Monday, October 3, 2011

အလှူဒါနပြုပြီး အမျှဝေပါ

(က) 
ဗုဒ္ဓဘာသာမြန်မာတို့သည် အလှူတခုကို နေ့စဉ်ပြုလုပ်လေ့ရှိကြသည်။ အလှူရေစက် လက်နဲ့မကွာ-လှူချင်ကြသူများ ဖြစ်သည်။ အလှူဒါနတခုကိုပြုတိုင်းပြုတိုင်း အလှူဒါနပြုပြီးနောက် ရေစက်သွန်းချအမျှပေး
ဝေလေ့ရှိကြသည်။ အမျှပေးဝေခြင်းသည် ကောင်းသော အစဉ်မလာဖြစ်သည်။ မိမိပြုလုပ်သည့် ကုသိုလ်ဒါနလည်း လျော့မသွား၊ သာဓုခေါ်သူ အများလည်း မိမိပြုသောကုသိုလ်၏ အဖို့ဘာဂကို အမျှအညီ ရရှိနိုင်ကြပေသည်။ မီးတိုင်တခုမှ ဆင့်ပွားကူးစက်၍ အခြား မီးတိုင်များစွာ အလင်းရောင်ရကြပုံကို ကျမ်းဂန်တို့၌ ဥပမာပေးပါသည်။


ကောင်းပြီ...အလှူဒါနပြုပြီးနောက် ရေစက်သွန်းချ အမျှဝေရာ၌ သမန်ကာလျှံကာ အမျှပေးဝေခြင်းသည် ရည်ရွယ်သူရှိပါက ထိရောက်မှု မရှိနိုင်ပေ။ အမှန်အားဖြင့် အမျှပေးဝေတော့မည်ဆိုလျှင် မိမိအဓိကရည်ရွယ်သူကို နာမည်ခေါ်၍ ကြိုတင်ဖိတ်ကြားထားရမည်။ ကြိုတင်၍ ဖိတ်မန္တကပြုထားမှ ရည်ရွယ်သူလည်း ကြားရာအရပ်က ရောက်ရှိလာပြီး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပေလိမ့်မည်။


ဤတွင် အမျှအတန်းပေးဝေကြရာ၌ ရည်ရွယ်သူမှာ တဦးတည်းဖြစ်နိုင်သည်။ အများလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ...အဓိကရည်ရွယ်သူကို ဖိတ်ကြားဖို့တော့ မမေ့အပ်ချေ။ဤကိစ္စများနှင့်ပတ်သက်၍ သာဓကပြုရန် ဤဆောင်းပါးကို ရေးသားအပ်ပါသည်။ ဆက်လက်ဖတ်ရှုကြပါ။


(ခ) 
ပြိတ္တာမ၏ ကိုယ်ခန္ဓာသည် အဝတ်အစားဟူ၍ တလက်မမျှ မရှိပါ။ နံရိုးများ အပြိုင်းပြိုင်းပေါ်လျက်ရှိပါသည်။ အကြောများမှာ သစ်ခြောက်ပင်တွင် တွယ်ကပ်နေသော နွယ်ပင်များနှင့်တူလှသည်။ အစားအသောက် အဝတ်အစား ချို့တဲ့လျက်ရှိသည်။ အစားအစာကို စိုးစဉ်းမျှ စားရဟန် မတူ။ 


သင်သည် ဘယ်ဒေသ၊ ဘယ်အမျိုးအနွယ်ဖြစ်၍ ငါ၏ရှေ့မှောက်တွင် လာရောက်၍ ကိုယ်ထင်ရှားပြလေသနည်း?
အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက ပြိတ္တာမကို မေးမြန်းလိုက်သည်။

အရှင်ဘုရား တပည့်တော်မသည် ရှေးလွန်လေပြီးသော ၅-ဘဝက အရှင်ဘုရား၏ မိခင် ဖြစ်ခဲ့ပါတယ်ဘုရား၊ သို့ပေမယ့် ယခုတော့ အရှင်ဘုရား မြင်တော်မူတဲ့အတိုင်း နံရိုးပြိုင်းပြိုင်းနဲ့ အဝတ်အစားလည်းမပါ၊ ငတ်ပြတ်၍နေပါသည်ဘုရား။


ပြိတ္တာမကြီးက သူမ၏ဘဝဖြစ်ကြောင်းကုန်စင်ကို မထေရ်မြတ်အား ဆက်လက်လျှောက်ထားလေတော့သည်။
ဆက်လက်ပြီး နားဆင်တော်မူပါဘုရား...
လွန်သော ၅-ဘဝက အရှင်ဘုရား၏ မယ်တော်ကြီး(အမေ) ဖြစ်ခဲ့သော်လည်း တပည့်တော်မ ပြုမိခဲ့သည့် 
အကုသိုလ်ကံတရားကြောင့် ယခုဘဝမှာ အချိန်မလပ် ဆင်းရဲဒုက္ခကြီးစွာခံစားရကာ ငတ်ပြတ်နေရပါသည်ဘုရား။ လူသူအများ စွန့်ပစ်ထားတဲ့ တံတွေး၊ နှပ်၊ ချွဲသလိပ်ပုပ်များ၊ လူသေကောင်များကို မီးရှို့တဲ့အခါ စီးကျလာတဲ့ အဆီတွေ၊ သားဖွားမိခင်များထံမှ ထွက်ကျလာတဲ့ သွေးပုပ်၊ ပြည်ပုပ်၊ အညစ်အကြေးများကိုသာ ဆာလောင်ပြင်းပြမှုကြောင့် မရွံမရှာ စားသောက်နေရပါတယ်ဘုရား။
နေစရာလည်းမရှိ၍ သုဿာန်မှာ နေရပါတယ်ဘုရား။ ဆက်လက်၍လျှောက်ထားပါရစေဘုရား  ရွှေနားဆင်တော်မူပါဘုရား၊


သားတော်ကြီး အရှင်မြတ်ဘုရား...တပည့်တော်မအတွက် ရည်စူးပြီး လှူဒါန်းပေးကမ်းမှုများ ပြုပေးတော်မူပါ။ အလှူဒါနပြုပြီးနောက်တွင်လည်း အလှူဒါန၏ အဖို့ဘာဂကို တပည့်တော်မအား အမျှဝေပေးပါဘုရား။ ဤသို့ အရှင်မြတ်ကြီးက ပြုလုပ်ပေးပါလျှင် တပည့်တော်မသည် သွေးပုပ်၊ ပြည်ပုပ်နဲ့ အညစ်အကြေးမှန်သမျှကို စားသောက်နေရသောဘဝမှ ကင်းလွတ်ပါလိမ့်မည်ဘုရား။


(ဂ)
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် မယ်တော်ကြီးဖြစ်ခဲ့ဖူးသော ပြိတ္တာမ၏ ဆင်းရဲဒုက္ခကို ကယ်တင်ရန် စီစဉ်လေတော့သည်။
နောက်တနေ့တွင် မထေရ်မြတ်ကြီးသည် အရှင်မောဂ္ဂလာန် စတဲ့မထေရ်သုံးပါးကို ခေါ်ဆောင်ပြီး ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရထံ အကူအညီတောင်းခံရလေသည်။ အကူအညီမှာ အဆောက်အအုံဒါန၊ သင်္ကန်းဒါန၊ ဆွမ်းဒါန စသည်များအတွက် စီစဉ်ပေးရန်ဖြစ်သည်။


မင်းကြီးသည် ကျွမ်းကျင်သောအမတ်တဦးကို ဦးဆောင်စေပြီး မြို့တွင်း မြို့ပြင် နှစ်ဌာန၌
ကျောင်းငယ်လေးဆောင်စီ (အာဝါသဒါန)ဆောက်လုပ်ခိုင်းသည်။ မင်းကြီးကိုယ်တိုင်လည်း ကြွရောက်ကာ လိုအပ်သည်များကို ညွှန်ကြားပြုလုပ်စေခဲ့သည်။ ကျောင်းဆောင် ရှစ်ဆောင် ဆောက်လုပ်ပြီးသောအခါ စားဖွယ်သောက်ဖွယ် ခဲဘွယ်ဘောဇဉ်နှင့် သင်္ကန်းစသော ပရိက္ခရာများ လှူရန် အဆင်သင့်စီမံထားလေသည်။ အလုံးစုံပြီးစီးသောအခါ ဗိမ္ဗိသာရမင်းကြီးသည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးထံ လွှဲပြေားအပ်နှံလိုက်သည်။


မထေရ်မြတ်ကြီးသည် စတုဒ္ဒိသာ အရပ်လေးမျက်နှာမှ ကြွလာကြကုန်သော ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတို့အား မိခင်ဖြစ်ခဲ့ဖူးသော ပြိတ္တာမကြီးအား ရည်စူး၍ လှူဒါန်းလေတော့သည်။ မိခင်ဟောင်း ပြိတ္တာမကြီးကိုလည်း ကောင်းစွာဖိတ်ကြားပြီး အမျှပေးဝေသည်။ ပြိတ္တာမကြီးကလည်း သာဓုသုံးကြိမ်ခေါ်သည်။ အလှူဒါန အဖို့ဘာဂကို သာဓုခေါ်၍ အမျှရရှိသဖြင့် ပြိတ္တာမကြီးဘဝမှ လွတ်မြောက်ပြီး နတ်သမီးဖြစ်သွားသည်။


ပြိတ္တာမကြီးသည် အလှူဒါန၏ အဖို့ဘာဂကို ရရှိသဖြင့် နတ်သမီးဖြစ်ကာ နတ်ဝတ်နတ်စားတို့၏ အသုံးအဆောင်၊ ဥယျာဉ်၊ ရေကန်၊ ဘုံဗိမာန်တို့ကို ပြည့်စုံစွာဖြင့် ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ
နေရလေတော့သည်။


(ဃ)
မယ်တော်ကြီး၏ ပြိတ္တာမ ဖြစ်ရခြင်းမှာ ရှေးအတိတ်အကုသိုလ်ကံကြောင့် ဖြစ်သည်။
ရှေးအတိတ်ဘဝက ဗာရာဏသီပြည်မှ သူဌေးတဦး၏ ဇနီးမယား ဖြစ်ခဲ့သည်။ သူဌေးသည် သာသနာကို ကြည်ညိုသူဖြစ်၍ ရဟန်းသံဃာ၊ အလှူခံပုဂ္ဂိုလ်များအား အလှူဒါနပြုလေ့ရှိသည်။ ဇနီးကတော့ အလှူဒါနပြုရန် ဝါသနာမပါ။ တနေ့မှာ သူဌေး ခရီးသွားစရာရှိသဖြင့် မယားအား အလှူဝတ်များ ပြုလုပ်ရန် မှာကြားထားခဲ့သည်။ 


သို့ရာတွင် ဇနီးဖြစ်သူသည် အလှူဒါနပြုရန် ဝါသနာမပါသူဖြစ်၍ ဒါနဝတ်များကို ဖျက်ဆီးပစ်လေ၏။ ခရီးသွားဧည့်သည်များ ရောက်လာလျှင် ဇရပ်ကောင်းမှာ မထားဘဲ ဇရပ်ပျက်မှာသာ ထားသည်။
ရောက်လာသမျှသော အလှူခံပုဂ္ဂိုလ်များကိုလည်း “သင်တို့ ကျင်ကြီး ကျင်ငယ်ကိုသာ စားသောက်ကြ၊ သွေးပုပ်၊ ပြည်ပုပ်၊ နှပ်၊ တံတွေးတို့ကိုသာ စားသောက်ကြ။ သင်တို့မိခင်၏ ဦးနှောက်ကိုသာ ဖောက်စားကြ”စသော မဖွယ်မရာ စကားများကို ပြောဆိုကာ ကျိန်ဆဲလွှတ်သည်။ ဇနီး၏ ဝစီကံကား ကြောက်မက်ဖွယ်ကောင်းလေစွ။ ထို့ကြောင့် “ဝစီဘေဒ ထိတိုင်းရှ” ဆိုကြခြင်း ဖြစ်သည်။


ယင်းသည့် အကုသိုလ်ကံတွေကြောင့် သေလွန်သောအခါ စားရမဲ့၊ သောက်ရမဲ့၊ အဝတ်မဲ့၊ နေစရာမဲ့သော ပြိတ္တာမကြီး ဖြစ်ရလေတော့သည်။ သို့ဖြင့် ၅-ဘဝက သားတော်စပ်ခဲ့သော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးထံ ချဉ်းကပ် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ပေသည်။


အကုသိုလ် ဒုစရိုက်မှန်သမျှ ရှောင်ကြဉ်ကြရမည်။
ကုသိုလ်ကောင်းမှုမှန်သမျှ ပြုလုပ်ကြရမည်။
စိတ်ကောင်း စိတ်မြတ်များ ထားရှိကြရမည်။


နမော သမ္မာသမ္ဗုဒ္ဓဿ
မုံရွာ-နေဇာ
(သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထုကို ရေးဖွဲ့သည်)


(ဂမ္ဘီရ ၂၀၀၆-ခု ဧပြီလ)

No comments: