Monday, September 26, 2011

ကင်းပုံရွက်နဲ့ ရေယုန်နာ

ကင်းပုံပင်သည် အိမ်နောက်ဖေး ခြံစည်းရိုး၊ မြေလွတ်မြေရိုင်းမျာတွင် အလေ့ကျပေါက်ရောက်သည့်
နွယ်ပင်မျိုး ဖြစ်သည်။ ပေ (၁၀၀)ကျော်မြင့်သော အပင်ပေါ်တွင် တွယ်မိပါက ထိုအပင်ထိပ်အထိ တွယ်တက်ပေါက်ရောက် ရှင်သန်နိုင်သည်။ သရက်၊ မာလကာ အပင်ငယ်မျာတွးင် တွယ်မိပါက ထိုအပင်များပေါ်တွင် အရိပ်မထိုးနိုင်အောင် အုပ်ဆိုင်းပေါက်ရောက်တတ်သည်။ အတွယ်ခံရသော အပင်သည်လည်း သေဆုံးသွားတတ်သည်။


ကင်းပုံပင်သည် နွေနှောင်းကာလသို့ရောက်လျှင် အမြစ်နှင့်ဝေးသော နွယ်နှာမောင်းတို့မှာ 
ခြောက်သွေ့မည်းကျုံ့၍ သေသွားတတ်သည်။ မိုးတွင်းသို့ရောက်လျှင် အခြားအဆစ်နေရာမှ နွယ်နှာမောင်း သစ်များ ထပ်ထွက်ကာ ပြန်လည်ရှင်သန်သည်။ နွယ်နှာမောင်တို့သည် အစိမ်းရင့်ရောင်ရှိပြီး ပြောင်ချောသည်။ ကြာ၍ရင့်သွားလျှင် ကြမ်းတမ်းပြီး မွဲခြောက်ကာ အဖုလေးများ ဖြစ်ပေါ်လာသည်။ 


ကင်းပုံရွက်မှာ အဝေးမှကြည့်လျှင် အသည်းပုံသဏ္ဍာန်ရှိသည်။ တိတိကျကျဆိုရလျှင် ရှစ်ထောင့်ချိုးရှိပြီး အညှာနေရာ၌ ချိုင့်ဝင်နေသည်။ ရွက်ကြောများထင်ရှားပြီး အရွက်၏အပေါ် မျက်နှာပြင်သည် ကလိုရိုဖီး များစွာပါရှိသော သစ်ရွက်များကဲ့သို့ အစိမ်းရင့်ရင့်အရောင်ရှိပြီး အော်ကမျက်နှာပြင်မှာ လွန်စွာဖျော့သော အစိမ်းရောင်ရှိသည်။ အရွက်ညှာတံမှာလည်း အစိမ်းရင့်ရောင် ဖြစ်သည်။ ဆရာကြီး ဦးဘသင်ပြုစုသော ရှုတော်မူ ဆေးအဘိဓာန်တွင် ကင်းပုံရွက်သည် ချို၏၊ စဉ်းငယ် ငန်၏၊ သလိပ်ကို နိုင်၏၊ လေကိုလည်း
ကြေစေတတ်၏ဟု ဖော်ပြထားပါသည်။


ကင်းပုံအပွင့်မှာ အဖြူရောင်ဖြစ်သည်။ လွန်စွာလှပသည်။ အစိမ်းနုရောင် ကလာပ်ပေါ်တွင် အဖြူရောင် ပွင့်ဖတ်များ တင်ထားသည့်ပုံသဏ္ဍာန်ရှိသည်။ ပွင့်လွှာတွင် ကတ္တီပါသားကဲ့သို့ သေးငယ်သော လှိုင်းတွန့်လေးများရှိသည်။ ပွင့်လွှာ ၅-ခုပါသည်။ ကင်းပုံပွင့်အား မှောက်ထားလျှင် ခေါင်းလောင်းပုံသဏ္ဍာန် ရှိသည်။


ကင်းပုံသီးမှာ ငယ်လျှင် သခွားသီးနှင့်ဆင်တူပြီး ရှည်မျောမျောလေး ဖြစ်သည်။ အစိမ်းရောင်ရှိပြီး အဖြူစင်းများ ပါသည်။ တဖြည်းဖြည်း ဆလင်ဒါပုံသို့ ပြောင်းလာပြီး အလုံးကြီးလာလျှင် လိမ္မော်သီး၊ ပန်းဦးတို့ကဲ့သို့ လုံးဝန်းလာပြီး အရောင်အဆင်းမှာလည်း လိမ္မော်ရောင်၊ အနီရဲရဲအရောင်များသို့  ပြောင်းသွားပြီး လွန်စွာလှပပါသည်။ ရငတော်မူ ဆေးအဘိဓာန်တွင် ကင်းပုံသီးသည် ခါး၊ ငန် အရသာရှိ၏။ လေကို
နိုင်စေတတ်သည်။ သွေး၊ သလိပ်နှင့် တေဇောဓာတ်ကို နိုင်ဟ၏ု ဖော်ပြထားပါသည်။


ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော မြန်မာအစားအစာ၏ အာဟာရ-စာအုပ်၌ ကင်းပုံရွက် အလေးချိန်(၁၀၀)ဂရမ်တွင် ပါဝင်သော အာဟာရတန်ဖိုးများမှာ (၂၀)ကယ်လိုရီ၊ ပရိုတင်းဓာတ် (၀.၇)ဂ၇မ်၊ ကစီဓာတ်(၅.၂)ဂရမ်၊ ထုံးဓာတ်(၂၅.၀)မီလီဂရမ်၊ သံဓာတ်(၀.၆)မီလီဂရမ်၊ ဗီတာမင်(၈)မီလီဂရမ်နှင့် ဗီတာမင်ဘီ(1) ဘီ(2)တို့ အနည်းငယ်စီ ပါဝင်ကြောင်း သိရပါသည်။


ဆက်လက်၍ ကင်းပုံပင်၏ အခြားဆေးဖက်အသုံးပြုပုံများကို ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ထုတ်ဝေသော လက်တွေ့အသုံးချ ဆေးဖက်အပင်များ၊ အတွဲ ၁-တွင် ဖော်ပြထားသည်မှာ 
ပဉ္စငါးပါးကို ပြုတ်၍ သလိပ်ရွှင်ဆေးအဖြစ် သုံးသည်။ ချောင်းဆိုးခြင်းကိုလည်း ပျောက်စေသည်။ အရွက်သတ္တုရည်ကို ဆီးချိုရောဂါတွင် အဓိကသုံးသည်။ အဆုတ်ပြွန် ရောင်ခြင်း၊ ပန်းနာရောဂါများတွင်လည်း သုံးသည်။ သည်းခြေနှင့်ဆိုင်သော အဖျားရောဂါ ဖြစ်ပါက ကင်းပုံရွက်နှင့် နံနံစေ့ကို အမျှစီယူ၍
ပြုတ်သောက်ပါက ပျောက်ကင်းနိုင်ပါသည်။ သန်ကျစေရန်နှင့် ဝမ်းသက်စေရန်အတွက်လည်း သုံးပါသည်။


ကင်းပုံရွက်သတ္တုရည်ကို နှမ်းဆီ (သို့) ရေနှင့်ဖျော်၍ နားတွင် ခတ်ပေးပါက နားကိုက်ရောဂါ
ပျောက်ကင်းစေပါသည်။ အရေပြားပေါ်တွင် ပေါက်သောအနာများ၌ အရွက်ပြုတ်ရည်ကို လိမ်းပေးပါက ပျောက်ကင်းသက်သာစေပါသည်။ 
ရေယုန်နာပေါက်ပါက အရွက်သတ္တုရည်နှင့် ပွတ်လိမ်းပေးရသည်။ 
လျှာတွင် ပူလောင်ခြင်း၊ အနာပေါက်ခြင်းများအတွက် အသီးမှအရည်ကို ငုံထွေးရည်အဖြစ် သုံးသည်။ မိခင်နို့ ထွက်စေရန်လည်း ကင်းပုံသီးကို စားသုံးကြသည်။ 


သွေးဖောက်ပြန်သောရောဂါများကိုလည်း ပျောက်ကင်းစေသည်။ အမြစ်ခေါက်မှုန့်ကို ဝမ်းနုတ်ဆေးအဖြစ် သုံးကြသည်။ အမြစ်စို သတ္တုရည်ကို ဆီးလွန်ရောဂါရှိသူများ သောက်သုံးနိုင်သည်။  အဆိပ်သင့်ခြင်း ဖြစ်က အဆိပ်ဖြေဆေးအဖစြ် တိုက်ကျွေးနိုင်ပါသည်ဟု ဖော်ပြထားသည်ကို ဖတ်ရှုမှတ်သားဖူးပါသည်။


ကျော်လင်း (B,Sc-Chem)

No comments: