Thursday, October 20, 2011

ပါဒစေတီ

မြတ်စွာဘုရား၌ မည့်သည့်ပုဂ္ဂိုလ်နှင့်မျှမတူအောင် ထူးခြားသော အမှတ်အသား မဟာပုရိသလက္ခဏာတော်ကြီး ၃၂-ပါး ထင်၇ှားစွာပါရှိလာရာတွင် ဒုတိယမြောက်လက္ခဏာတော်မှာ စက္ကေနင်္ကီတ ပါဒလက္ခဏာတော်ပင်
ဖြစ်သည်။  

စက္ကေနင်္ကီတ ပါဒလက္ခဏာဟူသည် မြတ်စွာဘုရားရှင်၏ နှစ်ဖက်သောခြေဖဝါးတော်အပြင်၌ အကန့်တထောင်၊ အကွပ်တံကူ၊ ပုံတောင်းချက်မနဲ့တကွ ဖြစ်ကုန်သော ခပ်သိမ်းသောအခြင်းအရာ (၁၀၈)ကွက်တို့နှင့် ပြည့်စုံကုန်သော ဝန်းဝိုင်းသောစက်ဝန်းတို့ ဖြစ်ပေါ်လျက်ပါရှိခြင်းပင်ဖြစ်သည်။


ဗုဒ္ဓခြေတော်ရာ---
မြတ်စွာဘုရားရှင်သည် တပည့်သာဝကများ သတိသံဝေဂဖြစ်ကြစေရန်နှင့် မဂ်ဖိုလ်တရားထူးကို ရကြစေရန် ရည်သန်၍ဖြစ်စေ၊ နောင်လာနောက်သားတို့ ထာဝရဖူးမြော်နိုင်ကြစေရန် ရည်သန်လျက်
ဝေနေယျသတ္တဝါတို့၏ တောင်းပန်ချက်ကြောင့်ဖြစ်စေ အဓိဋ္ဌာန်ဖြင့် ခြေတော်ရာကို ချထားတော်မူရာ၌ အကန့်တထောင်၊ ပုံတောင်းအချက် အကွပ်တံကူနှင့် (၁၀၈)ကွက် လက္ခဏာတို့နှင့် ပြည့်စုံသောစက်ဝန်းတို့ ထင်ရှားစွာ မြင်တွေ့ကြရကြောင်း ဒေါဏသုတ် ပါဠိတော်၌ ပြဆိုထား၏။


ထိုစာပိုဒ်၌ ခြေတော်ရာဟူသည် အကန့်တထောင် အကွပ်တံကူ (အနားရေနှုတ်ခမ်းသပ်)၊ ပုံတောင်း (ဗဟိုချက်)နှင့်တကွ (၁၀၈)ကွက်လက္ခဏာတို့နှင့် ပြည့်စုံသော စက်ဝန်းပါရှိသည့် မြတ်စွာဘုရားရှင်တို့
ခြေတော်ာကွလှမ်းတော်မူ၍ ချတော်မူရာ၌ ထင်ကျန်ရစ်သော ခြေဖဝါးတော်၊ အရာတော်တို့ပင်ဖြစ်ကြောင်း ဖွင့်ဆိုပြထား၏။


ခြေတော်ရာ စက်ဝန်းလက္ခဏာတော်တန်ခိုး---
မြတ်စွာဘုရား ကြွလှမ်းတော်မူရာ အရပ်ဌာန၊ ဒေသလမ်းခရီးဟူသမျှတို့သည် နိမ့်ဝှမ်း၊ မြင့်မောက်၊ ကျင်း၊ ချိုင့်၊ အနိမ့်၊ အမြင့်ဟူ၍ မရှိစေရ။ အားလုံး ညီညာပြန့်ပြူးေချြောလျက်သာရှိ၏။ မြတ်စွာဘုရားရှင် ကြွလှမ်းစဉ် နိမ့်သောချိုင့်ဝှမ်းကျင်းနေရာအရပ်သည် မြင့်တက်လာရ၏။ မြင့်မောက်သောအရပ်သည်ကား ညီညာပြန့်ပြူးပေးရသည်။ 


ထို့အပြင် လမ်းပေါ်မှာရှိသော ဆူး၊ ငြောင့်၊ ခလုတ်ကန်သင်း၊ ကျောက်စရစ်ခဲ၊ အိုးခြမ်းကွဲတို့သည်၎င်း၊ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေး စသော အညစ်အကြေး၊ အမှိုက်သရိုက်တို့သည်၎င်း မြတ်စွာဘုရားရှင် ကြွမြန်းရန် ခြေတော်မချမီကပင် ဖယ်ခွါရှောင်ပေး အဝေးသို့လွင့်ပြေးကြရသည်။ ဤကား ခြေဖဝါးတော်၌ပါရှိသော စက်လက္ခဏာတော်၏ အစွမ်းပင်တည်း။


ခြေတော်ရာ သဘာဝ---
မြတ်စွာဘုရားရှင်၏ ခြေတော်ရာသဘာဝမှာ ဘုရားရှင်ကိုယ်တိုင် ရည်ညွှန်းသည့်ပုဂ္ဂိုလ်ကို
ခြေတော်ရာမြင်စေရန်အတွက် အဓိဋ္ဌာန်ကာ ခြေတော်ကိုချမှသာ ခြေတော်ရာသည် မြေပြင်ပေါ်တွင်၎င်း၊
ကျောက်ပြင်ပေါ်တွင်၎င်း ထင်ပေါ်လေ့ရှိ၏။


ဘုရားရှင်ကိုယ်တော်တိုင် အဓိဋ္ဌာန်ပြီး ခြေတော်ရာမချပါက မြေပြင်ပေါ်တွင် ခြေတော်ရာမထင်ကျန်ဘဲ ရှေ့ကသွား နောက်က အလိုလိုပျောက်ကွယ်သွားလေသည်။ သို့သော် တစုံတရာ အကြောင်းထူးရှိသည့်အခါတွင် အဓိဋ္ဌာန်ဖြင့် ဘယ်ပုဂ္ဂိုလ်မြင်ပါစေ၊ တွေ့ပါစေဟု ဆို၍ တကူးတကချပေးသော ခြေတော်ရာသည်သာ ထင်ကျန်ရစ်ခြင်းဖြစ်၏။ ထိုထင်ကျန်ရစ်ခဲ့သော ခြေတော်ရာသည် မိုးကြီးသည်းထန်စွာ ရွာသွန်းသော်လည်း မြတ်စါာဘုရားရှင် ရည်ညွှန်းသည့်ပုဂ္ဂိုလ် မမြင်မချင်း ပျောက်ကွယ်ပျက်စီးသွားခြင်း မရှိ။ မည်မျှပင်ကြီးကျယ်သော ဟာရီကိန်းမုန်တိုင်းသော်၎င်း, မာလာမုန်တိုင်းသော်၎င်း, ဝေရမ္ဘလေသော်၎င်း,
ပြင်းထန်စွာတိုက်ခတ်သော်လည်း ခြေတော်ရာမှာ ပျက်စီးသွားခြင်းမရှိ။


ထို့အပြင် ပျက်စီးစေလိုသောပုဂ္ဂိုလ်တွေအနေနဲ့ ခြေတော်ရာကို တမင်ပျက်စေရန်အလို့ငှါ ကျွဲ၊ နွား၊ တိရစ္ဆာန်၊ လက်ါနက်မျိုးစုံဖြင့် ဖျက်ဆီးသော်လည်း ပျောက်ပျက်သွားခြင်း မရှိချေ။ ဤသည်ကား ခြေတော်ရာ၏ သဘာဝပင်တည်း။


အဓိဋ္ဌာန်ပြုခဲ့ရာ ခြေတော်ရာ (၈)ဌာန---
ဘုရားရှင်၏ခြေတော်ရာသည် အထက်တွင်ရေးသားဖော်ပြခဲ့သည့်အတိုင်း ခြေတော်ချတိုင်း ထင်ကျန်ရစ်သည် မဟုတ်ပေ။ ခြေတော်ရာထင်ကျန်ရစ်မှုသည် ဘုရားရှင်က အဓိဋ္ဌာန်ပြုမှသာ ထင်ကျန်ရစ်ခြင်းဖြစ်သည်။ အဓိဋ္ဌာန်မှု မပြုလျှင် ထင်ကျန်ရစ်ခြင်းမရှိချေ။ အဓိဋ္ဌာန်ပြုပြီး ခြေတော်ရာ ထင်ကျန်ရစ်မှုကိုလည်း တစုံတရာအကြောင်းထူးရှိမှသာ ဘုရားရှင်က ပြုတော်မူခြင်းဖြစ်၏။ 


စာပေကျမ်းဂန်တို့၌ ဘုရားရှင်အဓိဋ္ဌာန်ပြုပြီး ခြေတော်ရာချသောနေရာ (၈)ဌာနကို ဤသို့ပြဆိုထားလေသည်။ ၄င်းတို့မှာ-
(၁) ဒေါဏပုဏ္ဏားကြီး မြင်တွေ့စေရန် သက္ကဋ္ဌမြို့နှင့် သေတဗျမြို့တို့၏အကြား လမ်းခရီးအရပ်ဌာန။
(၂) မာဂဏ္ဍီပုဏ္ဏား ဇနီးမောင်နှံတို့ မြင်တွေပစေရန် ကမ္မာသဒမ္မနိဂုံးရွာကြီးနှင့် တောအုပ်အကြား လမ်းခရီးအရပ်ဌာန။
(၃) ကုက္ကဋမိတ္တ မုဆိုးသားအဖတို့ မြင်တွေ့စေရန် ရာဇဂြိုဟ်မြို့အနီး တောအုပ်အတွင်း၌ ထောင်ထားအပ်သော ကျော့ကွင်းနီး အရပ်ဌာန။
(၄) အဇိတ စသော ရသေ့တို့ မြင်တွေပစေ၇န် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်အတွင်း ဂန္ဓကုဋီကျောင်းအနီး အရပ်ဌာန။
(၅) အရှင်သာရိပုတ္တရာမထေရ် မြင်တွေ့စေရန် ဟိမဝန္တာရှိ တခုသော တောင်ဝှမ်းအတွင်း အရပ်ဌာန။
(၆) သုမနနတ်မင်း၏ တောင်းပန်ချက်အရ သီဟိုဠ်ကျွန်း သမန္တကူဋသုမနတောင်ပေါ် အရပ်ဌာန။ 
(၇) နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်အရ သုနာပရန္တတိုင်း နမ္မဒါမြစ်ကမ်းနား အရပ်ဌာန။
(၈) သစ္စဗန္ဓ ရဟန္တာမထေရ်၏ တောင်းပန်ချက်အရ သစ္စဗန္ဓတောင်ပေါ် ကျောက်ဖျာအရပ်ဌာန စသည်တို့ပင်ဖြစ်၏။


မှတ်ချက်။ 
ဘုရားရှင်ခြေတော်ချခဲ့ရာ (၈)ဌာနဖြစ်သော်လည်း (၅)ဌာနတွင်ရှိသော ခြေတော်ရာမှာ ဒေါဏပုဏ္ဏား စသောမြင်တွေ့စေချင်သည့် ပုဂ္ဂိုလ်တို့ မြင်တွေ့ပြီး အကျိုးကိစ္စများ ပြီးစီးပြီဖြစ်၍ အလိုအလျောက် ပျောက်ကွယ် သွားကြပြီး ကျန်(၃)ဌာနတွင်ရှိသော ခြေတော်ရာကိုမူ ယနေ့ထက်တိုင် ဖူးမြင်ကြရ၏။
နမ္မဒါနဂါးမင်း တောင်းပန်ချက်အရ ချတော်မူသော ခြေတော်ရာမှာ  မန်းစက်တော်ရာရှိ
အောက်စက်တော်ရာဖြစ်ပြီး သစ္စဗန္ဓရဟန္တာမထေရ် တောင်းပန်ချက်အရ ချတော်မူသော ခြေတော်ရာမှာ မန်းစက်တော်ရာဘုရားရှိ အပထက်စက်တော်ရာ (စေတီငုံ၍ တည်ထားရာ) တို့ ဖြစ်သည်။
(စာရေးသူ)


စေတီထိုက်သော ခြေတော်ရာ---
မြတ်စွာဘုရား၏ ခြေတော်ရာတို့ကား ပါဒစေတီဟူ၍ မည်တွင်သည့်အပြင် ဘုရားရှင်အဓိဋ္ဌာန်ဖြင့် ချတော်မူခဲ့သော ပူဇော်ဖွယ်ဝတ္ထုဖြစ်၍ ပရိဘောဂစေတီလည်း ထိုက်ပေသည်။ ဘုရားရှင်၏ မူလခြေတော်ရာကို ရည်မှန်း၍ တူနိုင်သမျှ တူအောင် ထုလုပ်ပူဇော်ထားသော ခြေတော်ရာပွာတို့သည်ကား ဥဒ္ဒိဿစေတီ ထိုက်ပေသည်။

မြတ်စွာဘုရားရှင်သည် သုမနနတ်မင်း၊ နမ္မဒါနဂါးမင်းနှင့် သစ္စဗန္ဓရဟန္တာမထေရ်တို့ တောင်းပန်ချက်အရ အမြဲထာဝရ ဖူးမြော်နိုင်ကြရန် ခြေတော်ရာတို့ကို ချတော်မူခဲ့သည်-ဟူသော အထိမ်းအမှတ်အဖြစ်
ရှေးဆရာတော်ကြီးများ၊  ဘုရားဒါယကာ၊ ဒါယိကာမများ၊ ဂေါပကလူကြီးတို့သည် မြန်မာပြည်အနှံ့ စေတီပုထိုး၊ ဘုရားတန်ဆောင်း၊ ကျောင်းကန်အတွင်းနှင့် တော်ငပေါ်အရပ်ဒေသဌာနတို့၌ စကျင်ကျောက်ကို ထုလုပ်ပူဇော်လျက် ခြေတော်ရာ ပါဒစေတီတို့ကို တည်ထားခဲ့ကြလေသည်။
လိုဏ်ဂူတို့၌မူ မုခ်ဝအတွက် အဝင်အဝတွင် နံရံဆေးဖြင့် ရေးခြယ်လျက် ပါဒစေတီကို ပူဇော်ကြ၏။

ရတနာဗုဒ္ဓခြေတော်ရာ ပါဒစေတီ---
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် လှရတနာကျောင်းသို့
ရောက်ရှိသွားပါက ကျောက်မျက်ရတနာမျိုးစုံဖြင့် ပြုလုပ်ထားသော ဗုဒ္ဓခြေတော်ရာကို ဖူးတွေ့နိုင်ကြပေလိမ့်မည်။ 


ဗုဒ္ဓခြေတော်ရာကို ကျောက်မျက်ရတနာမျိုးစုံဖြင့် ပြုလုပ်ကြရာတွင် ပထမဆုံးဖြစ်သော ရတနာဗုဒ္ဓခြေတော်ရာ၏ အရွယ်ပမာဏမှာ ၃-ပေ ၉-လက်မ၊ အနံ ခြေဖျားတော် ၂၁-လက်မ၊ ခြေဖဝါးတော် ၂၀-လက်မ၊ ခြေဖနောင့်တော် ၁၇-လက်မ ဖြစ်ပေသည်။ ထိုဗုဒ္ဓခြေတော်ရာ ရတနာပါဒစေတီသည်ကား
ခြေတော်ရာ ဘယ်ညာ ၂-မျိုးတွင် မြန်မာပြည်၌ ချတော်မူခဲ့သော ဘယ်ခြေတော်ရာဖြစ်၏။ 
၁၀၈-ကွက် ရေတွက်နည်းမူ အမျိုးမျိုးတွင် တောင်ခွင်သာသနာပိုင်နှင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး တို့၏ တိပိဋက မဟာဗုဒ္ဓဝင် ကျမ်းလာမူဖြစ်သည်။ ၁၀၈-ကွက်ထားနည်း ၂-မျိုးတွင် စက်ဝန်းအဝိုင်း၏ အပြင်ဘက်မှ လက်ယာရစ် ခရုပတ်လှည့်ပတ်၍ ပြထားသည်။


သင်္ကဿနဂိုရ်မြို့မှ ဗုဒ္ဓခြေတော်ရာ---
သင်္ကဿနဂိုရ်မြို့သည် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားအား အမှူးထား၍ နတ် ဗြဟ္မာတို့အား အဘိဓမ္မာတရားကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူပြီး မဟာသက္ကရာဇ် (၁၀၉)ခုနှစ် သီတင်းကျွတ်လပြည့် (မဟာပဝါရဏာ)နေ့၌ နတ်ပြည်မှ ရွှေ-ငွေ-ပတ္တမြား
စောင်းတန်းသုံးသွယ်ခြင့် နတ်-ဗြဟ္မာများ ခြံရံကာ လူ့ပြည်သို့ သက်ဆင်းကြွရောက်တော်မူရာ
နေရာဌာနဖြစ်၏။ 

တနည်းအားဖြင့် မြတ်စွာဘုရားရှင် လူ့ပြည်သို့ ပတ္တမြားစောင်းတန်းမှ ပြန်လည်ဆင်းသက် ကြွရောက်တော်မူကာ ပတ္တမြားစောင်းတန်းဦးမှ ပထမဦးစွာ လက်ယာခြေတော်ကို ချတော်မူခဲ့သော နေရာဌာန မြို့တံခါးဝပင်တည်း။
မှတ်ချက်။ ။ စာပေ၊ ကျမ်းဂန်တို့တွင် ဘုရားရှင်သည် သင်္ကဿနဂိုရ် မြို့တံခါးအရပ်၌ ရှေးဦးစွာ လက်ယာခြေတော်ချတော်မူကြောင်းကိုသာ ပြဆိုထားသော်လည်း ခြေတော်ရာထင်ကျန်ရစ်သည်ဟူ၍ မပြဆိုခဲ့ပေ။ (စာရေးသူ)


ခြေတော်ရာပါဒစေတီ ရှိခိုးနည်း---
(ဒေါင်းကျောင်းဆရာတော်၏ လင်္ကာ)
သူ့ချမ်းသာဆောင်၊ မကြောက်အောင်ရွယ်၊ စောင့်ရှောက်ကယ်၍၊ ဖွယ်ရာခြံရံ၊ လှူဒါနံကြောင့်၊ ဝန်းရံပတ်လျက်၊ ရာရှစ်ကွက်ဖြင့်၊ မြချက်ပုံတောင်း၊ အကွပ်ဆောင်း၍၊ ထောင်ပေါင်းအကန့်၊ ရှင်းသန့်ပြတ်သား၊ ခြေတော်ဖဝါး၌၊ ကြီးမားတေဇာ၊ စက်တော်ရတနာ၊ လက္ခဏာဖြင့်၊ မကွာခစား၊ ထံတော်ပါးဝယ်၊ များသောအခြံအရံ၊ ရှိတော်မူသော မြတ်စွာဘုရား...မြတ်စွာဘုရား။


ကိုးကွယ်ပူဇော်ရကျိုးများ---
ဗုဒ္ဓခြေတော်ရာကို တည်ထားကိုးကွယ်သူများ၊ ပန်း၊ နံ့သာတို့ဖြင့် လှူဒါန်းပူဇော် ရှိခိုးသူများသည် အခြံအရံပရိသတ် ပေါများခြင်း၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းဟု ဆိုအပ်သော ပကတိခရီးသွားလာရာ၌ ဘေးအန္တရာယ်ကင်းခြင်း၊ ဘဝသံသရာခရီးသွားလာရ၌ အပါယ်လေးပါး မကျနိုင်ခြင်း၊ နိဗ္ဗာန်မရောက်မီ လူအဖြစ်၊ နတ်အဖြစ်တို့၌သာ စုန်ဆန်ကျင်လည်ရခြင်း၊ ရုပ်ရည်အဆင်းလှပတင့်တယ်ခြင်း၊ စကြဝတေးမင်း ဖြစ်နိုင်ခြင်း၊ နောက်ဆုံးဘဝ၌ အာသဝေါကုန်ခန်းသော ရဟန္တာအဖြစ်သို့ ရောက်ရှိခြင်း စသော အကျိုးများကို ရရှိနိုင်ပါသည်။


ခြေတော်ရာစက်လက္ခဏာ ပုတီးစိပ်ခြင်း အကျိုးများ---
(၁၀၈)ကွက်ရှိသော ဗုဒ္ဓစက်လက္ခဏာတော်ကို (၁၀၈)လုံးပါရှိသော စိပ်ပုတီးကုံးဖြင့် ပါဠိဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာဖြင့် ဖြစ်စေ ရွတ်ဆိုကာ ပုတီးစိပ်နိုင်၏။ သမာဓိရလွယ်သော ပုတီးစိပ်နည်းဖြစ်သည့်အပြင် အလွန်အကျိုးများလှပေသည်။


ဥပမာအားဖြင့် ပါဠိဘာသာဖြင့် ပုတီးစိပ်မည်ဆိုပါက 
သတ္တိစက်-ပုတီးတလုံးချ၊ 
သီရိဝစ္ဆစက်-ပုတီးတလုံးချ၊ 
နိန္ဒိယာဝဋ္ဋစက်-ပုတီးတလုံးချ၊
စသည်ဖြင့် စိပ်နိုင်ပြီး

မြန်မာဘာသာဖြင့် ရွတ်ဆိုစိပ်လိုပါက
လှံမပုံပုတီးတလု့းချ၊
အိမ်မွန်ပုံ-ပုတီးတလုံးချ၊
ဇလပ်ပန်းပုံ-ပုတီးတလုံးချ နည်းဖြင့် ပုတီးတပတ် (၁၀၈)လုံး၊ စက်လက္ခဏာတော် (၁၀၈)ကွက် အပြီးစိပ်သွားနိုင်ပေ၏။

စက်လက္ခဏာတော်ကို ပုတီးစိပ်ခြင်းဖြင့် 
(၁) အခြံအရံ ပေါများခြင်း။
(၂) ခရီးသွားလာရာ၌ ဘေးအန္တရာယ် ကင်းခြင်း။
(၃) ဂြိုဟ်စီး ဂြိုဟ်နင်း အတိုက်အခိုက်ဆိုးများ အန္တရာယ်ဆိုးများ ပြေပျောက်စေခြင်း။
(၄) စက်က္ခဏာတို့ကို ကျက်မှတ်ရါတ်ဆို ပုတီးစိပ်စဉ် စကြဝတေးမင်းကဲ့သို့ ဟိတ်ဟန်တို့ပြည့်စုံစေခြင်း။
(၅) စက်လက္ခဏာ တကွက်စီမှာရှိသော သိဒ္ဓိဓာတ်များ ရရှိစေနိုင်ခြင်း။
(၆) စက်လက္ခဏာကို ရွတ်ဆိုကျင့်ကြံ ပူဇော်သူများအား ခြေတော်ရာစက်ကို စောင့်ရှောက်သော နတ်နဂါးများက ကြည့်ရငစောင့်ရှောက်ခြင်း။
(၇) အပါယ်လေးပါး မကျနိုင်ခြင်း။
(၈) နိဗ္ဗာန်သို့မရောက်မီ လူ့ပြည် နတ်ပြည်တို့၌သာလျှင် စုန်ဆန်ကျင်လည်ရခြင်း။
(၉) စကြဝတေးမင်း ဖြစ်နိုင်ခြင်း။
(၁၀) နော်ကဆုံးဘဝ၌ အာသဝေကုန်ခန်းသော ရဟန္တာအဖြစ်သို့ ရောက်ရှိနိုင်ခြင်း---
စသော အကျိုးများကို ရရှိနိုင်ပါသည်။


သို့ကြောင့် စာဖတ်ပရိသတ်၊ ဓမ္မမိတ်ဆွေများအတွက် စက်လက္ခဏာတော်ဖြင့် ပုတီးစိပ်၍ အဓိဋ္ဌာန်ပြုနိုင်ကြ စေရန် ပါဠိနှင့် မြန်မာဘာသာ တွဲကာ စက်လက္ခဏာတော်များအား ဆက်လက်ရေးသား ဖော်ပြလိုက်ရပေ၏။


စက်လက္ခဏာတော်များ---
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ နှစ်ဖက်သော ခြေဖဝါးတော်အပြင်တို့၌ တထောင်သော အကန့်၊ အကွက် အကွပ်တံကူ၊ ပုံတောင်းချက်မနှင့်တကွ ဖြစ်ကုန်သော၊ ခပ်သိမ်းသောအခြင်းအရာတို့နှင့်
ပြည့်စုံကုန်သော (၁၀၈)ကွက် စက်လက္ခဏာများမှာ---
(၁) သတ္တိစက်-လှံမပုံ။
(၂) သီရိဝစ္ဆစက်-အိမ်မွန်ပုံ။
(၃) နန္ဒိယာဝဋ္ဋစက်-ဇလပ်ပန်းပွင့်ပုံ။
(၄) သောဝတ္တိကစက်-လည်ရေးသုံးဆင့်ပုံ။
(၅) ဝဋံသကစက်-ဦးဆောက်ပန်းပုံ။
(၆) ဝဍ္ဎမာနကစက်-ထမင်းပွဲပုံ။
(၇) ဘဒ္ဒပီဌစက်-အင်းပျဉ်ဝန်း (ခေါ်) ရွှေသလွန်တော်ပုံ။
(၈) အင်္ကုသစက်-ချွန်းတောင်းပုံ။
(၉) ပါသာဒစက်-ပြာသာဒ်ပုံ။
(၁၀) တောရဏစက်-တံခါးတိုင်ပုံ။
(၁၁) သေတစ္ဆတ္တစက်-ထီးဖြူပုံ။
(၁၂) ခဂ္ဂစက်-သန်လျက်ပုံ။
(၁၃) တာလဝဏ္ဋစက်-ထန်းရွက်ယပ်ဝန်းပုံ။
(၁၄) မယူရဟတ္ထစက်-ဥဒေါင်းမြီးယပ်ပုံ။
(၁၅) ဥဏှီသစက်-သင်းကျစ်ပုံ။
(၁၆) မဏိစက်-ပတ္တမြားပုံ။
(၁၇) ပတ္တစက်-သပိတ်ပုံ။
(၁၈) သုမနဒါမစက်-မြတ်လေးပန်းဆိုင်းပုံ။
(၁၉) နီလုပ္ပလစက်-ကြာညိုပန်းပုံ။
(၂၀) ရတ္တုပ္ပလစက်-ကြာနီပန်းပုံ။
(၂၁) သေတုပ္ပလစက်-ကြာဖြူပန်းပုံ။
(၂၂) ပဒုမစက်-ပဒုမ္မာကြာပန်းပုံ။ 
(၂၃) ပုဏ္ဍရိကစက်-ပုဏ္ဍရိက်ကြာပန်းပုံ။
(၂၄) ပုဏ္ဏဃဋစက်-ရေပြည့်အိုးပုံ။
(၂၅) ပုဏ္ဏပါတိစက်-ရေဖြည့်ဖလားပုံ။
(၂၆) သမုဒ္ဒစက်-သမုဒ္ဒရာပုံ။
(၂၇) စက္ကဝါဠပဗ္ဗတစက်-စကြဝဠာတောင်ပုံ။
(၂၈) ဟိမဝန္တပဗ္ဗတစက်-ဟိမဝန္တာတောင်ပုံ။
(၂၉) မေရုပဗ္ဗတစက်-မြင်းမိုရ်တောင်ပုံ။
(၃၀) သူရိယမဏ္ဍလစက်-နေဝန်းပုံ။
(၃၁) စန္ဒမဏ္ဍလစက်-လဝန်းပုံ။
(၃၂) နက္ခတ္တာနိစက်-နက္ခတ်တာရာများပုံ။
(၃၃) ပုဗ္ဗဝိဒေဟစက်-အရှေ့ကျွန်းပုံ။
(၃၄) အပရဂေါယာနစက်-အနောက်ကျွန်းပုံ။
(၃၅) ဇမ္ဗုဒီပစက်-ဇမ္ဗူဒိပ်တောင်ကျွန်းပုံ။
(၃၆) ဥတ္တရကုရုစက်-မြောက်ကျွန်းပုံ။
(၃၇) စက္ကဝတ္တိစက်-စကြဝတေးမင်းပုံ။
(၃၈) ဒက္ခိဏဝဋ္ဋသင်္ခစက်-လက်ယာရစ်ခရုသင်းအဖြူပုံ။
(၃၉) သုဝဏ္ဏမစ္ဆယုဂဠစက်-ရွှေငါးကြင်းအစုံပုံ။
(၄၀) စက္ကာဝုဓစက်-စက်လက်နက်ပုံ။
(၄၁) လဝဏသီတာစက်-ဆားငန်ရည်သီတာပုံ။
(၄၂) ဥစ္ဆုသီတာစက်-ကြံရည်ချိုသီတာပုံ။
(၄၃) သုရာသီတာစက်-သေရည်သီတာပုံ။
(၄၄) သာဓိသီတာစက်-အမငခပ်သိမ်းပြီးသောသီတာပုံ။
(၄၅) ဒဓိသီတာစက်-နို့ဓမ်းသီတာပုံ။
(၄၆) ဒုဒ္ဓသီတာစက်- နို့ရည်သီတာပုံ။
(၄၇) ဇလသီတာစက်-ရေချိုသီတာပုံ။
(၄၈) ယုဂန္ဓရစက်-ယုဂန္ဓရတောင်ပုံ။
(၄၉) ဣသန္ဓရစက်-ဣသန္ဓရတောင်ပုံ။
(၅၀) ကရဝိကစက်-ကရဝိကတောင်ပုံ။
(၅၁) သုဒဿနစက်-သုဒဿနတောင်ပုံ။
(၅၂) နေမိန္ဓရစက်-နေမိန္ဓရတောင်ပုံ။
(၅၃) ဝိတနကစက်-ဝိတနကတောင်ပုံ။
(၅၄) အဿကဏ္ဏစက်-အဿကဏ္ဏတောင်ပုံ။
(၅၅) အနောတတ္တစက်-အနောတတ္တရေအိုင်ပုံ။
(၅၆) ကဏ္ဏမုဏ္ဍစက်- ကဏ္ဏမုဏ္ဍရေအိုင်ပုံ။
(၅၇) ရထကာရစက်-ရထကာရရေအိုင်ပုံ။
(၅၈) ဆဒ္ဒန္တစက်-ဆဒ္ဒန္တရေအိုင်ပုံ။
(၅၉) ကုဏာလစက်-ကုဏာလရေအိုင်ပုံ။
(၆၀) မဏ္ဍကိနီစက်-မဏ္ဍကိနီရေအိုင်ပုံ။
(၆၁) သီဟပ္ပပါတစက်-သီဟပ္ပပါတရေအိုင်ပုံ။
(၆၂) သုပဏ္ဏရာဇာစက်-ဂဠုန်မင်းပုံ။
(၆၃) သံသုမာရစက်-မိကျောင်းမင်းပုံ။
(၆၄) ဓဇောစက်-တံခွန်လျားပုံ။
(၆၅) ပဋာကစက်-တံခွက်ကုက္ကားပုံ။
(၆၆) သုဝဏ္ဏသိဝိကာစက်-ရတနာသန်လျင်ပုံ။
(၆၇) သုဝဏ္ဏဝါဠဗီဇနီစက်-ရွှေစာမရီသားမြီးယပ်ပုံ။
(၆၈) ကေလာသပဗ္ဗတစက်-ကေလာသငွေတောင်ပုံ။
(၆၉) သီဟရာဇာစက်-ခြင်္သေ့မင်းပုံ။
(၇၀) ဗျဂ္ဃရာဇစက်-ကျားမင်းပုံ။
(၇၁) ဝလာဟကအဿရာဇာစက်-ဝလာဟကမြင်းပျံပုံ။
(၇၂) ဥပေါသထဆဒ္ဒန္တ ဟတ္ထိရာဇာစက်-ဥပေါသထ ဆဒ္ဒန်ဆင်မင်းပုံ။
(၇၃) ဗာသုကီနာဂရာဇာစက်-ဗာသုကီနဂါးမင်းပုံ။
(၇၄) ဟံသရာဇာစက်-ဟင်္သာမင်းပုံ။
(၇၅) ဥသဘရာဇာစက်-နွားလားဥသဘမင်းပုံ။
(၇၆) ဧရာဝဏဟတ္ထိရာဇာစက်-ဧရာဝဏ်ဆင်မင်းပုံ။
(၇၇) သုဝဏ္ဏမကာရစက်-ရွှေမကာရ်းပုံ။
(၇၈) သုဝဏ္ဏနာဝါစက်-မုခ်ဦးလေးခုရှိသော ရွှေလှေပုံ။
(၇၉) ဗြဟ္မရာဇာစက်-ဗြဟ္မာမင်းပုံ။
(၈၀) သဝစ္ဆကာဓေနုစက်-နို့တိုက်နေသော နွားသားအမိပုံ။
(၈၁) ကိံပုရိသ ကိံပုရိသီစက်-ကိန္နရာအဖိုနှင့် ကိန္နရာအမပုံ။
(၈၂) ကရဝိကရာဇာစက်-ကရဝိက်ငှက်မင်းပုံ။
(၈၃) မဟူရရာဇာစက်-ဥဒေါင်းမင်းပုံ။
(၈၄) ကောဉ္စရာဇာစက်-ကြိုးကြာငှက်မင်းပုံ။
(၈၅) စက္ကဝါကရာဇာစက်-စက္ကဝါငှက်မင်းပုံ။
(၈၆) ဇီဝ ဇီဝက ရာဇာစက်-ဇီဝဇိုးငှက်မင်းပုံ။
(၈၇) စတုမဟာရာဇိကာစက်-စတုမဟာရာဇ်နတ်ဘုံပုံ။
(၈၈) တာဝတိံသာစက်-တာဝတိံသာနတ်ဘုံပုံ။
(၈၉) ယာမာစက်-ယာမာနတ်ဘုံပုံ။
(၉၀) တုသိတာစက်-တုသိတာနတ်ဘုံပုံ။
(၉၁) နိမ္မာနရတီစက်-နိမ္မာနရတီနတ်ဘုံပုံ။
(၉၂) ပရနိမ္မိတဝသဝတ္တီစက်-ပရနိမ္မိတဝသဝတ္တီနတ်ဘုံပုံ။
(၉၃) ဗြဟ္မပါရိသဇ္ဇာစက်-ပါရိသဇ္ဇာဗြဟ္မာဘုံပုံ။
(၉၄) ဗြဟ္မပုရောဟိတာစက်-ပုရောဟိတ်ဗြဟ္မာဘုံပုံ။
(၉၅) မဟာဗြဟ္မာစက်-မဟာဗြဟ္မာဘုံပုံ။
(၉၆) ပရိတ္တာဘာစက်-ပရိတ္တာဘာဗြဟ္မာဘုံပုံ။
(၉၇) အပ္ပမာဏာဘာစက်-အပ္ပမာဏာဘာဗြဟ္မာဘုံပုံ။
(၉၈) အာဘဿရာစက်-အာဘဿရာဗြဟ္မာဘုံပုံ။
(၉၉) ပရိတ္တသုဘာစက်-ပရိတ္တသုဘာဗြဟ္မာဘုံပုံ။
(၁၀၀) အပ္ပမာဏသုဘာစက်-အပ္ပမာဏသုဘာဗြဟ္မာဘုံပုံ။
(၁၀၁) သုဘကိဏှာစက်-သုဘကိဏှာဗြဟ္မာဘုံပုံ။
(၁၀၂) ဝေဟပ္ဖလာစက်-ဝေဟပ္ဖလာဗြဟ္မာဘုံပုံ။
(၁၀၃) အသညသတ္တာစက်-အသညသတ်ဗြဟ္မာဘုံပုံ။
(၁၀၄) အဝိဟာစက်-အယိဟာဗြဟ္မာဘုံပုံ။
(၁၀၅) အတပ္ပာစက်-အတပ္ပာဗြဟ္မာဘုံပုံ။
(၁၀၆) သုဒဿာစက်-သုဒဿာဗြဟ္မာဘုံပုံ။
(၁၀၇) သုဒဿီစက်-သုဒဿီဗြဟ္မာဘုံပုံ။
(၁၀၈) အကနိဋ္ဌာစက်-အကနိဋ္ဌာဗြဟ္မာဘုံပုံ။


ခြေတော်ရာတန်ခိုးဖြင့် ပြည့်ဖြိုးကြပါစေ။
ရွှေတလေး(လွယ်လင်) 


ကျမ်းကိုး။
၁။ ၂၀၀၆-ခုနှစ် ဒီဇင်ဘာလထုတ် ဘဒ္ဒန္တနာရဒါဘိဝံသ (လှ၇တနာ)၏ သင်္ကဿနဂိုရ်၊ ဗုဒ္ဓခြေတော်ရာ ဓမ္မဒါနစာအုပ်။
၂။ စာရေးသူ ရှာဖွေလေ့လာသော မန်းစက်တော်ရာသမိုင်း မှတ်တမ်း။


(ဂမ္ဘီရ ၂၀၀၇-၁၂)







No comments: