Thursday, October 6, 2011

ဝေဘူ ဆရာတော်ကြီး

အောင်မြေ(ဝေဘူ) ဆရာတော်ဘုရားကြီးသည် ကျောက်ဆည်မြို့ ဝေဘူ၊ ရွှေဘိုမြို့အောင်မြေ၊ ဇာတိ ခင်ဦးမြို့နယ်၊ အင်ကြင်းပင်ကျောင်း သုံးဌာန၌ သီတင်းသုံးနေထိုင်၍ သာသနာပြုတော်မူခဲ့ရာ ဝေဘူဆရာတေ်,
အောင်မြေဆရာတော်, အင်ကြင်းဆပင်ဆရာတော်-ဟု သုံးမည်ထင်ရှားခဲ့ပါသည်။ အထူးသဖြင့် ဝေဘူ-ဆရာတော်ဟု ပိုမိုထင်ရှား အသိများခဲ့ပေသည်။


အောင်မြေဆရာတော်ဘုရားကြီးသည်ကား ရဟန္တာ-ဟု ကျော်ကြားတော်မူသောပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ် ဆရာတော်တပါးဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှဘူတာအနီး အင်ကြင်းပင်ရွာ၌ သက္ကရာဇ်(၁၂၅၇)ခုနှစ် တပေါင်းလဆန်း(၆)ရက် တနင်္လာနေ့ နံနက်လေးချက်တီးကျော် အချိန်တွင် ဦးလူဖေ+ဒေါ်ကြင်နု တို့မှ မွေးဖွားသော သားရတနာဖြစ်ပါသည်။


(၁၂၆၆)ခုနှစ် ၉-နှစ်သားအရွယ်တွင် ရှင်သာမဏေဘယသို့ရောက်ရာ ဘွဲ့တော်အမည်မှာ ရှင်ကုမာရ-ဖြစ်ပါသည်။ အင်ကြင်းပင်ကျောင်း ငယ်ဆရာ ဦးသုမနထံဝယ် ပညာသင်ယူပြီးနောက် (၁၂၇၇)ခုနှစ် သက်တော်(၂၀)အရ၊ နယုန်လတွင် ရဟန်းပြု၍ (၁၂၈၀-၈၁)ခုနှစ်တို့တွင် မန္တလေးအနောက်ပြင် မစိုးရိမ်တိုက် ဆရာတော် ဘဒ္ဒန္တသူရိယဝံသ(အဘိဓဇမဟာရဋ္ဌဂုရု)ထံတော်၌ ပရိယတ္တိစာပေများ သင်ယူခဲ့ပါသည်။ 


ဆရာတော်ဘုရားကြီးသည် ရွှေဘိုမြို့၊ မူလပုသိမ်ဆရာတော်ကြီးထံ ဥပနိဿယခံယူရန် ဆည်းကပ်ပြီးလျှင် ၄င်းနှစ်(၁၂၈၅)ခုနှစ်တွင် ပုသိမ်တောရကျောင်း၌ ဝါဆိုတော်မူပါသည်။ ဆရာတော်ကြီးသည် အာနာပါနကမ္မဋ္ဌာန်းကို ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် ရှုပွားတော်မူ၍ ဓူတင်(၁၃)ပါးလုံး ဆောင်တော်မူရာ ကမ္မဋ္ဌာန်းအလုပ်ခွင်အတွက် တွန်းအားအကောင်းဆုံးဖြစ်သော နိသဇ္ဇိတင်္ဂဓူတင် (အိပ်ခြင်းကို မဆိုထားဘိ လျောင်းရုံ၊ ကျောဆန့်ရုံမျှပင် မပြုသောအကျင့်)ကိုမူ အထူးရှေ့တန်းတင်၍ ဆောင်တော်မူပါသည်။ နည်းခံတပည့်များကိုလည်း မအိပ်ဘဲ အချိန်ပြည့် တရားအားထုတ်ရန် သြဝါဒပေးလေ့ရှိပါသည်။


ဆရာတော်ဘုရားကြီးသည် (၁၃၀၉)ခုနှစ်တွင် ယေဘူဆရာတော်အဖြစ် ကျော်ကြားစပြုနေပြီဖြစ်ရာ (၁၃၁၂)ခုနှစ် (၁၉၅၀-ခုနှစ်) တဝိုက်တွင် ရဟန္တာ-ဟုကျော်ကြားလာပါသည်။ ရွှေဘိုအောင်မြေ၊
ကျောက်ဆည်ဝေဘူ၊ ဇာတိအင်ကြင်းပင် သုံးဌာနသီတင်းသုံတော်မူ၍ သာသနာပြုတော်မူသော ရဟန္တာဟု ကျော်ကြားတော်မူသည်။ ကျေးဇူးရှင်အောင်မြေ (ဝေဘူ) ဆရာတော်ဘုရားကြီးသည် (၁၃၃၉)ခုနှစ်၊ ပထမဝါဆိုလဆန်း (၁၁)ရက်၊ (၂၆-၆-၇၇) တနင်္ဂနွေနေ့ ည(၇)နာရီမိနစ်(၃၀)အချိန်တွင် ခင်ဦးမြို့နယ် ဇာတိအင်ကြင်းပင် ကမ္မဋ္ဌာန်းတောရကျောင်းကြီး၌ ခန္ဓာဝန်ချတော်မူပါသည်။

အဆုံးအမများ---
သီလဆောက်တည်ပြီးလျှင် ပြည့်စုံအောင့်ဖြည့်ကြ၊ ဖြည့်လို့ပြည့်စုံပြီးလျှင် မိမိစိတ်အလို တောင့်တတဲ့အတိုင်း ပြီးမယ်၊ ယခုလည်း ချမ်းသာမယ်၊ နောင်လည်း ချမ်းသာမယ်။
ပစ္စုပ္ပန်ချမ်းသာ၊ သံသရာချမ်းသာ နှစ်ဖြာကို ပေးစွမ်းနိုင်တာဟာ ဘုရားရှင် အဆုံးအမတော်ကလွဲလို့ အခြားမရှိဘူး။


ဘုရားရှင်အဆုံးအမဆိုတာ ပိဋကတ်သုံးပုံပဲ။ ပိဋကတ်သုံးပုံဆိုတာ အလွန်ကျယ်ဝန်းတယ်။ 
ပိဋကတ်သုံးပုံကို အဆီထုတ်ပါလျှင် ဗောဓိပက္ခိယတရား (၃၇)ပါးရတယ်။
ဗောဓိပက္ခိယတရား(၃၇)ပါးကို အဆီထုတ်လျှင် မဂ္ဂင်ရှစ်ပါး ရတယ်။ 
မဂ္ဂင်ရှစ်ပါးကို အဆီထုတ်လျှင် သိက္ခာသုံးပါးရတယ်။ 
သိက္ခာသုံးပါးဆိုတာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ ပါပဲ။ 
သိက္ခာသုံးပါးကို အဆီထုတ်ပါလျှင် ဧကောဓမ္မော-တခုရတယ်။ 


ရုပ်ပေါ်နာမ်ပေါ်မှာနေပြီး ယခုလိုဆောင်ထားတော့ (ရှုမှတ်နေတော့) ကာယကံ သောင်းကျန်းမှု၊ ဝစီကံ သောင်းကျန်းမှု မရှိဘူး။ ဒါ အဓိသီလ-လို့ခေါ်တယ်။
အဓိသီလအားကောင်းလျှင် စိတ်တွေသောင်းကျန်းမှုမရှိဘဲ ငြိမ်ဝပ်ပိပြားပြီး တည်နေတော့တယ်။ အဲဒါ အဓိစိတ္တ-လို့ခေါ်တယ်။


အဓိစိတ္တ(သမာဓိ) အားကောင်းလို့ အချိန်ကြာလျှင် ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ ဖန်တီးလို့မဖြစ်ဘူး။ လျှပ်တပြက်အတွင်း ကုဋေတသိန်း ဖြစ်ပြီးပျက်နေတယ်။ ရုပ်ကိုနာမ်က သိနေလျှင် ဖြစ်ပျက်ကို သိနေတော့တာပဲ။ ဖြစ်ပျက်ကိုသိတာ အဓိပညာ-လို့ခေါ်တယ်။


နှာဖျားဝမှာ ကာယပသာဒအကြည်က အထိခံ၊ ထွက်ဝေ ဝင်လေဖြစ်တဲ့ လေနှစ်ရပ် ဝါယောဖောဋ္ဌဗ္ဗက ထိတယ်။ ထိုအထိခံနဲ့ ထိတာက ရုပ်၊ သိတာက နာမ်-ဆိုတော့ သူများမေးမနေနဲ့ ကိုယ်ဟာကိုသိတယ်။ ကိုယ့်နှာဝကို ဉာဏ်နဲ့ စောင့်ကြည့်...ဝင်တော့ ထိဝင်မယ်၊ ထွက်တော့လည်း ထိထွက်မယ်၊ ထိတာကို သိ သိနေလျှင် လောဘ၊ ဒေါသ၊ မောဟ ဖြစ်ခွင့်မရလို့ လောဘမီး၊ ဒေါသမီး၊ မောဟမီး ငြိမ်းတယ်။ ငြိမ်းတော့ အေးတယ်။


မထိခင်ကလည်း သိလို့မဖြစ်ဘူး။ ထိပြီးပြန်တော့လည်း သိလို့မဖြစ်ဘူး။ ထိတုန်းကိုသာ သိဖြစ်တယ်။ အဲဒါကို ပစ္စုပ္ပန်တဲ့-လို့ဆိုတယ်။ အဲသည်ကို တထိတည်း ထိနေတာကို တဆက်တည်း သိအောင်ဆောင်ကြဗျ။ တရက် ၂၄-နာရီ တဆက်လောက်ရလျှင် အလွန်သိသာပါတယ်။ အဲသည်လို ထိတာကို မသိမှတ်နိုင်ရင် လျှပ်တပြက်အတွင်းတွင်ပဲ ကုဋေတသိန်း ကြွေးတင်သွားရောဗျ။

ထိတာကို သိနေလျှင် ရုပ်နဲ့နာမ်သာ ရှိပါတကား-လို့ သိလိမ့်မယ်။ ရုပ်နာမ်မှတပါး (ငါ-သူတပါး-ယောက်ျား-မိန်းမ) မရှိဘူးဆိုတာ ဘုရားရှင်၏ တရားတော်အမှန်ပါလားလို့ ကိုယ့်ဟာကိုယ် သိလိမ့်မယ်။ သူများကို မေးနေဖို့ မလိုပါဘူး။ နှာဝမှာ လေထိတာကိုသိနေလျှင် ထိုအချိန်မှာ အတ္တဆိုတဲ့ကိုယ် မရှိပါဘူး။

ထိုသိနေတဲ့အချိန်မှာ ဉာဏ်အမြင်စင်ကြယ်တယ်။ သမ္မာဒိဋ္ဌိဖြစ်တယ်။ ထိတာကို သိနေတဲ့အချိန်မှာ ရုပ်နာမ်မှတပါး ဘာမျှမရှိပါလား-လို့ သိတာကို နာမ်ရုပ်ကို ပိုင်းခြားသိလို့ နာမရူပ ပရိစ္ဆေဒဉာဏ်-လို့ ခေါ်တယ်။ တထိတည်းထိ၊ တသိတည်းသိနေလျှင် အတ္တစင်ကြယ်၍ ဉာဏ်အမြင်စင်ကြယ်တဲ့ အကျိုးရတယ်။ ဒါဟာ တဒင်္ဂအချိန်လေးမှာရတဲ့ အကျိုး၊ နည်းတယ်လို့ မမှတ်ကြနဲ့။ ကမ္မဋ္ဌာန်းထိုင်ရတာများ ဘာမှလည်းမတွေ့ပေါင် ဘာမှလည်း မရပေါင်လို့များ မမှတ်လိုက်ကြပါနဲ့။ ဘုရားသာသနာနဲ့ ကြုံကြိုက်တဲ့အခါမှာသာ ဒီလိုအကျိုးထူးများ ရနိုင်တယ်။ 
*****
စာသင်သလိုပါပဲ---
တချိန်က ဆရာတော်ကြီးအား ညစဉ် ဝတ်ပြုနေကျ ယောဂီဒကာများကို မိန့်ကြားတော်မူသည်မှာ-
ဒကာကြီးတို့...ညက တရားအလုပ် တော်တော် လုပ်ကြတယ် ထင်ပါရဲ့?
(လုပ်ရင်း ငိုက်ရင်းပါပဲဘုရား)
ငိုက်ပြီးတော့ ထ-ပြီးတော့ လမ်းမလျှောက်ဘူးလား?
(သိမ်အပြင်ထွက်ပြီး ပတ်ပတ်လည် လမ်းလျှောက်ပါတယ်ဘုရား)
နောက်ပြီးတော့ကောဗျာ-?
(အိပ်ချင်ပြေပြီး သိမ်ထဲပြန်ဝင်တော့ ငိုက်ပြန်တာပါပဲ ဘုရား)
တသံသရာလုံး အိပ်လာ၊ ငိုက်လာတာ အခုအထိ မကျေနပ်သေးဘူးလားဗျာ?
(သုညတန်းပါဘုရား)
သုည ရေးတတ်ရင်ပဲ လုံးဝ မရေးတတ်သူတို့ထက် သာတာပေါ့။
(မှန်ပါဘုရား)
အေး...တရားအလုပ်ဆိုတာ တို့များငယ်စဉ်က စာသင်သလိုပါပဲ၊
(အမိန့်ရှိပါဘုရား)
စိတ်ပါလို့ ဖြစ်ဖြစ်၊ မပါလို့ ဖြစ်ဖြစ် ကျောင်းသွားပြီး စာသင်နေရာတာပဲ မဟုတ်လား?
(မှန်ပါဘုရား)
ပျင်းလို့ပဲ ဖြစ်ဖြစ်၊ ညံ့လို့ပဲ ဖြစ်ဖြစ်၊ ပထမအရွယ် လုပ်ရ,ယူရ,သင်ရမယ့်ပညာကို ရှာရတာပဲ မဟုတ်လား?
(တင်ပါ့ဘုရား)
ဒါပေမယ့် ကြီးပြင်းလာတဲ့အခါ သူအဆင့်နဲ့သူ ပညာတတ်တာပဲ မဟုတ်လား?
တရားအားထုတ်ရာမှာလည်း ဒီသဘောပါပဲ။ ပျင်းရင်လည်း ကြိုးစားလုပ်၊ ငိုက်ရင်လည်း ကြိုးစားလုပ်ကြဗျာ။
( စာသင်သောပုဂ္ဂိုလ်သည် တနေ့တွင် စာတတ်မြောက်လာသကဲ့သို့ တရားအားထုတ်နေသူသည် တနေ့ တရားထူးတွေ့မည်ဟု ဆိုလိုရင်း ဖြစ်ပါသည်)။
*****
အနာဂတ် သာသနာ---
နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတို့မှာ သူတို့ဘာသာနဲ့သူတို့ အသီးသီး ရှိနေကြပေမယ့် မနေသေးဘူး။
သာသနာတော်ဟာ မတု,မယှဉ်သာအောင် မြင့်မြတ်တာကို သိပြီး အဆက်မပြတ် လာရောက်ကြည်ညို ပူဇော်ကြဦးမှာဗျ၊ အဆက်ကို မပြတ်တော့ဘူး၊ တသီတတန်းကြီးပဲ။


အိမ်ရှင်တွေကလည်း သူတို့လိုချင်တာပေးနိုင်အောင် လုပ်ကြရလိမ့်မယ်။ ဧည့်သည်လာရင် ပြုစုရမှာက အိမ်ရှင်ကလား၊ ဧည်သည့်ကလား။


ဝေဘူဆရာတော် (၁၃၂၁)ခုနှစ်။


မောင်မောင် (ယမုံနာ)
(ဂမ္ဘီရ ၂၀၀၄-၈)

No comments: