Friday, October 14, 2011

သေခြင်းလေးမျိုး

(နတ်တို့ သေခြင်းလေးမျိုး)
အဋ္ဌကထာဆရာတော်က နတ်တို့ရဲ့ သေခြင်း လေးမျိုးကို ဖော်ပြထားတယ်။
ဒေဝလောကတော ဟိ ဒေဝပုတ္တာ အာယုက္ခယေန, ပုညက္ခယေန, အာဟာရက္ခယေန, ကောပေနာတိ စတူဟိ ကာရဏေဟိ စဝန္တိ။

ဟိ-အထူးမှတ်ဖွယ်ကား၊ ဒေဝလောကတော-နတ်ပြည်လောကမှ၊ ဒေဝပုတ္တာ-နတ်သားတို့သည်၊ 
(၁)အာယုက္ခယေန-အသက်တမ်းကုန်ခြင်းကြောင့်၎င်း၊
(၂) ပုညက္ခယေန-ကောင်းမှုကုသိုလ်ကံစွမ်း ကုန်ခြင်းကြောင့်၎င်း၊
(၃) အာဟာရက္ခယေန-အစာအာဟာရ ကုန်ခန်းခြင်းကြောင့်၎င်း၊
(၄) ကောပေန-အမျက်ထွက်ခြင်းကြောင့်၎င်း၊ ဣတိ-ဤသို့၊ စတူဟိ ကာရဏေဟိ-လေးပါးသော အကြောင်းတို့ကြောင့်၊ စဝန္တိ-စုတိပြတ်ကြွေ သေလွန်ကြရကုန်၏။


နတ်ပြည်လောက နတ်သားများ စုတိရတာဟာ အကြောင်းလေးပါး ရှိတယ်တဲ့---
အာယုက္ခယ မရဏ၊ ပုညက္ခယ မရဏ၊ အာဟာရက္ခယ မရဏ၊ ကောပ မရဏ-လို့ ပါဠိလို လေးမျိုးရှိတယ်။
၁။ အာယုက္ခယ မရဏ-ဆိုတာ ကုသိုလ်ကံအဟုန် အင်မတန်အားကောင်းတဲ့ နတ်များကျတော့ စတုမဟာရာဇ် တာဝတိံသာနတ်တို့ရွာမှာရှိတဲ့ အသက်တမ်းပြည့် နေပြီးတော့၊ အသက်တမ်းကုန်မှ စုတေတာကို အာယုက္ခယ မရဏ-တဲ့။
၂။ ပုညက္ခယ မရဏ-ဆိုတာ နတ်တို့ရဲ့ သက်တမ်းကပင် ရှိသော်လည်းပဲ အဲဒီနတ်ပြည် ပဋိသန္ဓေကျိုးပေးလိုက်တဲ့
ကောင်းမှုကုသိုလ်ကံ အဟုန် ကုန်လို့ နတ်တို့ရဲ့ သက်တမ်း မပြည့်မီ ကြားကာလမှာ နတ်သက်ကြွေ စုတေတာမျိုးကျတော့ ပုညက္ခယ မရဏ-လို့ ခေါ်တယ်။
၃။ အာဟာရက္ခယ မရဏ-ဆိုတာ နတ်များဟာ တခါတလေ သူတို့နတ်တို့ရဲ့ အာရုံကာမဂုဏ်တွေထဲ မေ့လျော့ 
ပျော်ပါးမြူးတူးနေတဲ့အတွက် အစာအာဟာရ တကြိမ်လောက် မစားမိလိုက်ယင် ဘယ်လိုနည်းနဲ့မှ
ပြန်ပြီးအသက်မရှင်တော့ဘူး။ 
ပဒုမ္မာကြာပန်းများ နေ-တကြိမ်လောက် မိလိုက်လို့ရှိယင် ရေအိုးတရာနဲ့ ထပ်လောင်းသော်လည်းပဲ ဒီကြာပန်း ပြန်ပြီးတော့ မလန်းတော့သလိုပဲ။ နတ်များ တခါတလေ ဝတ္ထုအာရုံ ကာမဂုဏ်တွေ သုံးစားနေတဲ့အတွက် မိမိတို့အချိန်ကျလို့ ရောက်လာတဲ့ ဒိဗ္ဗထမင်းပွဲကြီး-နတ်ထမင်း-နတ်သြဇာပွဲကြီးကို မစားမိဘဲ တကြိမ်လောက် ထမင်းစားဖို့အကြိမ်ကို လွန်လိုက်ယင် ခုနင်ကတုန်းက ကြာပန်းလိုပဲ နောက်ထပ်အကြိမ်တရာ စားပေမယ်လို့ မရဘူး။ ပြန်ပြီးတော့ အသက် မရှင်ဘူး။ တခါတည်း နတ်သက်ကြွေ စုတေရတယ်။ အဲဒီစုတေမျိုးကို အာဟာရက္ခယ မရဏ-လို့ခေါ်တယ်။
(၄) ကောပ မရဏ-ဆိုတာ သူတဖက်သား၊ တပါးသော နတ်တို့အပေါ် စိတ်အကြီးအကျယ် ဆိုးပြီးတော့ ဣဿာတွေ မစ္ဆရိယတွေ လွှမ်းမိုးယင်လည်းပဲ နတ်သက်ကြွေ စုတေတတ်သတဲ့။
ဘာပြုလို့တုန်းဆိုတော့ ဒေါဆိုတဲ့တရားဟာ လူတွေတောင်မှ ကြပ်ကြပ်ကြီးယင် အဲဒီပုဂ္ဂိုလ်ဟာ ရုပ်အင်မတန် နစ်နာတယ်။ ရုပ်အင်မတန်ကြွမ်းတယ်၊ လူတို့ရဲ့ရုပ်ဟာ နတ်ရဲ့ရူပကာယနဲ့ ကြည့်ယင် အင်မတန်ကြမ်းပါတယ်။ နတ်တို့-ဗြဟ္မာတို့ရဲ့ ရူပကာယဟာ အင်မတန် နုပါတယ်။ 
ထောပတ်ခဲကြီးများလို တကတဲ ပကတိ နတ်ရဲ့ကိုယ်နဲ့ ဟောဒီမြေကြီးပေါ်မှာ လာပြီးရပ်ယင် ထောပတ်တုံးကြီး မြေကြီးပေါ် ချထားလို့ တဖြည်းဖြည်း မြေကြီးထဲ စိမ့်ပြီးတော့ ဝင်တာလို အဲဒီလို ဝင်သွားနိုင်တယ်။ အလွန်နူးညံ့တယ်။


အဲဒီနူးညံ့တဲ့ ရူပကာယမှာ ဝင်ပြီးတော့ အားကြီးသောအမျက်ထွက်မှုဆိုတဲ့ ဒေါသတရား ဖြစ်တတ်တယ်၊ မနောပဒေါသိက နတ်ဆိုတာ၊ အဲရှေ့က မိမိရှေ့က နတ်သားတယောက် သွားနေ၊ မိမိရှေ့က သွားရမလားဆိုပြီးတော့ ဒေါသတွေ အပြန်အလှန် ဖြစ်တတ်တယ်။ အဲဒီအခါကျပြီဆိုလို့ရှိယင် အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် နတ်သက်ကြွေ- စုတေရတယ်။ အဲဒီ စုတေခြင်းမျိုးကို ကောပ မရဏ-လို့ခေါ်တယ်။ 
နတ်ပြည်မှာ နတ်တို့သေတာ လေးခုအကြောင်း အဋ္ဌကထာက ပြောထားတယ်။ 


မော်လူး
မင်းကွန်းဆရာတော် ဟောစဉ်တရား (၉) မှ  
*****
(လူတို့ သေခြင်းလေးမျိုး)
အာယုက္ခယေန, ကမ္မက္ခယေန, ဥဘယက္ခယေန, ဥပစ္ဆေဒက ကမ္မုနာစေတိ စတုဓာ မရဏုပ္ပတ္တိ နာမ။
အာယုက္ခယေနစ-အသက်၏ ကုန်ခြင်းကြောင့်၎င်း၊ ကမ္မက္ခယေနစ-ကံ၏ ကုန်ခြင်းကြောင့်၎င်း၊ ဥဘယက္ခယေနစ-အသက်,ကံ နှစ်ပါး၏ ကုန်ခြင်းကြောင့်၎င်း၊ ဥပစ္ဆေဒက ကမ္မုနာစ-ကပ်၍ ဖြတ်တတ်သော ကံကြောင့်၎င်း၊ သတ္တာနံ-သတ္တဝါတို့၏၊ (ဝါ)သတ္တဝါတို့အား၊ မရဏံ-သေခြင်းသည်၊ ဟောတိ-ဖြစ်၏။
ဣတိ-ဤသို့၊ စတုဓာ-လေးပါးအပြားရှိသော၊ မရဏုပ္ပတ္တိ နာမ-မရဏုပ္ပတ္တိမည်သည်ကို၊ ဝေဒိတဗ္ဗာ-သိအပ်၏။

မရဏဿ ဥပ္ပတ္တိ မရဏုပ္ပတ္တိ။
မရဏဿ-သေခြင်း၏၊ ဥပ္ပတတိ-ဖြစ်ခြင်းဖြစ်ပုံတည်း၊ မရဏုပ္ပတ္တိ-သေခြင်း၏ ဖြစ်ပုံ။
အာယုက္ခယ ကမ္မက္ခယ စသည်ဖြင့် သေခြင်း၏အကြောင်း ၄-မျိုးရှိသောကြောင့် ထိုအကြောင်း ၄-မျိုးကို စွဲ၍ သေရပုံ အမျိုးအစားလည်း ၄-ပါးပင် ပြားရသည်။


၁။ အာယုက္ခယ=ထိုထိုဘုံအလိုက် သတ်မှတ်အပ်သော အသက်တမ်းရှိ၏။ ဤကျွန်းသူ လူတို့၌ ရံခါ အသင်္ချေတိုင်အောင် တိုးတက်၍ ရံခါ ၁၀-နှစ်တမ်းတိုင်အောင် ဆုတ်ယုတ်သောကြောင့် အမြဲမရှိသော်လည်း (တိုးလျှင် တိုးသလောက်, ဆုတ်လျှင် ဆုတ်သလောက်) သတ်မှတ်အပ်သော အသက်တမ်းကား ရှိပေသည်။ ထိုကဲ့သို့ ဘုံအလိုက် ကာလအလိုက် သတ်မှတ်အပ်သော အသက်တမ်းစေ့၍ (အသက်တမ်းကုန်၍) သေရခြင်းသည် အာယုက္ခယ မရဏ မည်၏။


ဥပမာ-ညှိထွန်းအပ်သော ဆီမီးသည်
၁-မီးစာကုန်ခြင်းကြောင့်လည်း ငြိမ်း၏။ (အာယုက္ခယ)
၂-ဆီကုန်ခြင်းကြောင့်လည်း ငြိမ်း၏။ (ပုညက္ခယ)
၃-မီးစာနှင့်ဆီ နှစ်မျိုးလုံး ကုန်ခြင်းကြောင့်လည်း ငြိမ်း၏။ (ဥဘယက္ခယ)
၎-မီးစာ,ဆီ တို့ မကုန်သေးဘဲ လေပြင်းတိုက်ခတ်မှု, သို့မဟုတ် တမင်ငြိမ်းသတ်မှုကြောင့်လည်း ငြိမ်း၏။ (ဥပစ္ဆေဒက)
ထိုတွင် အသက်တမ်း ကုန်ခြင်းသည် မီးစာကုန်ခြင်းနှင့် တူ၏။ 
(မီးတောက်သည် သတ္တဝါတို့ အသက်ခေါ် ဇီဝိတနှင့် တူ၏၊ မီးငြိမ်းမှုကား ထိုဇီဝိတ၏ တဘဝအတွက် အငြီးသတ်ချုပ်မှုနှင့် တူသည်)။
ဆီရှိသေးသော်လည်း မီးစာကုန်လျှင် မီးငြိမ်းရသကဲ့သို့ ထို့အတူ ဆက်လက်၍ အသက်ရှည်ဖို့ရန်  ကံအရှိန် ရှိသေးသေော်လည်း အသက်တမ်းစေ့က စုတေရသည်သာ များ၏။ အင်မတန် ကံကြီးမားသူ ရသာယတနဆေး စသော ဆေးကောင်းရှိသူအချို့သာ အသက်တမ်းလွန်အောင် နေနိုင်ကြ၏။ 
ဘုရားလက်ထက်တော်တုန်းက အသက်တမ်းတရာဟု ဆို၏။ ထိုအခါမှာပင် အရှင်အာနန္ဒာ အရှင်မဟာကဿပ ဝိသာခါကျောင်းအမတို့ အသက် ၁၂၀-ရှည်ကြ၏။ အရှင်ဗာကုလမှာ အသက် ၁၆၀-တိုင်အောင်ပင် ရှည်တော်မူသည်။


ကမ္မက္ခယ=ထိုထိုဘဝ၌ ပဋိသေန္ဓကျိုးကို ပေးလိုက်သော ဇနကကံနှင့် ထိုဇနကကံ၏ အကျိုးဖြစ်သော ခန္ဓာအစဉ်ကို ကြာရှည်စွာ တည်တံ့အောင် ထောက်ပံ့တတ်သော ဥပထမ္ဘကကံများကို ဤနေရာ၌ “ကံ”ဟု ခေါ်၏။
ထိုကံများ၏ အစွမ်းသတ္တိ ကုန်ခန်းခြင်းသည် ကမ္မက္ခယ မည်၏။
ဆီကုန်ခြင်းနှင့်တူ၏ မီးဇာရှိသေးသော်လည်း ဆီကုန်လျှင် စုတေကြရ၏။ 
ဥပမာ-အသက်တရာတမ်း၌ လူဖြစ်ရသော်လည်း ကံက အသက် ၅၀-မျှသာ စွမ်းဆောင်နိုငပါမူ အသက် ၅၀-ပြည့်က စုတေရလေတော့သည်။ 
( ဤကမ္မက္ခယကို နတ်ဗြဟ္မာအချို့၏ စုတေခန်း၌ ပုညက္ခယ-ကောင်းမှုကံ၏ ကုန်ခြင်းကြောင့် စုတေခြင်း-ဟုလည်း ခေါ်၏)။

ဥဘယက္ခယ=ဥဘယေသံ-အသက်,ကံ နှသ်ပါးတို့၏၊ ခယော-ကုန်ခြင်းသည်၊ ဥဘယက္ခယော-ဥဘယက္ခယမည်၏။
မီးစာနှင့်ဆီ နှစ်မျိုးလုံး ကုန်၍ မီးငြိမ်းရခြင်းကဲ့သို့ အသက်တမ်းနှင့်ကံအစွမ်း နှစ်မျိုးလုံး ကုန်၍ စုတေရခြင်းတည်း။ 
အသက်တရာတမ်းဝယ် တရာနေနိုင်လောက်အောင် ကံပါသူ၏ တရာပြည့်သောအခါ စုတေခြင်းမျိုးတည်း။ 


ဥပစ္ဆေဒက=အသက်တမ်းလည်း ရှိသေး၊ ကံအစွမ်းလည်း ရှိသေးပါလျက် ရှေးဘဝက ဖြစ်စေ, ယခုဘဝမှာ ဖြစ်စေ ပြုအပ်သော ကံတခုခုက ဝင်၍ သတ်ဖြတ်လျှင် စုတေရတတ်၏။ ထိုစုတေခြင်းသည် ဥပစ္ဆေဒကကံကြောင့် စုတေရခြင်းတည်း။ 
(ဂုဏ်ကြီးသောပုဂ္ဂိုလ်များကို အကြီးအကျယ်စော်ကားမိ၍ ထိုစော်ကားမှု ဥပစ္ဆေဒကကံကြောင့် လတ်တလော သေရသူတို့၏ ဝတ္ထုကို ဥပဃာတကကံခန်း၌ ပြခဲ့ပြီ၊)


ဤအကြောင်း ၄-ပါးတွင် ရှေ့ ၃-ပါးကြောင့် စုတေရခြင်းသည် အချိန်ကျ၍ စုတေရသောကြောင့် ကာလမရဏ မည်၏။ 
ဥပစ္ဆေဒကကံကြောင့် စုတေရခြင်းသည် သေချိန်မကျခင် စုတေရသောကြောင့် အကာလမရဏ မည်၏။


မော်လူး
အမရပူရ မဟာဂန္ဓာရုံ ဆရာတော် သင်္ဂြိုဟ်ဘာသာဋီကာ-စာမျက်နှာ ၄၁၀-မှ

No comments: