည်းနည်း ကွာခြားပေမယ့် ခံစားချက်အတိမ်အနက်ကတော့ အတူတူပါပဲ။ 
ဒီလို အဖောရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်တွေဟာ အနံ့မွန်စူးရှတဲ့ အစားအစာများနဲ့၊ အစို့အညှောက် ပေါက်တဲ့ အစားအစာများ၊ သွေးနဲ့လေကို တိုးစေနိုင်တဲ့ အစားအစာများ၊ ဥမျိုးစုံစားခြင်း၊ မိုးရေချိုးခြင်း၊ အဆီအဆိမ့်အစာများနဲ့ အအေးများတဲ့ အစားအစာများ၊ အငန်များတဲ့ အစားအစာများနဲ့ အကြော်အလှော်တို့ကို လျှော့စားသင့်ပါတယ်။
ပြီးတော့ ဝမ်းတွင်း ကလီစာများလည်း ပါတယ်၊ အဲဒီနောက် အမှိုက်ပုံ မီးရှို့လို့ အခိုးပိတ်စေတဲ့ အနံ့မျိုးတို့ကိုလည်း ရောင်ကြဉ်သင့်တယ်။


ဒီလိုအဖောရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်တွေ ဆောင်ရန် ရှောင်ရန်တွေကတော့ ဆီးချိုဝေဒနာရှင်တွေနဲ့ မတိမ်းမယိမ်းပါပဲ။ ဒီရောဂါဟာ အခိုးပိတ်ပြီး ချွေးမထွက်ဘူး၊ ဆီး၊ ဝမ်း၊ လေ အချုပ်များတယ်၊ အဲဒီလို အချုပ် များလေ မျက်နှာနဲ့ ခြေဖဝါး၊ ခြေမျက်စိ တင်းဖောင်းလေပဲ။ အဲဒီထက်ကြာလာရင် ခြေသလုံးနဲ့ပေါင်ပါ တင်းတတ်လာတယ်။ လက်ညှိုးနဲ့နှိပ်ကြည့်ရင် ချိုင့်ဝင်သွားတယ်။ ရုတ်တရက် ပြည့်တက်မလာဘူး။ အဲဒီနောက်တော့ ကပ္ပယ်အိတ် (ဝှေးစေ့)ပါ တင်းလာပြီး ဝမ်းဗိုက်ပါ တင်းလာတော့တယ်။ အဲဒီအချိန်မှာ အစားအသောက်ကို အစားနည်းလာပြီး လူလည်း အားပြတ်သလို ဖြစ်လာပြီပေါ့။


အဖောရောဂါဟာ သက်ငယ်ဖော၊ သက်လတ်ဖော၊ သက်ကြီးဖောရယ်လို့ ၃-မျိုး ခွဲခြားကြတယ်။ ဒီလိုရောဂါရှင်တွေဟာ ဆီးနည်းများ မမှန်ဖြစ်တတ်ကြတယ်။ တကိုယ်လုံး ကပ္ပယ်အိတ်ပါမကျန်
ဖောရောင်လာပြီဆိုရင် ခြေထောက်အောက်ပိုင်းပါ အေးစက်စက်လိုဖြစ်လာတယ်။
ဒီနေရာမှာ နည်းနည်းသတိထားရမှာက အပူအကြောင်းခံတဲ့ အဖောရောဂါဟာ ခန္ဓာကိုယ် အပေါ်ပိုင်းမှစပြီး ဖောရောင်တတ်တယ်။ အအေးကို အကြောင်းခံပြီးဖြစ်တဲ့ အဖောရောဂါဟာ ခန္ဓာကိုယ် အောက်ပိုင်းမှစပြီး ဖောရောင်တတ်တယ်။

အဖောရောဂါအတွက် ဆေးတလက်ကတော့----
မဟာကာကြံဆစ်ပင် ပဉ္စငါးပါး (၅၀)သားကို ရေဆေးပြီး နုပ်နုပ်စဉ်းရမည်။
ဒန်အိုးထဲထည့်၍ ရေသင့်တော်ရုံထည့်ပြီး လေးချိုးနှစ်ချိုး ကျန်အောင် ပြုတ်ရမည်။
၎င်းပြုတ်ရည်ကို ခပ်နွေးနွေး ရေအေးအနည်းငယ်နှင့် စပ်ရမည်။
တရက်ခြား နှစ်ရက်ခြား နေ့လည် ၁-နာရီအချိန်တွင် ရေချိုးရမည်။
ဒီဆေးပြုတ်ရည်နှင့် ရေချိုးခြင်းကြောင့် ခန္ဓာကိုယ်ပေါ်မှာ ပိတ်လှောင်နေတဲ့ မွေးညင်းပေါက်များ ပွင့်လာ၍ အခိုးများ တဖြည်းဖြည်းချင်း ထွက်လာမည်။ 
ဒီကြားထဲမှာ ဆီး၊ ဝမ်း၊ လေတို့ တဟူးဟူး ထွက်လာစေရန်အတွက်ကတော့ မဟာကာကြံဆစ်ပင် ပဉ္စငါးပါး သုံးဆယ်သားကို ရေဆေးပြီးနောက် မြေအိုးလေးထဲသို့ ရေသင့်တော်ရုံနှင့် သုံးခွက်တခွက်တင် ပြုတ်ရမည်။
၎င်းပြုတ်ရည် ပူပူနွေးနွေးကို ရေနွေးကြမ်းသောက်သလို မကြာမကြာသောက်ပေးရမည်။
ယင်းကဲ့သို့ မကြာမကြာ သောက်ပေးလျှင် သက်ငယ်ဖောပဲ ဖြစ်ဖြစ်၊ သက်လတ်ဖောပဲ ဖြစ်ဖြစ်၊ သက်ကြီးဖောပဲ ဖြစ်ဖြစ် ငွေကုန်ကြေးကျ သက်သာပြီး အချိန်တိုတိုနှင့် သက်သာပျောက်ကင်းသွားမည်။


မှတ်ချက်။
ကုန်းပေါ်တွင်ပေါက်သော မဟာကာကြံဆစ်အပင်သည် အနည်းငယ်ကျစ်လျစ်၍ အရွက်၏ အလယ်တည့်တည့်၌ မြွေဟောက်၏ ဦးခေါင်းမှ ကြာကဲ့သို့ ထင်ထင်ရှားရှား အမည်းကြောင်းရှိသည်။ ၄င်းမဟာကာကြံဆစ်ပင်ကို နေပူခံ-ဟုလည်းခေါ်သည်။
ရေကန်ဘေး (သို့) အင်းအိုင်များနှင့်  ရိုးချောင်းများ၏ ဘေးအစပ်များ၌ ပေါက်သော မဟာကာကြံဆစ်ပင်သည် အနည်းငယ်ပွ၍ အမွေးအမျှင်များကြီးပြီး အပင်နှင့် အရွက်လည်း ကြီးသည်။ သီးတင်းကျွတ်၊ တန်ဆောင်မုန်းလတို့၌ စတင်ပွင့်၍ အပွင့်မှာ ကိုင်းပင်၏ အပွင့်, ပွင့်သကဲ့သို့ အနည်းငယ်ဆင်တူပြီး အပေါ်သို့ထောင်၍ ရှည်မျောမျောပွင့်သည်။ ကုန်းပေါ်(နေပူခံ)မဟာကာကြာံဆစ်ပင်သည် ဆေးသုံးရာ၌ ပို၍ ဆေးစွမ်းထက်သည်။


ဦးခင်မောင်ကျော် (ဘီးလင်း)

No comments: