Saturday, October 22, 2011

ပဗ္ဗာဇနိယ ကမ္မဝါစာ နှင့် ပြိတ္တာမျိုးနွယ် တစ္ဆေသရဲ အနှောင့်အယှက်များ (၆)

ကမ္မဝါ ပါဠိ၌လာသော အနှောင့်အယှက်များ---
ပဗ္ဗာဇနိယ ကမ္မဝါစာ မူရင်းပါဠိတွင် “ဣမေ အမနုဿာ ယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂါ၊ စဏ္ဍာ၊ ရုဒ္ဓါ၊ ရဘသာ၊ အဒယာလုကာ၊ ဝိဟေသကာ”ဟု ဖော်ပြထားပေရာ ပေါ့ပေါ့တန်တန် သဘောထား၍မဖြစ်ပေ။ လူတို့ကို ခြောက်လှန့် ဒုက္ခဖြစ်စေတတ်သော မကောင်းဆိုးဝါးများသာဖြစ်၏။ 

ထိုပါဠိပုဒ်အား အနက်ပေးကြည့်လျှင် ပို၍ အဓိပ္ပါယ်ပေါက်ပေမည်။ အနက်ထွက်ရှိပုံမှာ---
စဏ္ဍာ-ကြမ်းတမ်းကုန်သော၊
ရုဒ္ဓါ-ကုသိုလ်တရားတို့ကို ဆို့ပိတ်တတ်ကုန်သော၊
ရဘသာ-မကောင်းမှုအကုသိုလ် ဒုစရိုက်တရားကို အားထုတ်တတ်ကုန်သော၊
အဒယာလုကာ-သနားခြင်း ကရုဏာ အလွန်ကင်းကုန်သော၊ 
ဝိဟေသကာ-သတ္တဝါတို့အား ရက်ရက်စက်စက် မညှာမတာ နှိပ်စက်တတ်ကုန်သော၊
အမနုဿာ-လူဇာတ်စစ်စစ် မဟုတ်ကုန်သော၊

ထိုမကောင်းဆိုးဝါးကောင်များ၏ သဘောသကန်မှာ ကြမ်းတမ်းပါသည်။ ကြမ်းတမ်းသည့်အပြင် ကုသိုလ်လုပ်ရာမှာလည်း ပိတ်ဆို့တတ်သည့် သဘောရှိပြီး မကောင်းမှုဒုစရိုက်ဘက်မှာသာ သူတို့ မွေ့ပျော်တတ်ပါသည်။ ထိုမကောင်းဆိုးဝါးတို့မှာ အဒယာလုကာ-ပုဒ်အရ သနားခြင်းကရုဏာ အလွန်အမင်း ကင်းမဲ့ကြပေသည်။ 

နောက်ပြီး ရက်ရက်စက်စက် မညှာမတာ  နှိပ်စက်လေ့ရှိ၍ သူတို့သည် လူဇာတ်စစ်စစ် မဟုတ်ကြရကား လက်ဦးမှုရလျှင် အသက်ဇီဝိန်ကိုပင် မညှာမတာ ခြွေခွင်းနိုင်ကြသည်ကို တွေ့ရ၏။

တဖန် ကမ္မဝါစာပါဠိတွင် လူမဟုတ်သည့် အခြောက်အလှန့်တို့ကို ဖွင့်ပြဆိုခဲ့ရာ “ယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂါ”ဟု အတိအကျ ပြဆိုခဲ့ပါသည်။ ထိုပါဠိ၏အဓိပ္ပါယ်မှာ “ဘီလူး၊ ဂန္ဓဗ္ဗနတ်၊ နဂါး၊ အစိမ်းသရဲ၊ သင်းကွဲပြိတ္တာ၊ လူကို ဖမ်းစားတတ်သော တစ္ဆေ၊ မြေဖုတ်ဘီလူး နတ်ဘီလူး၊ နတ်မိစ္ဆာဟူသမျှ”ကို ဖော်ညွှန်းခဲ့သဖြင့် လူတို့အနီးဝန်းကျင်တွင် နေထိုင်တတ်ကြသော မကောင်းဆိုးဝါးကောင်များကို သတိပြု၍နေထိုင်မှ တန်ကာကျပါမည်။ မြို့ရွာများ၌ အထိတ်တလန့် ဖြစ်စေတတ်သည့် အခြောက်အလှန့်များ၊ ကပ်ရောဂါများ ကြုံတွေ့ရလျှင် ရဟန်းသံဃာတော်များအား ဖိတ်မန္တကပြုပြီး အရေးကြီးသော “ပဗ္ဗာဇနိယ ကမ္မဝါစာ”ကို အလေးအနက် ရွတ်ဖတ်စေပြီးနာယူကြည်ညိုကြလေ့ရှိပါသည်။ ထိုသို့ အန္တရာယ်ကင်းလိုက်မှသာ ထူးခြားမှုရှိပြီး စိတ်နှလုံး ရွှင်ပြုံးကြည်သာ ရှိကြသည်မှာ ကမ္မဝါစာ၏ လက်ငင်းကောင်းကျိုးသာဖြစ်၏။

ကမ္မဝါစာနှင့် မန္တလေး---
(၁၉၃၇)ခုနှစ်တွင် မန္တလေးမှာ ပလိပ်ရောဂါဘေးဆိုးကြီး ကျရောက်ပြီး လူပေါင်းများစွာ သေဆုံးခဲ့ရ၏။
 လူသေတွေ ထူထပ်လာခဲ့ရာမှ မြို့ထဲ၊ အရပ်ထဲသို့ ဘီလူး၊ တစ္ဆေ၊ သရဲတို့ ဝင်ရောက်သောင်းကျန်း လာခဲ့ပြန်သည်။ ဘုရားရှင်၏လက်ထက်က ဝေသာလီမြို့မှာ ဒုဗ္ဘိက္ခန္တရဘေး(ငတ်မွတ်မှု ဘေးဆိုးကြီး) ကျရောက်ခဲ့စဉ်က သရဲ၊ တစ္ဆေ၊ ဘီလူးတွေ ဝင်ရောက် မွှေနှောက်သည့်နှယ် မန္တလေးမြို့ကြီး ဒုက္ခမိုးမှောင် ကြုံဆုံရစဉ် လယ်တီဆရာတော်နှင့် အခြားသော ဆရာတော်ကြီးများသည် မြို့ထဲ နေရာအနှံ့အပြားတွင် “ပဗ္ဗာဇနိယကမ္မဝါစာ”များ ရွတ်ဖတ်ပေးခဲ့ကြ၏။ 

ဒါယကာ ဒါယိကာမများတွင် ကြုံတွေ့နေရသည့် ပလိပ်ရောဂါနှင့် လူသေများ မကြာခဏပေါများနေစဉ် ဝင်ရောက်နှိပ်စက်နေကြသော ဘီလူး၊ သရဲ၊ တစ္ဆေများ၏ ဘေးရန်များ ကင်းရှင်းစေဖို့ ရွတ်ဖတ်ပေးကြ၏။ ထိုရက်ပိုင်းအတွင်း အသေအပျောက်များလည်း မပြတ်ဘဲ အလောင်းတွေ ပွစိခတ်နေခဲ့သည်။ နောက်ဆုံး၌ လယ်တီဆရာတော်က အမိန့်ပြန်တမ်းထုတ်ပြီးမှ နတ်မင်းကြီးလေးပါးထံ နေရာတောင်းယူရန်နှင့်
မေတ္တာပို့ရန်ဟု မိန့်ကြားပြီး မေတ္တပရိတ်ပါ ရောနှောပြီးမှ “ပဗ္ဗာဇနိယကမ္မဝါစာ”ကို ရွတ်ဖတ်စေခဲ့ပါသည်။ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်အရံအတားကိုပါ ပြုလုပ်စေခဲ့၏။


ထိုအခါမှစပြီး ပလိပ်ရောဂါဘေးနှင့် ဘီလူး၊ သရဲတို့၏အန္တရာယ်များ ကင်းစင်လွင့်ပြယ် ပျောက်ခဲ့ဖူးကြောင်း ဆရာတော်ကြီးများ၏ မှတ်ချက်များအရ သိရှိရ၏။ အချို့သော ဆရာတော်များမှာ ပဗ္ဗာဇနိယကမ္မဝါစာသည် တဖက်သားကို ရက်စက်စွာ နှင်ထုတ်မှုဖြစ်သဖြင့် အသုံးမပြုကြဘဲ သီးခြားစီစဉ်ထားသော “အန္တရာယိကကမ္မဝါစာ”ကိုသာ ရွတ်ဖတ်သည်ဟု ဆိုကြ၏။ စင်စစ် အန္တရာယ်ပေးတတ်သော မြွေဆိုးများကို တုတ်နှင့် မောင်းထုတ်ပေးရုံနှင့် ဘေးကင်းမသွားနိုင်။ ထိုနေရာ၌ နောက်တကြိမ်မက ပြန်ရောက်ရှိလာပြီး လူများကို သေအောင်ကိုက်သတ်နိုင်သဖြင့် သုတ်သင်ရှင်းလင်းမှသာ မြွေအန္တရာယ်ကင်းစေမည်ဖြစ်သလို လူတွေကို နှိပ်စက်၊ ဒုက္ခပေး၊ ကိုက်ဖြတ်စားဖို့ သက်သက် လူတွေကြားရောက်လာလေ့ရှိသည့် ဘီလူး၊ သရဲ၊ တစ္ဆေ၊ စုန်း၊ ကဝေ၊ နတ်ဆိုးနတ်ယုတ်များအား အပြင်နှင်ထုတ်ပေးနိုင်မှသာ စိတ်အေးချမ်းမည်ဖြစ်သဖြင့် “ပဗ္ဗာဇနိယကမ္မဝါစာ”ရွတ်ဖတ်ပြီး နှင်ထုတ်ပစ်မှသာ သင့်လျော်ပေမည်။ နှင်မထုတ်ဘဲထားလျှင် ကလေးသူငယ်များကအစ ဒုက္ခမျိုးစုံ ကြုံတွေ့ရတတ်ပေသည်။


မင်းကိုချည်---
ရှင်သာမဏေပြုသောအခါ ညနေ ပရိတ်မနာမီ ရှင်သာမဏေလောင်းများကိုဖြစ်စေ၊  မကျန်းမာသူတို့ကို ဖြစ်စေ ချည်မျှင် (၇)မျှင်နှင့် ခြံရံရစ်ပစ်ထားလေ့ရှိ၏။ 
အဓိပ္ပါယ်မှာ ပွင့်တော်မူပြီးသော ဘုရားရှင်တို့သည် အမျိုးလေးပါးအနက် မြတ်သောဗြဟ္မဏ ခတ္တိယမျိုးတို့မှာသာ ဖြစ်တော်မူကြရ၏။ ထိုဗြဟ္မဏမျိုးများမှာ ချည်(၇)မျှင်ကို အရံအတားအဖြစ် အမြဲတစေ စလွယ်သိုင်းဝတ်ဆင်လေ့ရှိကြ၏။ ရှင်ပြုပွဲမှာလည်း ရှင်လောင်းများ မြတ်သည့်ကိုရင်အဖြစ်ရောက်မည်၊ ထိုသို့ရောက်လျှင် အနှောင့်အယှက်ပယောဂတို့ မပေါ်ပေါက်စေဘို့ မင်းကိုချည်ကို ဝတ်ဆင်ရ၏။


ထိုသည့်အလားတူ လူမမာ၌ လူတွေကို နှောင့်ယှက်ခြောက်လှန့်တတ်သော အစိမ်းသရဲ၊ တစ္ဆေ၊ မြေဖုတ်ဘီလူး စသော မကောင်းဆိုးဝါးကောင်တို့ကို အရံအတားဖြစ်စေရန် မင်းကိုချည်(၇)ချောင်းကို ရံတားပေးကြရ၏။ ဤသည်မှာ ဗဟုသုတမှတ်ရန်ဖြစ်၏။


ခြောက်လှန့်တတ်သော တစ္ဆေ၊ သရဲ နှင့် အဖြစ်အပျက်များ---
(၁၂၇၆)ခုနှစ် မြန်မာလို ပထမဝါဆိုလ (၆)ရက်နေ့က ရန်ကုန်မြို့ လသာလမ်းနေ ဒေါ်နှစ်၏သမီး မအေးမေ-သည် မီးယပ်နှင့်ယှဉ်ပြီး ကြီးစွာသောရောဂါ စွဲကပ်ခြင်းကြောင့် မြန်မာဆရာ ၃-ယောက်၊ ဆရာဝန် ၂-ယောက်နှင့် ကုသ၏။ မသက်သာသဖြင့် ဘုရား-တရား-သံဃာ ကုသခြင်းဖြင့် ကုသရန် ဗဟန်းမြို့၊ ကျောင်းတော်ရာ ရွှေကျင်တိုက်၊ ကံသာဆရာတော်အား ပင့်ဖိတ်၏။ ကြို့ကုန်းတောရကျောင်း ဆရာတော် ဦးစက္ကိန္ဒ-စသော သံဃာ ၄-ပါးနှင့်လိုက်သွားပြီး အမိန့်တော်ပြန်ခြင်း၊ ကမ္မဝါဖတ်ခြင်း၊ ပရိတ်ရေ၊ ပရိတ်ဆီ သောက်စေခြင်းပြု၍ ပရိတ်ကြိုးလည်း လက်ကောက်မှာ ချည်စေခြင်းပြုပေးခဲ့ရာ ချက်ချင်းပင် ထထိုင်နိုင်သည်အထိ ထူးခြားစွာပျောက်ကင်းခဲ့သည်။


သူရဲငါးယောက် အိမ်ပေါ်ကဆင်းပြေး---
(၁၂၇၂)ခုနှစ် ဝါဆိုလဆန်း ၁၁-ရက်နေ့က ရန်ကုန်မြို့ စစ်ကဲမောင်ခိုင်လမ်းနေ အငြိမ်းစားမြို့အုပ်မင်း ဦးတာပိုး၏သား မောင်လှခိုင်၊ မင်းကတော် မညီမ၊ ၄င်း၏တူမ မဂွမ်း၊ မဖြူ၊ ၄င်း၏သမီး မသန်း၊ လူပေါင်းငါးယောက်တို့သည် နေထိုင်မကောင်းဖြစ်ကြ၍ ကံသာဆရာတော် ကြွတော်မူပါဟု ပင့်လျှောက်သဖြင့် ဆရာတော်ကိုယ်တိုင်ကြွပြီး လူနာငါးယောက်ကို သံဃာများအနီးဝယ် နေစေခဲ့ပြီး အမိန့်တော်ပြန်ပေးခြင်း၊ ကမ္မဝါစာ ဖတ်ခြင်း၊ ပရိတ်ရွတ်ခြင်းပြုလျက် ပရိတ်ရေသောက်စေခြင်း၊ ဖျန်းစေခြင်း၊ ပရိတ်ကြိုးကိုလည်း လက်ကောက်ဝတ်မှာချည်စေသဖြင့် စိတ်နှလုံးချမ်းမြေ့၍ တနေ့တခြား ကျန်းမာလာခဲ့သည်။


ထိုသို့ ကမ္မဝါဖတ်နေစဉ် မဂွမ်းသည် အိပ်ပျော်သကဲ့သို့ မျက်စိက တိုက်ရိုက်မြင်တွေ့လိုက်ရပုံအား ကံသာဆရာတော်ကို လျှောက်ပြ၏။ ထိုအိမ်ပေါ်က ဆံပင်ဖိုသီဖတ်သီနှင့် မိန်းမငါးယောက် ဆင်းပြေးတာကို မြင်နေရကြောင်း လျှောက်ကြား၏။ ဤ၌ မည်သူမဆို ကျန်းမာရေးဆိုးရွာနေပါက ကမ္မဝါ ဖတ်ခြင်း၊ ပရိတ်ချည်ဖွဲ့နှောင်ခြင်းများက အကျိုးကြီးကြောင်း သတိပြုသင့်၏။


အင်းဝဘုရင် ဆင်ဖြူရှင်နှင့် နတ်သမီး---
အင်းဝ၌ မင်းကြီးစွာစော်ကဲ၏သားတော် ဆင်ဖြူရှင်တရာ့ဖျားသည် (၇၆၂)ခုနှစ်တွင် နန်းတက်၍ မင်းဖြစ်ခဲ့ရာ ငါးလရှိသောအခါ တောကစားထွက်မည်ဟု မှူးတော်မတ်တော်အပေါင်းနှင့်အတူ တောင်ပင်လယ်သို့ ထွက်ခဲ့သည်။ တောသို့ရောက်သော် သမင်လိုက်ကြ၏။ သမင်လိုက်ကြရင်းနှင့် မင်းကြီးမှာ မှူးမတ်များနှင့်ကွဲကာ တောချုံထူထပ်ရာ လျှိုမြောင်ဝှမ်းတွင် ရောက်ခဲ့ရ၏။ တောကြီးထဲ၌ မင်းကြီးတပါးတည်း ယောင်ချာချာဖြစ်နေခိုက် ဇော်ဂျီတပါးသည် ကောင်းကင်မှပျံလာရင်း မင်းကြီးရှေ့မှောက် သက်ဆင်းခဲ့သည်။ 


အသင်မင်းကြီး...မင်းကြီး၏လက်ယာရစ် ခရုသင်းကို ပေးပါလော့၊ အသင်မင်းကြီး အလိုရှိသမျှသော အတတ်တွေကို ငါ သင်ပေးခဲ့မည်။
ထိုအခါ မင်းတရားသည်---မည်သည့်အတတ်ကိုမှ ငါမရချင်၊ ငါ့အားနတ်သမီးတပါးသာ ပေးလေ-ဟု
ဇော်ဂျီအား ပြောလေသော် ဇော်ဂျီသည် ကောင်းပေစွ..ကောင်းပေစွ၊ နတ်သမီး ရစေရမည်-ဟု
ခေါင်းညိတ်ဝန်ခံ၍ လက်ဖျောက်တီး၏။ ထို့နောက် နှုတ်မှ မန္တန်ကို ရွတ်ဆိုလိုက်သော် တခဏတွင် အလွန်တရာ ချောမောလှပသော နတ်သမီးတပါး ကောင်းကင်ထက်မှ ကျရောက်လာခဲ့ရ၏။
ဇော်ဂျီသည် နုနယ်ပျိုမျစ် ရွှန်းသစ်စိုပြည်လွန်းလှသည့် နတ်သမီးချောအား လက်ကိုဆွဲကိုင်၍ မင်းကြီးလက်ထဲ ပေးအပ်လိုက်သည်။


မင်းကြီးမှာ နတ်သမီးအား စိတ်တိုင်းကျ စုံမက်လွန်း၍  တစိမ့်စိမ့်ကြည့်ရင်းမှ ရမ္မက်ဇောတို့ လှိုင်းထန်လာသည်ဖြစ်သဖြင့် တောတွင်းဆိတ်ကွယ်ရာနေရာကလေး၌ နတ်သမီးအား
နွားငတ်ရေကျသည့်နှယ် အငမ်းမရစွာ ကာမကိစ္စ နှီးနှောလေ၏။ ထိုသို့ မင်းကြီးသည် နွားသိုးကြိုးပြတ်သဖွယ် နတ်သမီးချောအား စိတ်ကြိုက် ဖို,မ ကိစ္စပြီးသောအခါ မျက်စိအောက်က အပျောက်မခံချင်လောက်အောင် စွဲငြိခဲ့ရသည့် အလှနတ်သမီးမှာ ဗြုန်းစားကြီးပျောက်ကွယ်သွားလေသည်။


သို့နှင့် ရှာရင်းဖွေရင်း လက်မှိုင်ချပြီး နန်းတော်သို့ ပြန်ရောက်သောအခါ နတ်သမီးအား တသသစွဲလမ်းနေခဲ့ရာမှ နှလုံးတော်မတည်မငြိမ်ဖြစ်ပြီး မင်းကြီးမှာ ထိုတဏှာစိတ်နှင့်ပင် ရူးသွပ်ခဲ့ရလေသည်။
ရာဇဝင်၌ မိန်းမနှင့်ရူးရသော ဘုရင်ဖြစ်ခဲ့ရ၏။
(အပိုင်း ၇-ဆက်ရန်) 


သက်နိုင်ထွန်း
(ဂမ္ဘီရ ၂၀၀၇-၁၂) 


ကျမ်းကိုး။ 
၁။ တဇ္ဈတ္ထဒီပနီ။
၂။ ကျောင်းတော်ရာ ရွှေကျင်တိုက် ကံသာဆရာတော်၏ ပဗ္ဗာဇနိယကမ္မဝါစာ နိဒါန်း။

No comments: