Thursday, October 13, 2011

အာယာစနသုတ် ( တောင့်တမှု)

(၁) ရဟန်းတို့...သဒ္ဓါတရားနှင့်ပြည့်စုံသော ရဟန်းသည် ကောင်းစွာတောင့်တလိုမူ ငါသည် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်တို့ကဲ့သို့ ပညာကြီးသူ သမာဓိကြီးသူ ဖြစ်ရပါလို၏-ဟု တောင့်တရာ၏။ 
ရဟန်းတို့---ငါ၏တပည့် ရဟန်းတို့တွင် သာရိပုတ္တရာနှင့် မောဂ္ဂလာန်တို့သည် ချိန်ခွင်ကြီးသဖွယ် ဖြစ်ကုန်၏။
နှိုင်းယှဉ်ကြောင်း (သမာဓိ) တင်းတောင်းကြီးသဖွယ် ဖြစ်ကုန်၏။


(၂) ရဟန်းတို့...သဒ္ဓါတရားနှင့်ပြည့်စုံသော ရဟန်းမိန်းမသည် ကောင်းစွာတောင့်တလိုမူ ငါသည် ခေမာဘိက္ခုနီနှင့် ဥပ္ပလဝဏ် ဘိက္ခုနီတို့ကဲ့သို့ ပညာကြီးသူ သမာဓိကြီးသူ ဖြစ်ရပါလို၏-ဟု တောင့်တရာ၏။  
ရဟန်းတို့---ငါ၏ တပည့်မ ရဟန်းမိန်းမတို့တွင် ဤခေမာဘိက္ခုနီနှင့် ဥပ္ပလဝဏ်ဘိက္ခုနီတို့သည် ချိန်ခွင်ကြီးသဖွယ် ဖြစ်ကုန်၏။ နှိုင်းယှဉ်ကြောင်း (သမာဓိ) တင်းတောင်းကြီးသဖွယ် ဖြစ်ကုန်၏။

(၃) ရဟန်းတို့...သဒ္ဓါတရားနှင့်ပြည့်စုံသော ဥပါသကာသည် ကောင်းစွာတောင့်တလိုမူ ငါသည် စိတ္တသူကြွယ်နှင့် ဟတ္ထကာဠဝက သီတင်းသည် (မင်းသား)တို့ကဲ့သို့ ပညာကြီးသူ သမာဓိကြီးသူ ဖြစ်ရပါလို၏-ဟု တောင့်တရာ၏။ 
ရဟန်းတို့---ငါ၏ တပည့် ဥပါသကာတို့တွင် ဤစိတ္တသူကြွယ်နှင့် ဟတ္ထကာဠဝက သီတင်းသည် (မင်းသား)တို့သည် ချိန်ခွင်ကြီးသဖွယ် ဖြစ်ကုန်၏။ နှိုင်းယှဉ်ကြောင်း (သမာဓိ) တင်းတောင်းကြီးသဖွယ် ဖြစ်ကုန်၏။

(၄) ရဟန်းတို့...သဒ္ဓါတရားနှင့်ပြည့်စုံသော ဥပါသိကာသည် ကောင်းစွာတောင့်တလိုမူ ငါသည် ရှင်မခုဇ္ဇုတ္တရာ ဥပါသိကာနှင့် ဝေဠုကဏ္ဍကမြို့သူ နန္ဒမာတာ သူဌေးကတော်တို့ကဲ့သို့ ပညာကြီးသူ သမာဓိကြီးသူ
ဖြစ်ရပါလို၏-ဟု တောင့်တရာ၏။ 
ရဟန်းတို့---ငါ၏ တပည့်မ သာဝိကာ ဥပါသိကာတို့တွင် ဤခုဇ္ဇုတ္တရာနှင့် ဝေဠုကဏ္ဍကမြို့သူ နန္ဒမာတာ သူဌေးကတော်တို့သည် ချိန်ခွင်ကြီးသဖွယ် ဖြစ်ကုန်၏။
နှိုင်းယှဉ်ကြောင်း (သမာဓိ) တင်းတောင်းကြီးသဖွယ် ဖြစ်ကုန်၏။

ဤသို့ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သာသနာတော်၏ စံပြချိန်ခွင်ကြီးတို့သည်  -
၁။ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန် တည်းဟူသော ရဟန်းယောက်ျား သာသနာ့ချိန်ခွင်ကြီး
၂။ ခေမာထေရီနှင့် ဥပ္ပလဝဏ်ထေရီ တည်းဟူသော ရဟန်းမိန်းမ သာသနာ့ချိန်ခွင်ကြီး
၃။ စိတ္တသူကြွယ်နှင့် ဟတ္ထကာဠဝက သီတင်းသည် (မင်းသား)တည်းဟူသော ဥပါသကာ သာသနာ့ချိန်ခွင်ကြီး
၎။ ရှင်မခုဇ္ဇုတ္တရာနှင့် ဝေဠုကဏ္ဍကမြို့သူ နန္ဒမာတာ သူဌေးကတော် တည်းဟူသော ဥပါသိကာ သာသနာ့ချိန်ခွင်ကြီးအားဖြင့် သာသနာ့ချိန်ခွင်ကြီး လေးလက်တို့ ဖြစ်ပါသည်။
( သုတ္တန်ပိဋကတ် အင်္ဂုတ္တိုရ် ပါဠိတော် စတုက္ကနိပါတ် စတုတ္ထပဏ္ဏာသက သဉ္စေတနိယဝဂ် ၆-အာယာစနသုတ်) 


(၁-၂) အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်
အရှင်သာရိပုတ္တရာအလောင်းသည် လွန်ခဲ့သော တသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ သရဒလုလင်ဖြစ်၍ အရှင်မဟာမောဂ္ဂလာန် အလောင်းကား သီရိဝဍ္ဎန သူကြွယ်ဖြစ်၏။ 
သရဒလုလင်သည် ရသေ့ပြု၍ သုရုစိရသေ့ဟု တွင်၏၊ အနောမဒဿီ မြတ်စွာဘုရား၏ လက်ယာတော်ရံ နိသဘမထေရ်ကို အားကျ၍ သုရုစိရသေ့သည် လက်ယာရံဆုကို ပန်၏။ 
သီရိဝဍ္ဎန သူကြွယ်ကို လက်ဝဲရံ ဆုပန်ရန် တိုက်တွန်း၏။ သူကြွယ်လည်း လက်ဝဲရံ ဆုပန်၏။ 
ကျွန်ုပ်တို့၏ မြတ်စွာဘုရားလက်ထက်တော်၌ သုရုစိရသေ့သည် ရာဇဂြိုဟ်ပြည်အနီး ဥပတိဿရွာ ရူပသာရီပုဏ္ဏေးမ၏သား ဖြစ်လာ၍ ရွာအမည်ဖြင့် ဥပတိဿလုလင်ဟု အမည်တွင်၏။ ရဟန်းပြုသောအခါ မယ်တော်ကို စွဲ၍ အရှင်သာရိပုတ္တရာ အမည်တွင်၏။
သီရိဝဍ္ဎနသူကြွယ်ကား ကောလိတရွာ၌ မောဂ္ဂလိပုဏ္ဏေးမ၏သား ဖြစ်လာ၍ ရွာအမည်ဖြင့်ပင် ကောလိတလုလင်ဟု အမည်တွင်၍ ရဟန်းပြုသောအခါ မယ်တော်ကို စွဲ၍ အရှင်မောဂ္ဂလာန် အမည်တွင်၏။
ထိုအရှင်နှစ်ပါးတို့သည် အတူဖွား၊ အတူစား၊ အတူကစားဖော် ဖြစ်ကြကုန်၏။


အရွယ်ရောက်သောအခါ အတူတကွ ပွဲကြည့်ရာမှ သံဝေဂကြီးစွာရ၍ မသေ(အမတ)တရား ရှာရန် သိဉ္စည်းဆရာကြီးထံ၌ ပရိဗိုဇ်ရဟန်းပြုကြ၍ ငါတို့နှစ်ဦးတွင် သေဘေးမှလွတ်သော မသေတရား-အမြိုက်တရားကို အဦးဆုံးသိသူက မသိသေးသူကို ပြန်၍ ဟောကြားစတမ်း-ဟု ကတိကဝတ် ပြုထားကြ၍ တနေ့သ၌ (မဟာသက္ကရာဇ် ၁၀၃-ခုနှစ် တပို့တွဲလဆန်း ၁-ရက်နေ့၌) ဥပတိဿပရိဗိုဇ်သည် ပဉ္စဝဂ္ဂီအဝင်အပါ အရှင်အဿဇိ ဆွမ်းခံဝင်စဉ် ဖူးတွေ့ရ၍ ထိုအရှင်ဟောသော ယေ ဓမ္မာ ဟေတုပ္ပဘဝါ-အစချီသော ဂါထာကို နာရလျှင် ဂါထာထက်ဝက်မျှဖြင့်ပင် သောတာပန်ဖြစ်လေသည်။ ကတိကဝတ်ရှိသည့်အတိုင်း မိမိသိသောတရားကို ကောလိတပရိဗိုဇ်အား ပြန်၍ ဟောသောအခါ ကောလိတပရိဗိုဇ်သည် သောတာပန်ဖြစ်လေ၏။ ထိုအရှင်နှစ်ပါးတို့သည် အရံတပည့်ပရိဗိုဇ် ၂၅၀-စီတို့နှင့်အတူ မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုကြ၏။ ရဟန်းပြု၍ ခုနစ်ရက်ရှိလျှင် အရှင်မဟာမောဂ္ဂလာန် ရဟန္တာဖြစ်တော်မူသည်။ လဝက် ၁၅-ရက်ရှိသော် အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်တော်မူ၏။ ထိုအရှင်နှစ်ပါးတို့သည် မြတ်စွာဘုရား၏ လက်ယာရံ၊ လက်ဝဲရံ အဂ္ဂသာဝကအစုံ ဖြစ်တော်မူ၏။ အရှင်သာရိပုတ္တရာသည် ပညာအရာ၌ ဧတဒဂ်ရ၍ အရှင်မဟာမောဂ္ဂလာန်ကား သမာဓိ(တန်ခိုး)အရာ၌ ဧတဒဂ် ရတော်မူ၏။

(၃) ခေမာထေရီလွန်ခဲ့သော ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူစဉ် ခေမာထေရီအလောင်းသည် ဟံသာဝတီပြည်၌ သူဌေးသမီးဖြစ်၍ ပဒုမုတ္တရမြတ်စွာဘုရားထံ ဆည်းကပ်ပြီး တရားတော်ကို နာယူ၏။ သရဏဂုံဆောက်တည်၏။ ဘုရားရှင်ကိုပင့်၍ သံဃာတော်နှင့်တကွ ခုနစ်ရက်ပတ်လုံး ဆွမ်းကပ်ပြီးလျှင် ရဟန္တာထေရီမ တပါးကို ပညာကြီးသောအရာ၌ ဧတဒဂ်ထားတော်မူသည်ကို မြင်၍ ထိုဆုကို ပန်ဆင်၏။ ပဒုမုတ္တရမြတ်စွာဘုရားကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။ မိန့်ကြားတော်မူခဲ့သည့်အတိုင်း အကျွန်ုပ်တို့၏ မြတ်စွာဘုရားလက်ထက်တော်၌ သာဂလပြည် မဒ္ဒရာဇ်မင်း၏ သမီးတော်ဖြစ်လာ၏။ သူ မီးရှူးသန့်စင် ဖွားမြင်သောအခါ အိမ်တော်အလုံး စိုးရိမ်ကြောင့်ကြ ဥပဒ္ဒဝေါမရှိ ဘေးမဲ့ ငြိမ်းချမ်းစွာဖြစ်ရကား ခေမာမင်းသမီး-ဟု တွင်၏။ အရွယ်ရောက်သောအခါ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမိသာရ မင်းကြီး၏ မိဖုရား ဖြစ်လာ၏။


ခေမာမိဖုရားသည် ရုပ်အဆင်းနှင့် တပ်မက်မာန်ယစ်သူဖြစ်ရကား ရုပ်အဆင်းကို မြတ်စွာဘုရား ကဲ့ရဲ့လျက် တရားဟောသတဲ့-ဟု ကြား၍ မြတ်စွာဘုရား အထံတော်သို့ မကပ်ဝံ့ချေ၊ ထို့ကြောင့် ဗိမိသာရမင်းကြီးသည်
မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဝေဠုဝန်ဥယျာဉ်တော်၏ သာယာပုံကို သီချင်းသီကုံး၍ ဝေဠုဝန်ကျောင်းတော်သို့
ခေမာမိဖုရား သွားချင်အောင် ဖြားယောင်း၏။ ဝေဠုဝန်ဥယျာဉ်၏ သာယာပုံကို ခံစားရင်း ခေမာမိဖုရားသည် ဘုရားကျောင်းတော်သို့ ရောက်၍ တရားနာရလျှင် လူအဖြစ်နှင့်ပင် ရဟန္တာမ-ဖြစ်၍ ဗိမိသာရမင်းကြီးထံ ခွင့်ပန်ပြီး ရဟန်းပြု၍ ခေမာထေရီဟု အမည်တွင်လျက် ပညာကြီးသော ဘိက္ခုနီမတို့တွင် ဧတဒဂ်ဘွဲ့ထူးကို ရရှိလေ၏။


(၄) ဥပ္ပလဝဏ်ထေရီ
လွန်ခဲ့သော ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော်မူသောအခါ ဥပ္ပလဝဏ်ထေရီမ အလောင်းသည် ဟံသာဝတီပြည်၌ မြတ်သောအမျိုးသမီးဖြစ်၍ ဘိက္ခုနီမတပါးကို တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ဘွဲ့ထူး ပဒုမုတ္တရမြတ်စွာဘုရား ချီးကျူးတော်မူသည်ကို တွေ့မြင်ရ၍ သံဃာနှင့်တကွ ဘုရားရှင်ကို ခုနစ်ရက် ဆွမ်းလုပ်ကျွေးပြီးလျှင် တန်ခိုးကြီးသောရဟန်းတို့တွင် ဧတဒဂ်ရချင်ပါ၏-ဟုသင်္ကန်းအစုံ ပရိက္ခရာနှင့်တကွ ကြာညိုပန်းဖြင့် ပူဇော်၍ ဆုတောင်းခဲ့ ဗျာဒိတ်ခံခဲ့လေသည်။


အကျွန်ုပ်တို့၏ မြတ်စွာဘုရား လက်ထက်တော်၌ သာဝတ္ထိပြည်ဝယ် သူဌေးသမီးဖြစ်လာ၍ ကြာညိုပွင့်ချပ်နှင့်တူသော အဆင်းရှိသောကြောင့် ဥပ္ပလဝဏ်ဟု အမည်တွင်၏။ အရွယ်ရောက်သောအခါ ဇမ္ဗူဒိပ်ကျွန်း တပြင်လုံးမှ မင်းများ၊ သူဌေးများက တောင်းလာရကား အဖေသူဌေး၊ မပေးသာ၍ ရဟန်းပြုလိုသလော-ဟု သမီးကို စူးစမ်းရာ ရဟန်းပြုပါအံ့-ဟု ဝန်ခံသဖြင့် ဘိက္ခုနီမတို့၏အထံ၌ ရဟန်းမိန်းမပြုစေ၏။ လဝက်မျှ မစေ့ခင်ပင် သစ္စာလေးပါး သိမြင်၍ ပဋိသမ္ဘိဒါဥာဏ် လေးပါးသို့ရောက်သော ရဟန္တာမိန်းမ ဖြစ်လေ၏။ တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ဘွဲ့ထူး ရရှိလေ၏။


(၅) စိတ္တသူကြွယ်
လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူသောအခါ စိတ္တသူကြွယ် အလောင်းသည် ဟံသာဝတီပြည်ဝယ် မြတ်သောအမျိုး၌ဖြစ်၍ ပဒုမုတ္တရ မြတ်စွာဘုရားက ဒကာတဦးကို တရားစာပေ ဟောတတ်သောအရာ၌ ဧတဒဂ်ထားတော်မူသည်ကို မြင်၍ ဤနည်းအတူ ဖြစ်ချင်ပါ၏-ဟု အလှူပေး၍ ဆုတောင်းခဲ့၏။ ဤဘုရားလက်ထက်တော်၌ မဂဓတိုင်း မစ္ဆိကာသဏ္ဍပြည်ဝယ် သူဌေးမျိုး၌ ဖြစ်လေ၏။ ထိုသူဖွားသောအခါ ပုဆစ်ဒူးနစ်မျှ ပန်းမိုးရွာသွန်း၍ တပြည်လုံး အဆင်းငါးပါးရှိသော ပန်းအတိ ဆန်းကြယ်သည်ကို အကြောင်းပြု၍ စိတ္တသတို့သား-ဟု အမည်မှည့်၍ အဖကွယ်လွန်သောအခါ မစ္ဆိကာသဏ္ဍပြည်၌ သူဌေးအရာကို ရလေ၏။


ထိုစိတ္တသူကြွယ်သည် ပဉ္စဝဂ္ဂီအဝင်အပါ အရှင်မဟာနာမ မထေရ်ကို ကြည်ညိုလှသဖြင့် အမ္ဗာဋကမည်သော ကျောင်းတိုက် ဆောက်လုပ်လှူဒါန်း၍ အမြဲပင် ပစ္စည်းလေးပါးဖြင့် ပြုစုလုပ်ကျွေး၏။ အရှင်မြတ်လည်း စိတ္တသူကြွယ် နှစ်ခြိုက်သော အာယတနတရားကို ဟောကြားလေရာ စိတ္တသူကြွယ်သည် အနာဂါမ်အရိယာ ဖြစ်လေ၏။


ဤသို့ အရိယာပုဂ္ဂိုလ် ဖြစ်ပြီးသော်လည်း ဘုရားရှင်ကို မဖူးမြင်ရသေးဘဲ အခါလေးမြင့် ကြာခဲ့၏။ မစ္ဆိကာသဏ္ဍ ပြည်နှင့် ရာဇဂြိုဟ်ပြည်ကား ယူဇနာသုံးဆယ် ဝေးကွာ၏။ စိတ္တသူကြွယ်သည် လှူဖွယ်ပစ္စည်းတို့ကို လှည်းအစီးငါးရာ အပြည့်တင်၍ ဘုရားရှင်ကို ဖူးမြင်လိုသူတို့ လိုက်ကြလော့-ဟု စည်လည်စေ၍ ရာဇဂြိုဟ်ပြည်သို့ သွားသောအခါ လမ်းခရီး၌ နတ်တို့ ပူဇော်ကြကုန်၏။


ဘုရားရှင်ထံရောက်၍ ရှိခိုးပူဇော်ခိုက် အဆင်းငါးပါးရှိသော ပန်းမိုးရွာ၏။ ဘုရားရှင်ထံတော်၌ လခွဲလောက်မျှ နေ၍ အလှူပေး၏။ ထိုလှူသမျှသည် ရာဇဂြိုဟ်ပြည်က ပို့လာသော လက်ဆောင်မျှသာတည်း။ မိမိပါခဲ့ရင်း ပစ္စည်းတို့ကား အရာမယွင်းလေ။ ထို့ကြောင့် သံဃာအား ပုံ၍ လှူခဲ့၏။ အလွတ်ဖြစ်သော လှည်းအစီး ငါးရာတို့ကို နတ်တို့က ရတနာခုနစ်ပါး အပြည့်ဖြည့်ပေးကြ၏။ နောင်သောအခါ စိတ္တသူကြွယ်သည် တရာဟောကောင်းသူ (ဓမ္မကထိက) လူ ဥပါသကာတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်အရာ၌ မြတ်စွာဘုရား ထားတော်မူ၏။


(၆) ဟတ္ထကာဠဝက သီတင်းသည်(မင်းသား)
လွန်ခဲ့သော ကမ္ဘာတသိန်းထက်က မြတ်စွာဘုရား ပွင့်တော်မူသောအခါ ဟတ္ထကာဠဝက သီတင်းသည် (မင်းသား)အလောင်းသည် ဒါယကာတဦးကို ပဒုမုတ္တရမြတ်စွာဘုရားက သင်္ဂဟတရား လေးပါးဖြင့် သင်္ဂြိုဟ်ထောက်ပံ့သော သူတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ထားတော်မူသည်ကို မြင်၍ အလှူပေးပြီးလျှင် ထိုဧတဒဂ်ဆုကို
တောင်းခဲ့လေသည်။ သူသည် အကျွန်ုပ်တို့၏ မြတ်စွာဘုရား လက်ထက်တော်အခါ၌ အာဠဝီပြည်ဝယ် အာဠဝကမင်းကြီး၏သား အာဠဝကမင်းသား ဖြစ်လာ၏။


ခမည်းတော် အာဠဝကမင်းကြီးသည် အာဠဝကဘီလူး၏ အစာဖြစ်ခဲ့ရကား တနေ့လျှင် လူတယောက်နှင့် ထမင်းတအိုးကျ ပို့ပါမည်-ဟု အာမခံ၍ နေ့စဉ် ပို့ခဲ့ရရာ ၁၂-နှစ်တိုင် ကြာခဲ့လေသည်။ တိုင်းပြည်အလုံး ပို့စရာလူ ကုန်၍ မင်းကြီး၏သားတော် အာဠဝက မင်းသားအလှည့်သို့ ရောက်ခဲ့လေ၏။ ထိုနေ့၌ မြတ်စွာဘုရားသည် အာဠဝကဘီလူးကို တရားဟော
ချေချွတ်တော်မူသဖြင့် အာဠဝကဘီလူး သောတာပန် ဖြစ်လေသည်။


၁။ အာဠဝကဘီလူး သောတာပန် တည်ပြီးနောက် သူ့အစီးအပွားကို ကျင့်မည့်အကြောင်း လျှောက်ထားသော ဂါထာ ဆုံးခြင်း။
၂။ ညဥ့်မိုးလင်းခြင်း။
၃။ နတ်တို့ သာဓုကောင်းချီး ကြွေးကြော်ခြင်း။
၎။ အာဠဝကမင်းသားကို အာဠဝကဘီလူးထံ အစာပို့လာသူတို့ ရောက်ရှိလာခြင်း
ဤလေးပါး တပြိုင်နက် ဖြစ်လေ၏။ 


မင်းချင်းတို့လည်း အာဠဝက မင်းသားလေးကို ဘီလူးလက်သို့ ထည့်ကြ၏။ သောတာပန်လည်းဖြစ်၊ ဘုရားရှေ့တော်မှောက်၌လည်း ဖြစ်၍ ဘီလူးသည် အလွန်ရှက်နိုးလျက် မင်းသားကလေးကို လက်ဖြင့်ပွေ့ယူပြီး ဤမင်းသား၏ စီးပွားချမ်းသာ အလို့ငှါ မြတ်စွာဘုရား ခံတော်မူပါ-ဟု လျှောက်၍ မြတ်စွာဘုရား၏ လက်တော်သို့ ဆက်ကပ်လေ၏။
မြတ်စွာဘုရားလည်း ခံတော်မူ၍ ဘီလူးအား၎င်း၊ မင်းသားအား၎င်း မင်္ဂလာပြုဖို့ရန် (ဂါထာဆိုလျှင် ၄-ပါဒစီရှိခဲ့ရာ) စတုတ္ထပါဒ တပါဒကို လျှော့၍ ဂါထာ ၃-ပါဒ ဟောတော်မူ၏။ မင်းသားငယ် သရဏဂုံတည်ဖို့ရန် အာဠဝကဘီလူးက စတုတ္ထပါဒကို ဖြည့်စွက်ရွတ်ဆို လျှောက်ထားပြီးနောက် မြတ်စွာဘုရားက မင်းသားငယ်ကို “ဤမင်းသာငယ်ကို
ကြီးပြင်းအောင် ကျွေးမွေးပြီး ငါဘုရားအားသာလျှင် ပြန်ပေးကြ”-ဟု မိန့်ဆို၍ မင်းချင်းတို့အား ပေးတော်မူလေသည်။


ဤသို့ မင်းချင်းတို့လက်မှ ဘီလူးလက်သို့၊ 
ဘီလူးလက်မှ မြတ်စွာဘုရား လက်တော်သို့၊
မြတ်စွာဘုရား လက်တော်မှ မင်းချင်းတို့လက်သို့ 
အဆင့်ဆင့်ရောက်သည်ကို အစွဲပြု၍ မင်းသားငယ်၏အမည်မှာ ဟတ္ထကာဠဝက-ဟု အမည်တွင်လေ၏။

နောက် ဟတ္ထကာဠဝက မင်းသား ကြီးပြင်းလာသောအခါ မြတ်စွာဘုရား တကြိမ်ကြွလာ၍ ယင်းတိုက်တောတွင် အရိပ်ကျဲသော သစ်ပင်အောက် ခယောင်းမြေ၌ သစ်ရွက်ခြောက်ခင်း၍ နေတော်မူစဉ် မင်းသားသည် နောက်လိုက် ငါးရာတို့နှင့်အတူ ရောက်လာပြီး ချမ်းသာစွာ နေရပါ၏လော-ဟု မေးလျှောက်သည်တွင် မြတ်စွာဘုရားက
လောဘ ဒေါသ မောဟ လုံးဝမရှိသဖြင့် ချမ်းသာစွာ နေရ၏၊ လောဘ ဒေါသ မောဟ ငြိမ်းသူကား အခါခပ်သိမ်း ချမ်းသာစွာ နေရ၏-ဟု မိန့်တော်မူသည်။ ထိုတရားအဆုံး၌ ဟတ္ထကာဠဝက မင်းသား အနာဂါမ် တည်လေ၏။


(၇) ရှင်မခုဇ္ဇုတ္တရာ
လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူသောအခါ ရှင်မခုဇ္ဇုတ္တရာ အလောင်းသည် ဟံသာဝတီပြည်၌ မြတ်သောအမျိုးသမီး ဖြစ်၍ ပဒုမုတ္တရ မြတ်စွာဘုရားက အမျိုးသမီးတယောက်ကို အကြားအမြင်များသောအရာ၌ ဧတဒဂ်ထားတော်မူသည်ကို မြင်ရ၍ ထိုဆုကိုပန် ဗျာဒိတ်ခံခဲ့၏။ အကျွန်ုပ်တို့၏ မြတ်စွာဘုရား လက်ထက်တော်၌ ကောသမ္ဗီပြည်ဝယ် ဃောသိတသူဌေး၏ အထိန်းတော်သမီး ဥတ္တရာ ဖြစ်လာ၏။


သူသည် ကဿပဘုရားရှင်လက်ထက် ဗာရာဏသီပြည်၌ သူဌေးသမီးဖြစ်စဉ် ရဟန္တာထေရီမ တပါးကို ခိုင်းစေဖူး၍ ယခုဘဝ ကျွန်မ၏သမီး ဖြစ်လာရ၏။ ဥတေနမင်း၏ မိဖုရား သာမာဝတီ၏ အစေအပါး ဖြစ်လာ၏။ ကဿပမြတ်စွာဘုရားနှင့် ဂေါတမမြတ်စွာဘုရားတို့၏ အကြားတွင် ဗာရာဏသီမင်း၏ မိဖုရားဖြစ်စဉ် ကျောကုန်းသော ပစ္စေကဗုဒ္ဓါအရှင်ကို အတုပြုမူ၍ မိန်းမချင်း ရယ်ဖွယ်ပြုမိခဲ့မိသောကြောင့် ကျောကုန်း၏၊ ထို့ကြောင့် အမည်ရင်း-ဥတ္တရာတွင် ကျောကုန်း-ခုဇ္ဇ ကို ဝိသေသနပြု၍ ခုဇ္ဇုတ္တရာဟု အမည်တွင်လေသည်။


တရံရောအခါ သာမာဝတီ မိဖုရားအတွက် ပန်းဝယ်စဉ် ပန်းသည်မှူး၏ အိမ်၌ မြတ်စွာဘုရားကို ဖူးတွေ့တရားနာရ၍ တရားကိုလည်း မှတ်မိ၊ သောတာပန်လည်း ဖြစ်ပြီး ထိုအကြောင်းကို သာမာဝတီ မိဖုရားအား ပြန်ကြား၏။ သာမာဝတီ မိဖုရားနှင့်တကွ မောင်းမအပေါင်း ခုဇ္ဇုတ္တရာထံမှ တရားနာကြရ၍ အားလုံး သောတာပန် ဖြစ်ကြလေ၏။ ထိုအခါမှစ၍ ခုဇ္ဇုတ္တရာကို ရှိခိုးကုန်လျက် မြတ်သောဆရာအရာ၌ ထားကြပြီးလျှင် နေ့စဉ်နေ့စဉ် ဘုရားရှင်ထံ တရားနာ၍
ပြန်ဟောစေကြ၏။ ကြာသောအခါ ခုဇ္ဇုတ္တရာသည် အကြားအမြင်များ၍ ပိဋကတ်သုံးပုံကို ဆောင်နိုင်၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ဥတ္တရာသည် အကြားအမြင်များသော သာဝိကာ ဒါယိကာမတို့တွင် အမြတ်ဆုံးတည်း-ဟု ဧတဒဂ်ဘွဲ့ထူး ချီးကျူးတော်မူ၏။


ခုဇ္ဇုတ္တရာ အရိယာမိန်းမမြတ် ဘုရားရှင်ထံမှ နာယူမှတ်သား ဟောအပ်သော တရားစုသည် သုတ္တန်ပိဋကတ် ခုဒ္ဒကနိကယ်ဝယ် ဣတိဝုတ်ပါဠိတော်-ဟူ၍ အထင်အရှား သင်္ဂါယနာ တင်ထားရလေသည်။


(၈) ဝေဠုကဏ္ဍကမြို့သူ နန္ဒမာတာ သူဌေးကတော်
ရာဇဂြိုဟ်ပြည်၏ တောင်မျက်နှာအရပ်ဝယ် ဝါးရုံအတိ မြို့ပြင်၌ စိုက်အပ်သောကြောင့် ဝေဠုကဏ္ဍကဟု အမည်တွင်သော မြို့၌ ဘုံခုနစ်ဆင့်မြင့်သော ပြာသာဒ်အိမ်ဖြင့် စည်းစိမ်ကြီးလှသော သူဌေးမ ဥတ္တရာကို နန္ဒအမည်ရှိသည့် သားကို အစွဲပြု၍ နန္ဒမာတာ-မောင်နန္ဒ၏ အမေ-ဟု ခေါ်ကြ၏။


ထိုနန္ဒမာတာ သူဌေးကတော်သည် တရံရောအခါ သန်းခေါင်ယံလွန်မြောက် မိုးသောက်ယံ အရောက်တွင် ဈာန်သမာပတ်ဖြင့်သာ မွေ့လျော်ရအံ့လော၊ ဘုရားဟောသည့် တရားတော်ကို ရွတ်အံသရဇ္ဈာယ်ခြင်းဖြင့်ပင်
မွေ့လျော်ရအံ့လော-ဟု ကြံစည်လတ်သော် ဘုရားဟောတရားတော်ကို ရွတ်အံသရဇ္ဈာယ်၍ နှစ်လိုဝမ်းမြောက်ခြင်း ချမ်းသာကို ခံစားရသည်က မြတ်၏-ဟု ဆောက်တည်၍ ရာဇဂြိုဟ်ပြည် ပါသာဏစေတီယကျောင်း၌ ရသေ့ပေါင်း တသောင်းခြောက်ထောင် တကျိပ် ခုနစ်ယောက်တို့နှင့်တကွ တဆယ့်လေးကုဋေသော ပရိသတ်တို့ကို
ချေချွတ်ဟောကြားအပ်သော တရားဂါထာ ၂၅၀-မျှသော ပါရာယနသုတ္တန်တရားကို နန္ဒမာတာ မိန်းမမြတ်သည် သာယာသောအသံဖြင့် သရဇ္ဈာယ်၍ တရားအရသာကို ခံလျက် မွေ့လျော်နေ၏။


ဤတရားဒေသနာကို ဝေဿဝဏ်နတ်မင်းကြီးသည် မြတ်စွာဘုရားကို ပြဿနာမေးရန် ကောင်းကင်ခရီးဖြင့် လာစဉ် အသံကြား၍ တန့်နားကာ တရားဆုံးအောင် နာပြီးလျှင် လည်တိုင်ကို ဖော်၍ ကောင်းချီးပေး၏။ ဤတွင် နန္ဒမာတာက အလှူအဖို့ အမျှဝေ၏။ ဝေဿဝဏ်နတ်မင်းကြီးကလည်း တရားပူဇော်သောအားဖြင့် သလေးစပါးနီ အတိပြည့်သော (၁၂၅၀) တထောင့်နှစ်ရာငါးဆယ်မျှသော စပါးကျီတို့ကို နန္ဒမာတာ၏ တသက်တွင် ယူရာမထင် ပြည့်မြဲပင် ပြည့်စေသတည်းဟု အဓိဋ္ဌာန်ပြု၍ ပူဇော်လေ၏။

မင်းကွန်းဆရာတော်၏ ဟောစဉ်တရားတော်များ ဆဋ္ဌမတွဲ နိဒါန်း ကံ-အပိုင်းမှ ကူးယူဖော်ပြပါသည်။ 
အကျယ်သိလိုသော် မင်းကွန်းဆရာတော်၏ ဟောစဉ်တရားတော်များ ဆဋ္ဌမတွဲ၌ ကြည့်ရှုကြပါရန်။


မေတ္တာဖြင့်
မော်လူး

No comments: