Thursday, October 13, 2011

သီလအကျင့် အမျိုးမျိုး

သီလအကျင့်နယ်ပယ်မှာ ရိုးရိုးငါးပါးသီလကို နိစ္စသီလလို့ ခေါ်တယ်။ သူတော်ကောင်းများ၊ ဥပါသကာများ၊ အများစောင့်ထိန်းတဲ့ သီလဖြစ်တယ်။ ထိုငါးပါးသီလကိုပင် “ဂရုဓမ္မ ငါးပါးသီလ”ဟူ၍လည်း ခေါ်တယ်။

အဲဒီ “ဂရုဓမ္မ ငါးပါးသီလ”ရဲ့ အထက်မှာ ကဿပမြတ်စွာဘုရား သာသနာခေတ်တုန်းက ဂဝေသီခေါ်တဲ့ ဂိုဏ်းဆရာကြီး ပေါ်ခဲ့ဖူးတယ်။ ဂဝေသီဆရာကြီးက ဂရုဓမ္မ ငါးပါးသီလထဲမှာ-
ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-ရဲ့ အစား
အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-လို့ ဆောက်တည်ပြီး ဝတ္ထုကာမကိုဆိုယင် ကိုယ်ပိုင်တာကိုပဲ ဖြစ်ဖြစ်၊ သူပိုင်တာကိုပဲ ဖြစ်ဖြစ် ဘယ်ဝတ္ထုကာမကိုမှ မမှီဝဲ မသုံးစွဲဘူး။ ရှောင်ကြဉ်ခဲ့တယ်။ အဲဒီ အဗြဟ္မစရိယမှ လုံးဝရှောင်ကြဉ်တဲ့ ငါးပါးသီလကိုတော့ “ဗြဟ္မစရိယ ပဉ္စမကသီလ”လို့ ခေါ်တယ်။ အဲဒီလို ဂဝေသီဆရာကြီးက ဗြဟ္မစရိယ ပဉ္စမကသီလကို ကျင့်သုံးတော့ နောက်လိုက် ဥပါသကာ ငါးရာတို့ကလည်း ဗြဟ္မစရိယ ပဉ္စမကသီလကို လိုက်၍ ကျင့်သုံးကြတယ်။ 


ထိုအခါ “ခေါင်းဆောင်နှင့် နောက်လိုက် အကျင့်တူလို့ ဖြစ်ပါရိုးလား”ဆိုပြီး ဂဝေသီဆရာကြီးက အဲဒီ ဗြဟ္မစရိယ ပဉ္စမကသီလ သိက္ခာပုဒ်ငါးခုရဲ့ အပေါ်မှာ-
ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-လို့ သိက္ခာပုဒ်တမျိုး တိုး၍ ဆောက်တည်ပြီး နံနက်တချိန်မှာသာ ယာဝကာလိကခေါ်တဲ့ အစာထမင်း ခဲဘွယ်ဘောဇဉ်ကို စားသုံးတယ်၊ မွန်းလွဲလျှင် ယာဝကာလိကကို မစားတော့ဘဲ ဆာလောင်လျှင် အဖျော်ယမကာကိုသာ မှီဝဲသုံးစွဲတယ်။ ထိုသီလကို “ဧကဘတ္တိက ဆက္ကသီလ”လို့ ခေါ်တယ်။ ဆရာကြီးက ဧကဘတ္တိက ဆက္ကသီလကို ကျင့်သုံးတယ်ဆိုရင်ပဲ နောက်လိုက် ဥပါသကာ ငါးရာတို့ကလည်း ဧကဘတ္တိက ဆက္ကသီလကို လိုက်၍ ကျင့်သုံးကြတယ်။
(မှတ်ချက်---ထိုတရားဖြစ်တဲ့ ဂဝေသီသုတ္တန်ကို  မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ-က စံပြခေါင်းဆောင် တရား-ဟုအမည်ပေး၍ ဟောကြားတော်မူပါသည်)။


ကိကီမင်းကြီး၏ သမီးတော် ခုနစ်ဖော်တို့မှာ အိမ်ထောင်မှု လုံးဝမပြုကြဘဲ ကုမာရီဘဝဖြင့်ပင် ရှစ်ပါးသီလကို အမြဲစောင့်ထိန်းကြတယ်။ ထိုရှစ်ပါးသီလကို “ကောမာရီ ဗြဟ္မစရိယ အဋ္ဌင်္ဂသီလ”ဟူ၍ ခေါ်သည်။ ထိုသမီးတော် ခုနစ်ဖော်တို့သည် ကောမာရီ ဗြဟ္မစရိယ အဋ္ဌင်္ဂသီလကို အမြဲစောင့်သုံးကြပြီးလျှင် နေ့စဉ်နေ့စဉ် ကဿပမြတ်စွာဘုရား သီတင်းသုံးတော်မူရာ ကျောင်းတော်သို့ သွားကြပြီး အခြွေအရံများနှင့်တကွ သီလကျင့်သုံး တရားနာကြတယ်။ ထိုသမီးတော် ခုနစ်ဖော်တို့၏ အမည်ကို ဖော်ပြသော ဂါထာ၊ ထိုသမီးတော်တို့၏ ယခုနောက်ဆုံးဘဝ ရဟန္တာထေရီမများ ဖြစ်ကြသည့် အစဉ်အတိုင်းသော အမည်တို့ကား-


(၁) သမဏီ သမဏဂုတ္တာစ၊ ဘိက္ခုနီ ဘိက္ခုဒါယိကာ။
ဓမ္မာ စေဝ သုဓမ္မာ စ၊ သတ္တမီ သံဃဒါယိကာ။

(၂) အဟံ ဥပ္ပလဝဏ္ဏာ စ၊ ပဋာစာရာ စ ကုဏ္ဍလာ။
ကိသာဂေါတမီ ဓမ္မဒိန္နာ၊ ဝိသာခါ ဟောတိ သတ္တမီ။

နှစ်ဂါထာတို့ကို တွဲဖက်၍ အဓိပ္ပါယ်နက် ပြန်ဆိုပါမည်။
(၁) သမဏီ-ထိုစဉ်က အကြီးဆုံး သမဏီ မင်းသမီးက၊ အဟံ-ယခုနောက်ဆုံးဘဝမှာ တပည့်တော်မ ခေမာထေရီ ဖြစ်လာပါသည်ဘုရား။
(၂) သမဏဂုတ္တာ-ထိုစဉ်က ဒုတိယသမီးတော်ဖြစ်သူ သမဏဂုတ္တာ မင်းသမီးက၊ ဥပ္ပလဝဏ္ဏာ-ယခု နောက်ဆုံးဘဝမှာ ဥပ္ပလဝဏ်ထေရီမ ဖြစ်လာပါသည်ဘုရား။
(၃) ဘိက္ခုနီ-ထိုစဉ်က တတိယသမီးတော်ဖြစ်သူ ဘိက္ခုနီမင်းသမီးက၊ ပဋာစာရာ-ယခု နောက်ဆုံးဘဝမှာ ပဋာစာရာထေရီမ ဖြစ်လာပါသည်ဘုရား။
(၄) ဘိက္ခုဒါယိကာ-ထိုစဉ်က စတုတ္ထသမီးတော်ဖြစ်သူ ဘိက္ခုဒါယိကာ မင်းသမီးက၊ ကုဏ္ဍလာ-ယခု နောက်ဆုံးဘဝမှာ ကုဏ္ဍလကေသာ ထေရီမ ဖြစ်လာပါသည်ဘုရား။
(၅) ဓမ္မာ စေဝ-ထိုစဉ်က ပဉ္စမသမီးတော်ဖြစ်သူ ဓမ္မာမင်းသမီးက၊ ကိသာဂေါတမီ-ယခု နောက်ဆုံးဘဝမှာ ကိသာဂေါတမီထေရီမ ဖြစ်လာပါသည်ဘုရား။
(၆) သုဓမ္မာ စ-ထိုစဉ်က ဆဋ္ဌမ သမီးတော်ဖြစ်သူ သုဓမ္မာမင်းသမီးက၊ ဓမ္မဒိန္နာ-ယခု နောက်ဆုံးဘဝမှာ ဓမ္မဒိန္နာထေရီမ ဖြစ်လာပါသည်ဘုရား။
(၇) သတ္တမီ သံဃဒါယိကာ-ထိုစဉ်က သတ္တမသမီးတော်ဖြစ်သူ သံဃဒါယိကာ မင်းသမီးက၊ ဝိသာခါ ဟောတိ-ယခု နောက်ဆုံးဘဝမှာ ပုဗ္ဗာရုံကျောင်းအမ ဝိသာခါ ဖြစ်လာပါသည်ဘုရား။


မော်လူး
မင်းကွန်း ဟောစဉ်တရား ၆-မှ 

No comments: