Saturday, October 15, 2011

မာရ်နတ် (၂)

(မာရ်နတ်---)
မာရ်နတ်မှာ တန်ခိုးကြီးသောနတ်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ သွားနိုင်ရုံမက ကြမ်းတမ်းသူဖြစ်၍လည်း
ဗြဟ္မာများကိုပင် ပူးဝင်နှိပ်စက်နိုင်ကြောင်း မူလပဏ္ဏာသပါဠိတော် ဗြဟ္မနိမန္တနိကသုတ်တွင် ပါရှိသည်။ ဗကဗြဟ္မာကြီးအား မြတ်စွာဘုရား ချွတ်တော်မူသောအခါတွင် မာရ်နတ်က အရန်ဗြဟ္မာများကိုပူးဝင်၍ အတ္တဝါဒ မှန်ကန်ကြောင်း သက်သေခံစေသည်ဟု ပါဠိတော်တွင် အကျယ်ပါရှိသဖြင့် မာရ်နတ်က ဗြဟ္မာပြည်သို့လည်း သွားနိုင်၊ ဗြဟ္မာများအားလည်း မြင်နိုင်၊ ပူးဝင်နှိပ်စက်၍ မိမိအလိုသို့ပင် ပါစေနိုင်ကြောင်း မှတ်သားသင့်ပါသည်။

မာရ်နတ်သည် လူ့ပြည် နတ်ပြည်၌သာမက ဗြဟ္မာ့ပြည်အထိပါ တက်၍ လိုက်လံနှောင့်ယှက် ဖျက်ဆီးတတ်ကြောင်း (ရဝေထွန်း-ဦးတိလောကသာရ)က ဘာသာရေးပြဿနာ အမှတ် ၂-တွင် အထက်ပါအတိုင်း ရေးသားညွှန်ပြတော်မူခဲ့သည်။

အယူလွဲနေသော ဗကဗြဟ္မာကြီးအား မြတ်စွာဘုရားချွတ်တော်မူစဉ် မာရ်နတ် မည်သို့မည်ပုံ ပူးဝင်နှိပ်စက် နှောင့်ယှက်ခဲ့သည်ကို မင်းကွန်းတိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ-၏ အောက်ပါရှင်းလင်းညွှန်ပြချက်ကလည်း မှတ်သားဖွယ်ဖြစ်သည်။

မာရ်နတ်သည် မိမိ၏ဘုံဗိမာန်၌နေရင်းပင် မကြာ,မကြာ မြတ်စွာဘုရားရှင်ကို
ယခုအခါ ရဟန်းကြီးဂေါတမ အဘယ်ရွာနိဂုံး၌ နေသနည်း-ဟု ဆင်ခြင်လေ့ရှိ၏။ ယခုအကြိမ် ဆင်ခြင်လတ်သော်ကား ဥက္ကဋ္ဌမြို့ သုဘဂ တောအုပ်၌နေ၏-ဟုသိပြီးလျှင် ရဟန်းဂေါတမသည် အဘယ်အရပ်သို့ သွားသနည်း-ဟု ဆက်၍ကြည့်ရှုပြန်သည်တွင် ဗြဟ္မာ့ပြည်သို့ကြွသွားသော
မြတ်စွာဘုရားကို မြင်လတ်၍ ရဟန်းဂေါတမသည် ယခု ဗြဟ္မာ့ပြည်သို့ ကြွသွား၏။ ထိုဗြဟ္မာ့ပြည်၌ တရားဟော၍ ဗြဟ္မာအပေါင်းကို ငါ၏နယ်ပယ်မှ မလွန်မြောက်စေသေးမီ ငါသွားရောက်ကာ တရားဟောခြင်း၌ ဆန္ဒကင်းပြတ်အောင်ပြုပေအံ့-ဟု ကြံစည်ကာ မြတ်စွာဘုရားနောက်သို့ မျက်ခြည်မပြတ်လိုက်ပါလျက်
ဗြဟ္မာပရိသတ်၏အလယ်၌ မထင်ရှားသောကိုယ်ဖြင့် ရပ်တည်နေလေသည်။

သူသည် မြတ်စွာဘုရားက ဗကဗြဟ္မာကြီးကို
အချင်းတို့...ဗကဗြဟ္မာသည် မိုက်မဲလေစွတကား-စသည်ဖြင့် မောင်းမဲအပ်လေပြီဟုသိ၍ ဗကဗြဟ္မာဘက်က အထောက်အကူဖြစ်ကာ ရပ်တည်လာလေသည်။ ထိုမာရ်နတ်သည် မဟာဗြဟ္မာကြီးနှင့်
ဗြဟ္မပုရောဟိတဗြဟ္မာတို့ကိုကား မပူးဝင်နိုင်။ ထို့ကြောင့် အလုပ်အကျွေး ဗြဟ္မပါရိသဇ္ဇ ဗြဟ္မာငယ်တဦး၏ ကိုယ်တွင်းသို့ ပူးဝင်လေသည်။ (မဟာဗုဒ္ဓဝင် စတုတ္ထတွဲ အခန်း ၃၅)။

(အရှင်အာနန္ဒာ)
တခါသော် မြတ်စွာဘုရားက အရှင်အာနန္ဒာအား
“ချစ်သား အာနန္ဒာ...ငါဘုရားသည် အလိုတော်ရှိခဲ့သော် အာယုကပ်ပတ်လုံး ဖြစ်စေ၊ အာယုကပ်ထက်ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏”ဟု မိန့်တော်မူသည်။
မြတ်စွာဘုရားက အလိုရှိသည့်အတိုင်း သက်တမ်းထက်ပို၍ နေနိုင်ကြောင်း နိမိတ်ပြစကားကို ဆိုလိုက်ခြင်းဖြစ်၏။
ဤသို့သုံးကြိမ်တိတိ မိန့်တော်မူသည့်တိုင် အရှင်အာနန္ဒာက “အရှင်ဘုရား...နတ်လူတို့၏ ချမ်းသာခြင်းအလို့ငှါ အာယုကပ်ပတ်လုံး တည်နေတော်မူပါ-ဟု မလျှောက်ထား၊ မတောင်းပန်မိခဲ့။ ထိုသို့ မတောင်းပန်မိခြင်းမှာလည်း သောတာပန်မျှသာဖြစ်သေးသော အရှင်အာနန္ဒာကို မာရ်နတ်က
နှောင့်ယှက်ထားခြင်းကြောင့် ဖြစ်သည်။

မြတ်စွာဘုရား နိမိတ်ပြစကား မိန့်ကြားတော်မူစဉ်က အရှင်အာနန္ဒာအား မာရ်နတ် မည်သို့မည်ပုံ နှောင့်ယှက်ခဲ့သည်ကို မင်းကွန်းတိပိဋကဓရ ဆရာတော်က (မဟာဗုဒ္ဓဝင် ပဉ္စမတွဲ အခန်း ၄၀-တွင်) အောက်ပါအတိုင်း ရှင်းလင်းညွှန်ပြတော်မူထားပါသည်။

ဝိပ္ပလ္လာသတရား (ဖောက်ပြန်စွာ ဖြစ်တတ်သောတရား) (၁၂)ပါးလုံး ကင်းရှင်းပယ်ခွါပြီးသော ပုဂ္ဂိုလ်၏စိတ်ကို မာရ်နတ်သည် အနှောင့်အယှက် မပေးနိုင်။ ထိုဝိပ္ပလ္လာသတရားတို့မှ အချို့အဝက်ကိုသာ ပယ်ပြီးဖြစ်၍ အချို့အဝက်ကျန်ရှိနေသေးသော အရိယာပုဂ္ဂိုလ်များ၏ စိတ်ကိုကား မာရ်နတ်သည် အနှောင့်အယှက်ပေးနိုင်၏။ အရှင်အာနန္ဒာမထေရ်မှာ ဝိပ္ပလ္လာသ(၁၂)ပါးတို့အနက် (၄)ပါးသောတရားတို့ကို မပယ်ရှားရသေး။ ထို့ကြောင့် အရှင်အာနန္ဒာ၏စိတ်ကို မာရ်နတ်သည် အနှောင့်အယှက် ပေးနိုင်၏။

မာရ်နတ်သည် သတ္တဝါတို့၏စိတ်ကို အနှောင့်အယှက် ပြုလုပ်လိုသည်ရှိသော် ကြောက်မက်ဖွယ်သော အဆင်း-ရူပါရုံကိုမူလည်း ဖန်ဆင်း၍ ပြ၏။
ကြောက်မက်ဖွယ်အသံ-သဒ္ဒါရုံကိုလည်း ဖန်ဆင်း၍ ကြားစေ၏။
ထိုအခါ ဝိပ္ပလ္လာသ မကင်းကြသေးသော သတ္တဝါတို့သည် သတိလွတ်ကာ ခံတွင်းဖွင့်ဟလျက် နေကြကုန်၏။ ထိုသူတို့၏ခံတွင်းမှ မာရ်နတ်သည် မိမိလက်ကိုသွင်း၍ နှလုံးသားကို ကြိတ်ချေသည့်အလား ဆုပ်ကိုင်၍ ထားလေသည်။ ထိုအခါ သတ္တဝါတို့သည် သတိသညာ လွတ်ကင်းကြကာ မိန်းမောတွေဝေ နစ်မြော၍နေကြလေသည်။
အရှင်အာနန္ဒာကိုကား ထိုမာရ်နတ်သည် ခံတွင်းမှ လက်ကိုသွင်း၍ နှလုံးသားကို ကြိတ်ချေသည့်အလား ညှဉ်းပန်းနှိပ်စက်ခြင်းငှါ မစွမ်းနိုင်။ စင်စစ်သော်ကား ကြောက်မက်ဖွယ်အာရုံကိုမြင်ရ၍ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားမိန့်ကြားသည့်စကား နိမိတ်အရိပ်အယောင်ကို မသိဘဲရှိလေသည်။

(သာဋိမတ္တိယထေရ်)
တခါသော် မာရ်နတ်သည် အရှင်သာဋိမတ္တိယ ရဟန္တာမထေရ်မြတ် အယောင်ဆောင်၍ ကလျာဏီတို့အိမ် ဆွမ်းရပ်စဉ် ကလျာဏီမိန်းမပျိုက အရှင်သာဋိမတ္တိယ ရဟန္တာအရှင်မြတ်အထင်ဖြင့် ဆွမ်းလောင်းရန် လာစဉ် နီးနီးကပ်ကပ် တိုးခိုင်းပြီး ကလျာဏီ၏လက်ကို ဖမ်းဆွဲပြီး မလွှတ်ဘဲထားလေ၏။ လူအများကလည်း ကြည့်နေကြ၏။ ထိုအခါ ကလျာဏီသည် အရှက်ကြီးရှက်ပြီး တကိုယ်လုံး တုန်ယင်နေကာ အားရှိသရွေ့ ဆောင့်ရုန်း၍ ရှိုက်ကြီးတငင် ငိုကြွေးပြီး အိမ်ထဲပြေးဝင်သွားလေ၏။

ထို့နောက် လူအများက မာရ်နတ်ကို အရှင်သာဋိမတ္တိယ ရဟန္တာမထေရ်မြတ် အထင်ဖြင့် ပြစ်တင်ကဲ့ရဲ့ကြပြီး တကယ်အစစ်အမှန် အရှင်သာဋိမတ္တိယ ရဟန္တာမထေရ်မြတ် ဆွမ်းခံကြွလာစဉ် ဆွမ်းမလောင်းသည့်အပြင် ကန်တော့ဆွမ်းပါ-ဟု ပြောရမည်ကိုပင် ရှက်နေကြတော့၏။ 

အထက်ပါ အဖြစ်အပျက်ကို တကယ်အစစ်အမှန် အရှင်သာဋိမတ္တိယ ရဟန္တာ မထေရ်မြတ် သိသွားသောအခါ အရှင်မြတ်ကြီးသည် (မာရ်နတ်၏ လည်ပင်း၌ လူသေကောင်ပုပ်စွပ်လျက် ငါ၏ရှေ့သို့ တည်လာစေသတည်း)-ဟု အဓိဋ္ဌာန်တော်မူလိုက်သည်။ ချက်ချင်း မာရ်နတ်ရောက်လာ၏။ သူ့လည်ပင်းမှာတော့ ပုပ်ပွနံစော်နေသည့် လူသေကောင်ပုပ်ကြီးကစွပ်လျက်။

အရှင်ဘုရား...ဒီလူသေကောင်ပုပ်ကြီးကို ချွတ်ပေးတော်မူပါဘုရား၊ တပည့်တော်အပြစ်ကို တပည့်တော်ကိုယ်တိုင် တကာတကာမများထံ အိမ်ပေါက်စေ့သွားပြီး အဖြစ်မှန်ကို ပြောပြဝန်ခံပါမည်၊ တပည့်တော်အား မေတ္တာရှေ့ထား၍ သည်းခံတော်မူပါဘုရား-ဟုတောင်းပန်သဖြင့် အရှင်မြတ်ကြီးက (မာရ်နတ်၏လည်ပင်းမှ လူသေကောင်ပုပ် ကွယ်ပျောက်စေသတည်း)ဟု အဓိဋ္ဌာန်ပေးတော်မူလိုက်ရာ လူသေကောင်ပုပ်လည်း ရုတ်ချည်းပျောက်ကွယ်သွားသည်။ ထို့နောက် မာရ်နတ်အား နောင်တွင် ဤသို့မပြုလုပ်ရန် ဆုံးမပြီး ပြန်လွှတ်ပေးတော်မူလိုက်၏။ (ထေရဂါထာ တိကနိပါတ သာဋိမတ္တိယတ္ထေရဝတ္ထု)

(မာရ်နတ် မြေမျို-မမျို)
လုများ နတ်များကိုသာမက ဘုရား, ရဟန္တာများကိုပင် ဤမျှလိုက်လံနှောင့်ယှက်ဖျက်ဆီးနေသော မာရ်နတ်အား တနေ့နေ့တွင် မြေမျိုးပါမည်လော-ဟု မေးလာငြားအံ့၊ ဘဒ္ဒန္တတိလောကသာရ-၏ အောက်ပါသြဝါဒလေးကိုသာ ဗဟုသုတအဖြစ် တင်ပြလိုက်ချင်ပါသည်။

မာရ်နတ်သည် နတ်ပြည်ခြောက်ထပ်၌ အထက်ဆုံး ဝသဝတ္တီနတ်ဘုံမှဖြစ်၍ တန်ခိုးလည်း ကြီးမား၏။ တန်ခိုးကြီးမားသော အထက်နတ်ဘုံသားတို့သည် မိမိနတ်ဘုံမှအပ အခြားလူ့ပြည် စသည်တို့၌ စုတေလွန်ရသော ထုံးစံမရှိ။ မိမိ နတ်ပြည်မှာသာ စုတေရမြဲဖြစ်သည်။ ထို့ကြောင့် မာရ်နတ်သည်
မြတ်စွာဘုရားအား ပြစ်မှားသော်လည်း မြေမျိုခြင်း စသည့် လူ့ဘုံ၌ဖြစ်သော ဘေးဒုက္ခနှင့် စုတေကွယ်လွန်ရခြင်းမျိုး မဖြစ်ဟု မှတ်ရာ၏။

သို့သော် ယင်းအကုသိုလ်ကံများကြောင့် စုတေကွယ်လွန်သော် အဝီစိငရဲသို့ဖြစ်စေ, အဝီစိနှင့်အလားတူသော ငရဲသို့ဖြစ်စေ ကျရောက်ရပေလိမ့်မည်။
သာဓကမှာ ဒူသီမည်သော မာရ်နတ်သည် ဤကမ္ဘာ၌ အစဦးဆုံးပွင့်တော်မူသော ကကုသန်မြတ်စွာဘုရား၏ လက်ယာတော်ရံ အရှင်ဝိဓူရအား ဦးခေါင်းကွဲအောင် နှိပ်စက်သဖြင့် ကကုသန်မြတ်စွာဘုရားက (ဤဒူသီမာရ်နတ်သည် မိမိအတိုင်းအရှည်ကို မသိစွတကား) ဟု မိန့်တော်မူ၏။ မာရ်နတ်သည် မိမိအား မြတ်စွာဘုရား သိတော်မူပြီဟု ဝသဝတ္တီနတ်ပြည်သို့ ပြန်သွား၏။ နတ်ပြည်ရောက်၍ မကြာမီမှာပင် နတ်သက်ကြွေကာ ဆဖဿာယတနိက ငရဲကြီးဟူ၍၄င်း, သင်္ကုသမာဟတ ဟူ၍၄င်း, ပစ္စတ္တဝေဒနီယ ဟူ၍၄င်း သုံးမည်ရသော အဝီစိတမျှ ပြင်းထန်ဆိုးဝါးလှသည့် ငရဲ၌ ဖြစ်ရလေသည်။
(ဘာသာရေးပြဿနာများ အမှတ်-၁)

နောက်လဆက်ပါဦးမည်
မောင်မောင် (ဥပဒေ)
(ဂမ္ဘီရ ၂၀၀၄-၈)

ကောက်နှုတ်ဖော်ပြသည်
မော်လူး

No comments: