Monday, October 3, 2011

ကြည်ညိုခြင်း နှင့် ကိုယ်ကျင့်တရား

ကျွန်ုပ်တို့သည် လူများစွာကို မကြည်ညိုနိုင်သော်လည်း တယောက် နှစ်ယောက်ကိုမူ ကြည်ညိုနိုင်သည်။
အဘယ့်ကြောင့် ကြည်ညိုသနည်း။
ကျွန်ုပ်တို့သည် တယောက်ယာက်အား ကိုယ်ကျင့်တရား ကောင်းသောကြောင့်၊
ပေးကမ်းရက်ရောသောကြောင့်၊
သည်းခံစိတ်ရှည်သောကြောင့်၊
အနစ်နာခံသောကြောင့်၊
အမြော်အမြင်ကြီးမားသောကြောင့် ကြည်ညိုနိုင်၏။

ကြည်ညိုခြင်းကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ဘောဂဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ကာယဗလ စသည့် ဗလငါးတန်ကြောင့် ဖြစ်ကြရ၏။
ကြည်ညိုခြင်းသည် ဗလငါးတန်အနက် တခုခုအပေါ် အထင်ကြီး အားကိုးသောကြောင့် ဖြစ်တတ်၏။ ကြည်ညိုခြင်းသည် အထင်ကြီးခြင်းမှ မြစ်ဖျားခံ၏။ အထင်ကြီးမှလည်း ကြည်ညိုနိုင်၏။

တခါက သာဝတ္ထိမြို့မှ သူဌေးသမီးတယောက်သည် မိဘများက နွားလားဥသဘ တကောင်အား ပူဇော်လေ့ရှိသည်ကို မှတ်သားထားပြီး ကျောကုန်း၌ ဘုပါသော ယောက်ျားတယောက်အား ဘုပါခြင်းကို ထပ်တူပြု၍ ထိုယောက်ျားသည် ယောက်ျားကောင်း ယောက်ျားမြတ်ဖြစ်မည်ဟု မှတ်ထင်ကာ ခိုးရာလိုက်သွား၏။

ထိုသူဌေးသမီးသည် ဆင်ခြင်တုံတရားမရှိဘဲ ထပ်တူမပြုသင့်သည့် ဘုကို ထပ်တူပြုကာ အထင်ကြီးကြည်ညိုခဲ့၏။ ၂၄-နာရီမပြည့်မီမှာပင် လူပျင်းတယောက်မှန်းသိပြီး မိဘထံပြန်လာခဲ့၏။ အသိပညာမပါသော ကြည်ညိုမှုသည် ကိုယ်ကျိုးနည်းတတ်၏။

ယခုခေတ်တွင် ရွှေဖြစ်, ငွေဖြစ် ပုဂ္ဂိုလ်များအား လောဘအခြေခံ ကြည်ညိုမိ၍ အလိမ်ခံရသူများ၊ ကာမသိုက် တူးခံရသူများ ဒုနှင့်ဒေး၊ လူသားသည်လောဘနှင့် မကင်းနိုင်သေးပါ။ သို့တစေ ဆင်ခြင်တုံတရား၊
ဝေဖန်ပိုင်းခြား စိစစ်တတ်သော အလေ့အကျင့်ကား ရှိသင့်၏။ ရှိမှလည်း အကျိုးရှိမည်။

ရှေးအခါက ရသေ့တပါးသည် အိမ်တအိမ်သို့ ကြွလာပြီး ပြန်ထွက်သွား၏။ ထိုရသေ့သည် ခြံဝမှ ပြန်ဝင်လာ၏။
ဒကာ...သင့်အိမ်အမိုးမှ သက်ကယ်စတစ ငါ့ကိုယ်၌ ငြိပါလာ၏။ သူတပါးမပေးသော အနည်းငယ်မျှဥစ္စာကိုပင် မယူကောင်းပါ-ဟုဆိုပြီး သက်ကယ်စကို ပြန်ထားသွား၏။


ဒကာ ဒကာမများသည် ထိုရသေ့အား အလွန်ကြည်ညိုသွား၏။ မိမိပိုင် ရွှေ၊ ငွေ၊ ဥစ္စာများကို ရသေ့ထံတွင်အပ်နှံထားကြ၏။ မကြာမီ ရသေ့သည် ရွှေ၊ ငွေ၊ ဥစ္စာများကို ယူပြီး ထွက်ပြေးသွားလေ၏။


မဆင်မခြင်ဘဲ အထင်ကြီးကြည်ညိုမိရာမှ အလိမ်ခံလိုက်ရခြင်းဖြစ်၏။ ကြောင်သူတော် ကြွက်သူခိုးမှန်း ဖွတ်ထွက်မှ တောင်ပို့မှန်း သိကြရတော့၏။

ကျွန်ုပ်တို့သည် ဆင်ခြင်တုံတရား မပါရှိဘဲ ကြည်ညိုခြင်းမဖြစ်သင့်ပါ။ ဆင်ခြင်တုံတရား မသုံးဘဲ ကြည်ညိုခြင်းသည် ကိုယ်ကျိုးနည်းဖို့သာ ဦးတည်နေပါ၏။ ဆင်ခြင်တုံတရား၊ ဝေဖန်ပိုင်းခြားတတ်သောဉာဏ်၊ ဟုတ်တိုင်းမှန်စွာသိသောပညာဖြင့် ယှဉ်၍ ကြည်ညိုတတ်ရပါမည်။ ဉာဏ်နှင့်သတိယှဉ်၍ ကြည်ညိုတတ်ရပေမည်။

ကျွန်ုပ်တို့သည် ဆင်ခြင်တုံတရားဖြင့် သုံးသပ်စိစစ်၍ အဘယ်သို့သောပုဂ္ဂိုလ်အား ကြည်ညိုသင့်သနည်း။
ကျွန်ုပ်တို့သည် ကိုယ်ကျင့်တရားကောင်းသူများအား ဦးစားပေးကြည်ညိုထိုက်ပါ၏။ ပညာလည်းရှိ၊ ကိုယ်ကျင့်တရားလည်း ကောင်းသူများအား ဦးစားပေးကြည်ညိုထိုက်ပါ၏။ နှစ်ပါးစုံမပြည့်စုံလျှင်မူ ကိုယ်ကျင့်တရားကောင်းသူကို ပထမ ထားရပါမည်။


ဗုဒ္ဓမြတ်စွာက---
လူတယောက် သီလ ရှိ-မရှိ 
(၁) အတူတူနေထိုင်ခြင်း၊ ကြာမြင့်စွာနေထိုင်ခြင်းဖြင့်သာ သိနိုင်၏။ ခဏတဖြုတ်ဖြင့် မသိနိုင်ပါ။ 
(၂) သတိနှလုံးသွင်းကြည့်မှ သိနိုင်၏။ သတိမထား နှလုံးမသွင်းလျှင် မသိနိုင်ပါ။ 
(၃) ဆင်ခြင်တုံတရားမရှိလျှင် မသိနိုင်ပါ-ဟု ဟောကြားတော်မူခဲ့၏။
( အတူနေကြာ၊ ဆင်ခြင်ပါ၊ ပညာဉာဏ်ဖြင့်ကြည့်။
မကြည်ညိုထိုက်၊ ကြည်ညိုထိုက်၊ တိုက်ရိုက်အမှန်သိ။)


လူအကြောင်း ပေါင်းမှ သိ၊
မိတ်ဆွေကောင်း မကောင်း အတူတူ ခရီးရှည်သွားကြည့်ပါ-ဟု သူတော်ကောင်း ပညာရှိများ ဆိုမိန့်ကြခြင်းသည် အလကားအချည်းနှီး မဟုတ်ပါ။ ကိုယ်ကျင့်တရား ကောင်း-မကောင်း၊ သီလ ရှိ-မရှိ၊ မိတ်ဆွေကောင်း ဟုတ်-မဟုတ် အဖြေသိနိုင်သောကြောင့်တည်း။ 
အခက်အခဲ တွေ့ကြုံရသောအခါမှသာ လူတယောက် သီလ ရှိ-မရှိ၊ ကိုယ်ကျင့်တရား ကောင်း-မကောင်း သိနိုင်၏။ 
သုခဖြင့် အရင်းတည်ပြီး မိတ်ဆွေ ကောင်း-မကောင်း မသိနိုင်ပါ။
ဒုက္ခဖြင့် အရင်းတည်မှသာ မိတ်ဆွေ ကောင်း-မကောင်း သိနိုင်ပါသည်။
သုခတခြမ်းကို ခွဲဝေယူနေသူသည် မိတ်ဆွေ ကောင်း-မကောင်း မဝေခွဲနိုင်သေးပါ။ 
ဒုက္ခတခြမ်းကို မျှဝေခံစားနေသူသည်သာ မိတ်ဆွေကောင်း ဖြစ်ပါသည်။ 

ထို့ကြောင့် ကျွန်ုပ်တို့သည် ခဏပန်းအားဖြင့် ကိုယ်ကျင့်တရား ကောင်း-မကောင်း အဆုံးအဖြတ် မစောစေလိုပါ။ တဒင်္ဂလှုပ်ရှားမှုဖြင့် အဆုံးအဖြတ် မပြုသင့်ပါ။ ဗုဒ္ဓမြတ်စွာက “ကြာကြာပေါင်း၊ နှလုံးသွင်း၊ ဆင်ခြင်”ဟု မိန့်ကြားခဲ့ပြီးဖြစ်သည်။


အင်္ဂလိပ်စာရေးဆရာ ဆစ်ဒနီဟဲရစ်က-
မိမိကြည်ညိုနေသူအား အပြစ်ရှိလျှင် မနှစ်သက်ဘဲ မိမိမနှစ်သက်သူအား ကြည်ညိုနိုင်ခြင်းသည် ဘက်မလိုက်သော ဆုံးဖြတ်ချက်အမှန် ဖြစ်၏-ဟု ရေးသားခဲ့၏။ အမှန်တရား၏ အဓိကပဓာနကျပုံကို ထင်ရှားစွာမြင်ရပါသည်။ သိနားလည်ရပါသည်။ အမှန်တရား အမြဲမကျင့်ကြံသူသည် ကြည်ညိုထိုက်သူ မဟုတ်ကြောင်း နားလည်ရပါသည်။ လူတဦးတယောက်အား ကြည်ညိုရာတွင် အမှန်တရား ကျင့်ကြံမှုကိုသာ အဓိကထားရမည်ဟု နားလည်မိပါ၏။ ကိုယ်ကျင့်တရားကောင်းဖို့သာလို၏။


ဗုဒ္ဓမြတ်စွာ၏ လက်ယာတော်ရံ ရှင်သာရိပုတ္တရာသည် ရှင်အဿဇိထံမှ အကြောင်းအကျိုးတရား နာကြားပြီးနောက် ဗုဒ္ဓမြတ်စွာအား မဖူးမြင်ရသေးဘဲ ကြည်ညိုခဲ့၏။ တိတ္တိဆရာကြီးအား ဗုဒ္ဓမြတ်စွာထံ ဆည်းကပ်ပူဇော်ရန် အပါခေါ်ခဲ့သော်လည်း သိဉ္စည်းဆရာကြီးသည် အတုမရှိ မြင့်မြတ်သော အနှိုင်းမဲ့ ဗုဒ္ဓအား ရှောင်ခွါ၍ လူမိုက်များစွာ၏ ကြည်ညိုမှုကို မက်မောကာ လူမိုက်တို့၏ဆရာကြီးအဖြစ် တွယ်တာမက်မောလျက် ကျန်ခဲ့၏။ ရှင်သာရိပုတ္တရာသည် ကြည်ညိုနေသူအား အပြစ်မြင်သောကြောင့် ခွဲခွါထားရစ်၏။ သစ္စာမဲ့ခြင်း၊ ကျေးဇူးမဲ့ခြင်း မဟုတ်ပါ။ အမှန်တရားကို ချစ်မြတ်နိုးခြင်းသာ ဖြစ်ပါ၏။


ရှင်သာရိပုတ္တရာသည် ပါရမီဖြည့်စဉ် ဘဝတခု၌ အသက်အသေခံ၍ အမှန်တရားကို ချစ်မြတ်နိုးပြီး ပါရမီဖြည့်ခဲ့ဖူး၏။ 
ဗာရာဏသီပြည်တွင် သံယမမင်းကြီးအုပ်စိုးချိန် မိဖုရားကြီးက ခေမာ။ ခေမာမိဖုရားကြီးသည်
ရွှေဟင်္သာမင်း၏တရားကို နာကြားလိုသောချင်ခြင်းကြောင့် ရွှေဟင်္သာမင်းအား ဘေးမဲ့ကန် ဖန်တီးပြီး ဖမ်းဆီးစေခဲ့၏။ ရွှေဟင်္သာမင်းသည် ဗုဒ္ဓအလောင်းတော်ဖြစ်ပြီး စစ်သူကြီးသုမုခဟင်္သာသည် ရှင်သာရိပုတ္တရာ အလောင်းတော်ဖြစ်၏။


ရွှေဟင်္သာမင်းသည် အခြံအရံဟင်္သာကိုးသောင်း၏ ကျော့ကွင်းကို မမြင်ဘဲ အစာကိုသာမြင်မှုကို သတိပေးရုံဖြင့် မရသောကြောင့် မိမိကိုယ်ကို စတေးခံ၍ အတူတကွ လိုက်ပါခဲ့သဖြင့် ကျော့ကွင်း၌မိခဲ့၏။ သုမုခဟင်္သာမှာလည်း ရွှေဟင်္သာမင်းက ထွက်ပြေးပျံသန်းရန် သတိပေးခဲ့သော်လည်း မနာခံခဲ့ပါ။
ရွှေဟင်္သာမင်း၏အကျင့်သီလကို ယုံကြည်သောကြောင့် ကျော့ကွင်းအမိခံခဲ့၏။ သုမုခဟင်္သာမင်းသည် မုဆိုးအား-


“မုဆိုးကြီး ..အကျင့်သီလနှင့် ပြည့်စုံသော ရွှေဟင်္သာမင်းကို လွှတ်ပေးပါ။ ကျွန်ုပ်ကို ကြိုက်နှစ်သက်သလို ပြုပါ။ ရောင်းလိုက ရောင်းစားပါ။ သတ်လိုက သတ်စားပါ“ဟု အသက်ပေးတောင်းပန်ခဲ့၏။


ဟင်္သာနှစ်ကောင်၏ ချစ်ခြင်းမေတ္တာရှိပုံကို မြင်တွေ့ရသော မုဆိုးကြီးသည် မိဖုရားကြီးက ရွှေဟင်္သာမင်း၏ တရား နာကြားလိုခြင်းကြောင့် ဖမ်းဆီးရကြောင်း ရှင်းပြခဲ့၏။
ဘုရင်ကြီးက အပြစ်ပေးလျှင်လည်း ခံတော့မည်ဟု ဆုံးဖြတ်ကာ ဟင်္သာနှစ်ကောင်အား လွှတ်ပေးလိုက်၏။ ရွှေဟင်္သာမင်းက-


“အဆွေမုဆိုး..ငါတို့ကိုသာ နန်းတော်သို့ ပို့ပေးပါလေ”ဟု ပြောသဖြင့် နန်းတော်သို့ ခေါ်ဆောင်သွားရ၏။
နန်းတော်သို့ရောက်လျှင် စစ်သူကြီး သုမုခဟင်္သာက-
“သင်တို့ရဲ့ ဘေးမဲ့ကန်ဆိုတာ ဘေးမဲ့ကန်မှ မဟုတ်ဘဲ၊ လိမ်ညာနေတဲ့ လူတွေနဲ့ စကားပြောလိုစိတ် မရှိဘူး။ လူလိမ်တွေကို မကြည်ညို၊ မလေးစားဘူး”ဟုဆိုလေ၏။ ဘုရင်ကြီးက-
“မိဖုရားကြီးရဲ့ ချစ်ခြင်းကြောင့် ဥပါယ်တံမျဉ်ဖြင့် ဖမ်းဆီးရခြင်း ဖြစ်ပါတယ်။ ခွင့်လွှတ်ပါဟင်္သာမင်း-ဟု မိန့်ရလေ၏။


ရွှေဟင်္သာမင်းက ခွင့်လွှတ်သည်းခံပြီး မိဖုရားကြီးအား ကိုယ်ကျင့်တရား စောင့်ထိန်းဖို့ တရားဟောကြားလေ၏။ ဘုရင်ကြီးအားလည်း တိုင်းသူပြည်သားများအပေါ် ငဲ့ညှာသနားဖို့၊ သိက္ခာရှိဖို့ ဟောကြားလေ၏။ 
ဘုရင်နှင့် မိဖုရားလည်း ဟင်္သာနှစ်ကောင်အား အစာရေစာကျွေးပြီးလျှင် ခေါင်းပေါ်၌ တကောင်စီကို ရွက်ပြီး နန်းတော်ပြင်ပအထိ ပို့ပေးကြလေ၏။ တိရစ္ဆာန်ပင်ဖြစ်သော်လည်း အကျင့်သီလကြောင့် ကြည်ညိုကြခြင်းဖြစ်၏။


ရွှေဟင်္သာမင်းသည် ဗုဒ္ဓအလောင်းတော်၊ သုမုခဟင်္သာသည် ရှင်သာရိပုတ္တရာအလောင်း၊ ဘုရင်ကြီးသည် ရှင်အာနန္ဒာအလောင်း၊ မိဖုရားသည် ရှင်ခေမာထေရီ၊ မုဆိုးသည် ဖွားဖက်တော် ရှင်ဆန္ဒ ဖြစ်လာတော်မူကြ၏။ 


ရှင်သာရိပုတ္တရာသည် အမှန်တရားကို အသက်ပေးပြီး ချစ်မြတ်နိုးခဲ့သူဖြစ်၏။ ဗုဒ္ဓမြတ်စွာကို အသက်ပေးပြီး ကြည်ညိုခဲ့သူလည်းဖြစ်၏။ 
အဘယ်အကြောင်းအချက်ကို အခြေခံပြီး ရှင်သာရိပုတ္တရာသည် ဗုဒ္ဓမြတ်စွာအား ကြည်ညိုခဲ့သနည်း။


ရှင်သာရိပုတ္တရာသည် ပညာဉာဏ်ဖြင့် ဆင်ခြင်ပြီး ဗုဒ္ဓမြတ်စွာ၏ ကိုယ်ကျင့်တရား၊ သီလ၊ သမာဓိ၊ ပညာအပေါ် ကြည်ညိုခဲ့ခြင်းဖြစ်၏။
အရှင်သာရိပုတ္တရာသည် တခုသောဘဝ၌လည်း ကိုယ်ကျင့်တရားကို အခြေခံပြီး ဗုဒ္ဓမြတ်စွာအလောင်းတော်အား ကြည်ညိုခဲ့ဖူး၏။ ကြည့်ပါဦး။


တနေ့သ၌ ဗြဟ္မဒတ်မင်း၏ ရထားနှင့် ကောသလမင်း၏ရထားတို့ လမ်းကျဉ်းတခု၌ ဆုံကြ၏။ နှစ်ဦးစလုံး ဘုရင်များဖြစ်ကြသဖြင့် ရထားမှူးများက လမ်းဖယ်မပေးကြချေ။ ကောသလမင်း၏ ရထားမှူးသည် အရှင်မောဂ္ဂလာန်အလောင်း ဖြစ်ပြီး ဗြဟ္မဒတ်မင်း၏ ရထားမှူးသည် အရှင်သာရိပုတ္တရာအလောင်းဖြစ်၏။ ရထားမှူးနှစ်ယောက်သည် ဘုရင်နှစ်ပါး၏ အကျင့်သီလကို ပြိုင်ကြ၏။ အကျင့်သီလ နည်းသူက လမ်းဖယ်ပေးကြေး။


ပထမဦးဆုံး အရှင်မောဂ္ဂလာန်လောင်း ရထားမှူးက-
“ငါတို့ကောသလမင်းကြီးသည် ကြမ်းကြုတ်ခက်ထန်သူအား ကြမ်းတမ်းသော အပြစ်ဒဏ်ကိုပေး၏။
နူးညံ့သိမ်မွေ့သူအား နူးညံ့သိမ်မွေ့ခြင်းဖြင့် အောင်နိုင်၏။
ကောင်းသောသူအား ကောင်းသောနည်းဖြင့် မကောင်းသောသူအား မကောင်းသောနည်းဖြင့် ဆုံးမ၏”ဟု ပြောဆို၏။


အရှင်သာရိပုတ္တရာအလောင်း ရထားမှူးက-
“ငါတို့ ဗြဟ္မဒတ်မင်းကြီးသည် အမျက်ဒေါသကြီးမားသူကို မေတ္တာဖြင့် အောင်နိုင်၏။
မကောင်းသူကို ကောင်းသောနည်းဖြင့် အောင်နိုင်၏။
ဝန်တိုစဉ်းလဲသူအား ပေးကမ်းခြင်းဖြင့် အောင်နိုင်၏။
လိမ်ညာသူအား မှန်ကန်သောစကားဖြင့် ဆုံးမ၏”ဟု ဗြဟ္မဒတ်မင်း၏ အကျင့်အကြံကို ပြောကြားလေ၏။


ကောသလမင်းကြီးကြားလျှင် ဗြဟ္မဒတ်မင်းသည် ငါ့ထက် အကျင့်သီလပြည့်စုံပေသည်-ဟု နှလုံးသွင်းပြီး ရထားကို လမ်းဖယ်ပေးလေ၏။
ဗြဟ္မဒတ်မင်းကြီးသည် ဗုဒ္ဓမြတ်စွာအလောင်းတော်ဖြစ်၏။
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် အကျင့်သီလ၊ ကိုယ်ကျင့်တရားကိုသာ ပဓာနအခြေခံပြီး ကြည်ညိုခဲ့သူဖြစ်၏။ အမှန်ဆုံး အကောင်းဆုံး ကြည်ညိုမှုဖြစ်ပါသည်။


ကျွန်ုပ်သည် အမှန်တရား၊ ကိုယ်ကျင့်တရား၊ အကျင့်သီလအပေါ် အခြေမခံဘဲ လုပ်ပိုင်ခွင့်ရှိခြင်း၊ ချမ်းသာခြင်း၊ ပေးကမ်းနိုင်ခြင်း၊ စသည့် အပယိက အပေါ်ယံအချက်များအပေါ် အခြေခံသော ကြည်ညိုသူများကို မြင်တွေ့ရတိုင်း “အကျင့်သီလမရှိသူကို ဘာဖြစ်လို့ ကြည်ညိုနေကြပါလိမ့်”ဟု
တွေးတောစဉ်းစားမိကာ ဥပေက္ခာပြု လျစ်လျူရှုနေမိပါ၏။ ကျွန်ုပ်ကား အကျင့်သီလရှိသူကိုသာ ကြည်ညို၏။


သန်းငြိမ်းအေး
(ဂမ္ဘီရ ၂၀၀၆-ဧပြီလ)

No comments: