Saturday, October 8, 2011

လှေသင်းမင်းကျောင်း ဆရာတော် (၂)

ဆရာတော်ကြီးသည် ရဟန်း ၅-ဝါမှစ၍ သာသနာတော်၏အသက်သည် ဝိနည်းဖြစ်သည်ဟူသော အယူအဆကို စွဲမြဲစွာခံယူပြီး ဝိနည်းငါးကျမ်းပါဠိတော်ကို အာဂုံနှုတ်တက်ဆောင်တော်မူ၍ ညစဉ် ဘုရားပူဇော်လေ့ရှိသည်။ စာသင်သားများကို စာချရာ၌ ဝိနည်းငါးကျမ်းပါဠိတော်ကို အလွတ်ပို့ချသည်။ သက္ကတ၊ ဗေဒင်ပညာများကို ကြည့်ကာမတ္တဖြင့် တတ်မြောက်သည်။ နေတ္တိပါဠိတော်ကြီးကို ဆက်လက်ကျက်မှတ်ရာ နှုတ်တက်အာဂုံရသည်။ 
ဆရာတော်ကြီးသည် မယုံနိုငလောက်အောင် ဉာဏ်ရည်ထက်မြက်လှသည်။ ရဟန်းသံဃာများက “လှေသင်းမင်းကျောင်း နေတ္တိကောင်း”ဟူ၍ပင် ချီးမွမ်းထောပနာပြုကြသည်။

တော်ငဘီလူးဆရာတော်၏ လျှောက်ထားတောင်းပန်မှုကြောင့် ရှေးဆရာတော်ကြီးများ အပြီးမသတ်ခဲ့သည့် ဝိသုဒ္ဓိမဂ်မဟာဋီကာ ဝိပဿနာပိုင်း နိဿယကို ပြီးစီးအောင် ရေးတော်မူသည်။ ဝိသုဒ္ဓိမဂ် မဟာဋီကာ ဝိပဿနာပိုင်းကား စာတတ်ရုံမျှဖြင့် နိဿယမရေးနိုင်။ ပကတိဝါဒ၊ ဒဗ္ဗ၊ ဇီဝဒွိအဏုက စသော အတ္တဝါဒဆိုင်ရာ သာသနာပဝေါဟာရများ ဒဿနများ၊ အိန္ဒိယဖီလော်ဆော်ဖီများ ပါဝင်နေ၍ ပဋိပတ်၊ ပရိယတ် အကျော်အမော် ဖြစ်နေသော်လည်း မရေးနိုင်ချေ။ သက္ကတနှင့် ဘာသန္တရကိုပါ တတ်ကျွမ်းမှသာ နိဿယ မြန်မာပြန်နိုင်သည်။

ရှေးကကျမ်းပြုပုံမှာ ပုရပိုက်တွင် အကြမ်းရေးပြီးမှ ပေပေါ်တွင် အချောရေးကူးလေ့ရှိသည်။ လှေသင်း မင်းကျောင်း ဆရာတော်ကြီးသည် သက်တော်(၄၄)နှစ်အရွယ်တွင် ဝိသုဒ္ဓိမဂ်မဟာဋီကာ ဝိပဿနာပိုင်းကို ဒူးပုဆစ်ပေါ်၌ ပေရွက်တင်ပြီး ကညစ်ဖြင့် တကြိမ်တည်းအပြီးသတ် အချောတင် ရေးတော်မူသည်။ စာအင်္ဂါ သုံးဆယ်ရှိသည်။

တခါတွင် စာသင်စာလိုက်လုပ်နေရ၍ အာနာပါနကမ္မဋ္ဌာန်းအလုပ်ကို မလုပ်အားကြောင်း
လျှောက်ထားလာသည့် ရဟန်းငယ်တို့အား--- 
စရစခေါ် ကျင့်ဝတ်ဝေယျာဝစ္စများကို မြဲလုပ်နိုင်မှသာ ဝိဇ္ဇာဉာဏ် (တရားထူး)ရမည်။ ငါကား မလုပ်နိုင်ဟု အားမလျှော့ရာ။ သဒ္ဓါဓိက၊ ဝီရိယာဓိက၊ ပညာဓိက ကိုယ့်ဆုနှင့်ကိုယ်လာကြသည်သာ။ အာနပါနစသော တရားအလုပ်သည် သီခြားလုပ်မှရသော အလုပ်မဟုတ်။ ကျင့်ဝတ်ဝေယျာဝစ္စများကို လုပ်နေရင်းပင် အာနာပါနတရားအလုပ်ကို လုပ်နိုင်၍ တချိန်တည်းမှာပင် အလုပ်နှစ်ခု၊ အကျိုးနှစ်မျိုး ပြီးစီးနိုင်သည်-ဟူ၍ ဆုံးမတော်မူသည်။

ဆရာတော်ကြီးသည် ကျင့်ဝတ်၊ ဓူတင်မှစ၍ ပရိယတ်၊ ပဋိပတ်အလုပ်ကို မျှတအောင်လုပ်ခဲ့သည်။ သက်တော် ငါးဆယ်အတွင်းသို့ရောက်လျှင် ပရိယတ်ကို တန်ရုံသာပို့ချပြီး ကျင့်ဝတ်၊ ဓူတင်နှင့် ပဋိပတ်ကို အလေးပေးတော်မူသည်။


ကျောင်းဒကာ လှေသင်းအတွင်းဝန်မင်းက-
ဘုရားဟောတရားဒေသနာများသည် ပါဠိစာပေများ ဖြစ်နေ၍ ဖတ်ရှုရန် ခက်ခဲလှပါသည်။ ရဟန်းရှင်လူ အလွယ်တကူ နားလည်ကျင့်သုံးလိုကနာနိုင်ရန် တရားအနှစ်ချုပ်ကို ချီးမြှင့်ပေးတော်မူပါ-ဟူ၍
လျှောက်ထားသည်။ ဆရာတော်ကြီးသည် ချက်ချင်းပင် ဒူးပုဆစ်ပေါ်တွင် ပေရွက်တင်ပြီး ကညစ်ဖြင့် ---
(၁) သွားရပ်ထိုင်လျောင်း ဣရိယာပုထ်လေးပါးတို့၌ အကုသိုလ်မဖြစ်ရ။ ကုသိုလ်တရားသာဖြစ်အောင် နှလုံးသွင်း၇မည်။
(၂) အကုသိုလ်ဖြစ်သေ အချိန်ကာလ မရှိစေရ၊ ကုသိုလ်ဓမ္မဖြင့်သာ အချိန်ကာလကို ကုန်လွန်စေရမည်။
(၃) ကောင်း-မကောင်းဖြစ်သော ကံဟောင်းကို မမျှော်လင့်ရ၊ ကောင်းသောကံသစ်ကိုသာ ဖြစ်ပွားအောင် အားထုတ်ရမည်။
(၄) အကျိုးကို အားမထုတ်ရ၊ မကျင့်ရ၊ အကြောင်းကိုသာ ဖြောင့်မှန်အောင် အားထုတ်ကျင့်ကြံရမည်။
(၅) အကျင့် အတုအယောင် မဖြစ်စေရ၊ အကျင့် အစစ်အမှန် ကျင့်ကြံရမည်။
(၆) ကိုယ်၏အကျင့်ကို တပါးသူ မသိစေရ၊ ကိုယ့်အကျင့် မှန်-မမှန်ကို ကိုယ်တိုင်သိအောင် ဆင်ခြင်ရမည်။
(၇) သူတပါးကို အားမကိုးရ၊ မိမိကိုယ်ကိုသာ အားကိုး၍ ကျင့်ရမည်။
(၈) မိမိကမကျင့်မူ၍ သူတပါးအား မဆုံးမရ၊ ကိုယ့်ကိုယ်ကိုသာ ယဉ်ကျေးအောင် ဆုံးမရမည်။
(၉) သူတပါးအပြစ်ကို မရှုရ၊ ကိုယ့်အပြစ်ကိုသာ ကိုယ်မြင်အောင်ရှု၍ အပြစ်လွတ်အောင် ပြုရမည်။
(၁၀) သူ့ပစ္စည်းကို မလိုချင်ရ၊ ကိုယ့်ပစ္စည်းအစစ်ဖြစ်သော အကျင့်တရားကိုသာ လိုချင်သောသမ္မာဆန္ဒ ဖြစ်စေရမည်။
(၁၁) ပစ္စည်းရအောင် မကျင့်ရ၊ တရားကောင်းအစစ်ရအောင် ကျင့်ရမည်။
(၁၂) အပေါင်းအဖော်နှင့် ပျော်၍ သူများနှင့်သင့်အောင် မနေရ။ ရုပ်နာမ်တရားတို့နှင့် သုံးသပ်မွေ့လျော် သင့်တော်အောင် နေရမည်။
(၁၃) ကြောက်လန့်အောင်မနေရ၊ ကြောက်လန့်မှုမရှိအောင် နေရမည်။
(၁၄) စာပေကျမ်းဂန် တတ်သိခြင်း မမှားစေရ၊ တတ်သိခြင်း အမှန်ကျအောင် သတသမ္ပဇဉ် ရှိရမည်။
(၁၅) စာပေကျမ်းဂန် တတ်သိရုံမျှနှင့် ရောင့်ရဲမနေရ၊ တရားတတ်သိအောင် အားထုတ်ကျင့်ကြံရမည်။
(၁၆) သံသရာ၌ အသက်ရှည်ရန် မလိုအပ်။ သံသရာသက် တိုရန်သာ လိုသည်။
(၁၇) ရှည်လျားသောတဏှာကို ဖြတ်၍ တိုသောပါရမီကို ဆက်ပေးရမည်။
(၁၈) မေ့၍နေလျှင် အဖန်တလဲလဲ သေရမည်၊ မမေ့လျှင် နောက်ထပ် မသေရပြီ။
(၁၉) အဆက်မပြတ် ရှင်လျက်ရှိနေသော အဝိဇ္ဇာတဥှာကို သေအောင်သတ်၊ အမြဲသေ၍သာနေသော အသင်္ခတနိဗ္ဗာန်သို့ရောက်အောင် ကပ်ရမည်။
(၂၀) သင်္ခါရအလုံးစုံ၌ စွဲလမ်းသော ဥပါဒါန်ကိုဖြတ်၊ သင်္ခါရဟူသမျှကို စွန့်လွှတ်နိုင်မှ အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက်မည်။
ဟူသော သြဝါဒကထာ (၂၀)ပိုဒ်ကို ရေးပေးတော်မူသည်။
( လှေသင်းမင်းကျောင်း ဆရာတော်နှင့်ပတ်သက်၍ အကျယ်သိလိုက ဓမ္မာစရိယ ဦးဌေးလှိုင်-ရေး ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများတွင် ကြည့်ရှုလေ)


No comments: