Friday, October 7, 2011

နာမည်ကြီး စူလာနဖာ

သတိ။
စူလာနဖာကို အလွန်အကျွံ သုံးစွဲမိပါက သရက်ရွက်၊ ကျောက်ကပ်နှင့် နှလုံးတို့ကို အားနည်းစေသည်။

(၁) မြန်မာအမည်-စူလာနဖာ။
(၂) ရုက္ခဗေဒအမည်-FUMARRIA PRVILOSALAM.
(၃) မျိုးရင်းအမည်-FUMARIACEAE.
(၄) ဟိန္ဒူအမည်-ပိတ္တပါပဍာ၊ ရှာဟတရာ၊
(၅)သက္ကတအမည်-ဝရတိက္က၊ ပဋူပတ္တ၊

 ကျွန်တော်တွေ့ဖူးသော စူလာနဖာပင်များသည် တတောင်, နှစ်တောင်ခန့် မြင့်သည့် ပင်ပျော့မျိုးများဖြစ်သည်။ အရွက်မှာသေး၍ မန်ကျည်းရွက်ကဲ့သို့ ထိပ်ဝိုင်းသည်။ ရန်ကုန်လမ်းဘေး မြောင်းဘေးများ၌ တွေ့ရသော စူလာနဖာပင်များမှာ မြေတွင်ကပ်ကာ ပေါက်ပွားလျက်ရှိသည်။ အရွက်ထိပ်ဖျားမှာလည်း လှံစွပ်ပုံ ချွန်နေသည်။ အပွင့်ကလည်း အဖြူရောင်ပန်းကလေးများ ပွင့်သည်။ 


မြွေစွယ်ပင်---
မိတ်ဆွေတဦးအား ရန်ကုန်စူလာနဖာပင်ကိုပြ၍ မေးကြည့်ရာ သူက ထိုစူလာနဖာကို မြွေစွယ်ပင်-ဟု ပြောသည်။ ထိုမိတ်ဆွေက ရန်ကုန်စူလာနဖာပင်၏ အရွက်ကလေးများသည် မြွေစွယ်နှင့်တူကြောင်း၊ ၄င်းအပင်သည် အဆိပ်ပြေကြောင်း၊ ပိတုန်း၊ ပျား၊ ဗောက်ဖတ်၊ ကင်းခြေများ၊ ကင်းမြီးကောက်၊ ကင်းမလက်မည်း စသည့် အဆိပ်ရှိသောသတ္တဝါများ ကိုက်မိလျှင် ရန်ကုန်စူလာနဖာ(ဝါ)မြွေစွယ်ပင် ပဉ္စငါးပါး (တပင်လုံးမှ) သတ္တုရည်(ရွက်စိမ်းရည်) ညှစ်ယူပြီး ကိုက်မိ၊ ထိမိသောနေရာတို့၌ မကြာဖဏဆွတ်လိမ်းပေးပါက အဆိပ်ကိုပြေစေသည်ဟု ပြောပြသည်။


မှန်သည် စူလာနဖာပင်များသည် အထက်ပါအတိုင်း အဆိပ်များကိုပြေကြောင်း နိဃဏ္ဍု သစ်ပင်အဖွင့်ဆေးကျမ်းများ၌ ဖွင့်ဆိုထားသည်။ ထို့ကြောင့် ကျွန်တော်သည် စူလာနဖာပင်နှင့်ပတ်သက်၍ ရှာဖွေစူးစမ်းမိပါသည်။


ဆေးဝါးနှင့် အသုံးဝင်သောအပင်များ---
ပထမဦးစွာ အငြိမ်းစားအရာရှိချုပ်၊ စိုက်ပျိုးရေးသုတေသနဗိမာန်မှ ဦးစံခင် B.Sc(AG)A.I.C.T.A (TRINIDAD) ပြုစုသော SOME MEDICINAL AND USEFUL PLANTS ၌ ဖော်ပြထားသော စူလာနဖာမှာ နှစ်ပင်ဖြစ်ကြောင်း တွေ့ရသည်။ ယင်းတို့မှာ-
(၁) ALHAGI CAME LORUM FISCH.
(၂) A MAURORUM TOURMES & BAKER.
အင်္ဂလိပ်လို အခေါ်အားဖြင့် Camel's Thorn; Arbian mannaဟု ဖော်ပြထားပြီး မျိုးရင်းအနေဖြင့် Papilionaceae ဟု ဖော်ပြပါရှိသည်။
တဖန် ဘာဝပ္ပကာသနိဃဏ္ဍု-ကျမ်းတွင် စူလာနဖာကို ခြောက်မျိုးအထိ ခွဲပြထားပြန်သည်။ ထို့အပြင် ထိုခြောက်မျိုးအနက်မှ တချို့သည် ယူဆပုံကွဲပြားနေပြန်သည်။ ထို့ကြောင့် စူလာနဖာမှာ အမျိုးများသယောင် ဖြစ်နေသည်။
တဖန် အိန္ဒိယဆေးစွယ်စုံကျမ်းကြီးဖြစ်သော ဝန္ဒောသျှဓိကျန္ဓောဒယ-၌ စူလာနဖာပင်၏ ရုက္ခဗေဒအမည်များမှာ များပြားလွန်းလှသည်။ ထို့ကြောင့် မဖော်ပြတော့။


စူလာနဖာ၏သဘာဝ---
ပင်ငယ် ပင်ပျော့မျိုးဖြစ်သည်။ မိုးရာသီ၌ ပေါက်ပွားလေ့ရှိပြီး မြေမှထောင်၍ပေါက်သည်။ လေးဖက်လေးတန်သို့ အခက်အလက်များ ဖြာထွက်သည်။ ချုံနှင့် အခြားအပင်များရှိလျှင် မြေမှတပေခွဲခန့်အထိ 
ထောင်၍ပေါက်တတ်သည်။ မြေပြင်၊ လွင်ပြင်များ၌ လေးဖက်လေးတန်သို့ ဖြန့်ကြက်၍ ပေါက်သည်။


စူလာနဖာအရွက်သည် တလက်မဝက်မှ နှစ်လက်မခွဲအထိ ရှည်လျားသည်။ ဗြက်မှာ တလက်မ၏ လေးပုံတပုံမှ လေးပုံသုံးပုံအထိ ရှိသည်။ အခက်များသည် ခြောက်လက်မအထိ ရှည်လျားသည်။ အခက်၏အထက်မှ ပန်းပွင့်သည်။ ခရမ်းရောင်ရှိသည်။ သူ၏အသီးမှာ ဘာလီစေ့နှင့်တူသည်။ မွဲပြာသောအရောင်ရှိသည်။


စူလာနဖာတပင်လုံး၌ နူးညံပသောအမွေးဖြူကလေးများ ပေါက်ပွားလျက်ရှိသည်။ စူလာနဖာပင်၌ အနံ့ရှိ၍ ခါးသည်။ အသီးမှာ သေးသည်။ မြက်သီးလေးများပမာခန့်ရှိသည်။ လုံးသည်။ ယင်းအထဲမှ ပို၍ငေးသယ်လှသည့် အစေ့ကလေးများရှိသည်။


စူလာနဖာ (Justicia Procumbans)
စူလာနဖာသည် ခါး၏။ ကျက်ပြီးနောက် စပ်၏။ အေးမြ၏။ ကြေလွယ်၏။ လေကို ပွားများစေတတ်၏။ သည်းခြေသလိပ်အဖျားနာ၊ သည်းခြေဖျားနာ၊ သွေးလျှံနာ၊ နှုတ်မမြိန်နာ၊ ပျို့အန်နာ၊ ရေငတ်နာ၊ မူးယစ်နာ၊ စိတ်ပျံ့လွင့်ခြင်း၊ ညှိုးနွမ်းခြင်း၊ ကိုယ်ပူနာ၊ သွေးပျက်နာ၊ ဆီးချိုနာတိုပကို နိုင်၏။
(တိုင်းရင်းဆေးကောင်စီဝင်ဟောင်း ဆရာချင်း၏ ဘယဆေးဂုဏ်ပေါင်းချုပ်ကျမ်း)


အစွမ်းသတ္တိများ---
အာယုဗ္ဗေဆေးကျမ်းများ အလိုအရမူ စူလာနဖာသည် အေး၏၊ ခါး၏၊ မလတို့ကို တားမြစ်၏၊ လေကိုပွားများ၍ ပျက်စေ၏၊ ပေါ့ပါး၏၊ စားပြီးကျက်သောအခါ၌ (ဝမ်းမီး) စပ်သောအရသာကို ဖြစ်စေ၏။
သည်းခြေ၊ သလိပ်၊ သွေးဖောက်ပြန်ခြင်း၊ နှုတ်မမြိန်ခြင်း၊ ပူလောင်ခြင်း၊ စိတ်အားလျော့ခြင်း၊ မူးခြင်း၊ နှလုံးနာ၍ ပျို့အန်ခြင်း၊ ပမေဟ(ခေါ်) ဆီးပျက်နာနှင့် ဆီးလမ်းပိတ်ဆို့ခြင်း၊ ရေငတ်ခြင်း၊ သွေးဝမ်းသွားခြင်းတို့ကို
ငြိမ်းအေးသည်။ 
ထို့အပြင် သွေးဆင်းသောဒူလာရောဂါ၊ သည်းခြေဖျား၊ ရေငတ်ခြင်း၊ သလိပ်၊ ပန်းနာနှင့် အပူများခြင်းတို့ကို ကင်းဝေးစေသည်။
အထူးသဖြင့် စူလာနဖာသည် အထက်ပါဂုဏ်သတ္တိများရှိသည်ဖြစ်၍ ထိုအပင်တွင်ပါရှိသော အစွမ်းသတ္တိဖြင့် လူ့ခန္ဓာကိုယ်၌ရှိသော မလိုလားအပ်သည့်အရာများကို အရေပြား၊ အသည်းနှင့် ဆီးအိမ်တို့မှတဆင့် ကိုယ်၏ပြင်ပသို့ ထုတ်ပစ်နိုင်စွမ်းရှိသည်။
ထို့ကြောင့် စူလာနဖာပင်ငယ်သည် ချွေးထွက်စေခြင်း၊ ဆီးများစွာသွားစေခြင်း၊ စပ်သောသြဇာဓာတ်ရှိခြင်း တို့ကြောင့် သွေးတိုးရောဂါကို ကျဆင်းခြင်းဖြစ်သည်။ ထို့အပြင် အူတွင်း၌ ပိတ်ဆို့၍ဖြစ်ပေါ်လာသော အဇိဏ္ဏ (ခေါ်) အစာမကြေ ရောဂါကိုလည်း ပျောက်ကင်းစေနိုင်သော ဂုဏ်ထူးဝိသေသများ ရှိလေသည်။


ထက်မြက်သော စူလာနဖာ---
အထက်ပါ တင်ပြချက်တို့မှာ စူလာနဖာ၏ ထူးခြားမှု၊ ထက်မြက်မှု တစိတ်တပိုင်းပင် ဖြစ်သည်။
ဤသို့ ထူးခြားထက်မြက်သော စူလာနဖာငယ်သည် အိန္ဒိယပြည်၌၄င်း၊ ပါကစ္စတန်၌၄င်း၊ ဘင်္ဂလားဒေ့ရှ်၌၄င်း၊ သီဟိုဠ်၊ ထိုင်းနိုင်ငံတို့၌၄င်း၊ မြန်မာပြည်၌၄င်း ပေါက်ရောက်သည်။
စူလာနဖာပင်သည် အမျိုးပေါင်းမြောက်မြားစွာရှိသည်။ ဤသို့ မျိုးကွဲပေါင်း မြောက်မြားစွာရှိကြောင်းတို့ကို အိန္ဒိယ ဆေးကျမ်းများနှင့် မြန်မာနိုင်ငံထွက် ဆေးဝါးဗေဒဆိုင်ရာ စာအုပ်များတွင် ဖော်ညွှန်းပြဆိုထားသည်။


မြန်မာစူလာနဖာနှင့် အိန္ဒိယစူလာနဖာ---
တဖန် အိန္ဒိယပြည်ထုတ် ဆေးကျမ်းများ၌ ဖော်ပြထားသော စူလာနဖာပင် ပုံသဏ္ဍာန်နှင့် မြန်မာ့စူလာနဖာပင် ပုံသဏ္ဍာန်တို့သည် တူသယောင်ရှိသော်လည်း ကွဲပြား ခြားနားနေသည်။
မြန်မာနိုင်ငံရှိ စူလာနဖာပင်၏ အပွင့်သည် ဖြူ၏။ အိန္ဒိယစူလာနဖာအပွင့်မှာ ခရမ်းရောင်ဖြစ်သည်။ အိန္ဒိယစူလာနဖာရွက်သည် ကင်ပွန်းရွက်၊ မန်ကျည်းရွက်ကဲ့သို့ ထိပ်ဝိုင်း၏။ ယခု ရန်ကုန်စူလာနဖာရွက်တို့မှာ ထိပ်ချွန်နေ၏။ ဤသို့ ကွဲပြားခြားနားနေပါသည်။
မည်သို့ပင်ဆိုစေ “တန်ဆေး၊ လွန်ဘေး”ဟူသော စကားပုံအတိုင်း စူလာနဖာကို ဆေးဝါးအဖြစ် သုံးဆောင်သူများ သတိထားရန်လိုသည်။
သို့မဟုတ်ပါက စူလာနဖာကို စွဲမြဲသုံးစွဲပါလျှင် သရက်ရွက်၊ ကျောက်ကပ်နှင့် နှလုံးတို့ကို အားနည်းစေပြီး ဘေးထွက်ဆိုးကျိုးတို့ မုချရရှိစေနိုင်ပါသည်။
အကျိုးပြုသော၊ အဆိပ်ကင်းစင်သော မည်သည့်ဆေးပင်ကိုမဆို တမျိုးတည်းကို နေ့စဉ်ရက်ဆက်
ရှေးဆရာကြီးအများ မသုံးကြပါ။ အကယ်၍ သုံးစွဲမည်ဆိုပါကလည်း တခြားဆေးဖက်ဝင် တခုခုဖြင့် တွဲဖက်သုံးစွဲလေ့ရှိသည်။
ဆေးပစ္စည်းတခုသည် မည်မျှပင်အစွမ်းထက်၊ အပြစ်ကင်းစင်သော်လည်း ၄င်းတမျိုးတည်းကို နေ့စဉ်ရက်ဆက် သုံးစွဲမိပါက ဆိုးကျိုးများ မုချခံစားရမည် ဖြစ်သည်။


ကြစုသီးနှင့် ဆင်တုန်းမနွယ်---
ထို့ကြောင့် စူလာနဖာပင်၏ အကျိုးကျေးဇူးကို ခံစားလိုသူများနှင့် အမြဲမပြတ်သုံးစွဲလိုသူများသည် စူလာနဖာနှင့် ကြစုသီးတို့ကို တွဖြက်၍၄င်း၊ စူလာနဖာနှင့် ဆင်တုန်းမနွယ်တို့ကို တွဖြက်၍၄င်း သုံးဆောင်ရမည်ဟု ရှေးဆရာကြီးများ အမှာရှိပါသည်။
စူလာနဖာ တပင်တည်းကို စွဲမြဲစွာသုံးစွဲမိပါက မုချဘေးထွက်ဆိုးကျိုးများကို ခံစားကြရပြီး ဆေးရုံသို့
ရောက်ရှိကြမည်မှာ  မလွဲပါ။ ထို့ကြောင့် “တန်ဆေး၊ လွန်ဘေး”ဟူသော စကားပုံကို သတိပြုပါကုန်။


စူလာနဖာနှင့် ဆေးအသုံးများ---
တိုင်းရင်းဆေးပညာ
(၁) ချောင်းခြောက်ဆိုးလျှင် စူလာနဖာပင်ကို သုံးခွက်တခွက်တင်ပြုတ်၍ သကြားနှင့်ရောဏပ် သောက်ပါ။
(မနက်နှင့်ည)
(၂) ဝမ်းတွင်းအပူနာများအတွက် စူလာနဖာ သုံးခွက်တခွက်တင်ပြုတ်ရည်ကို သကြားနှင့် ရောစပ်သောက်ပါ။
(မနက်နှင့်ည)
(၃) အသည်းရောင်၊ အဖျားရောဂါ နှင့် အစာအိမ်ရောဂါရှင်များအတွက် စူလာနဖာ သုံးခွက်တခွက်တင်ပြုတ်ရည်ကို သကြားနှင့်သောက်ပါ။ (မနက်နှင့်ည)

အိန္ဒိယဆေးပညာ---
(၁) သွေးအန်သော် စူလာနဖာ သုံးခွက်တခွက်တင် ပြုတ်ရည်တွင် ပျားရည်ရောစပ်တိုက်ပါ။(မနက်နှင့်ည)
(၂) ယားယံသော် စူလာနဖာနှင့် ကြစုသီးတို့ကို အမှုန့်ပြု၍ လျက်ပေးရသည်။
(၃) နာတာရှည်ရောဂါဖြစ်ခဲ့သော် စူလာနဖာနှင့် စမုန်ညိုတို့ကို လေးစိတ်ကွထြောင်း၍ သုံးခွက်တခွက်တင်
ပြုတ်ပြီး မနက်, ည သောက်ပေးရသည်။
(၄) တုတ်နှင့် သန်ကောင်များထမူ စူလာနဖာနှင့် အိပ်မွေ့သီးတို့ကို သုံးခွက်တခွက်တင်ပြု၍
သောက်ပေးရသည်။
(၅) အဖျားအို၊ အဖျားဟောင်းများရှိနေလျှင် စူလာနဖာ၊ ခရမ်းကစော့ခါးနှင့် ဆင်တုန်းမနွယ် ဆတူတို့ကို သုံးခွက်တခွက်တင်ပြုတ်၍  မနက်, ည သောက်ပေးရသည်။


ယူနာနီဆေးပညာ---
(အာယုဗ္ဗေဒဆေးပညာမှ ခွဲထွက်သွားသောပညာရပ်)
စူလာနဖာသည် သွေးကိုသန့်စင်စေရာ၌  အထူးထက်မြက်သော ဆေးတလက်ဖြစ်သည်။ ပျစ်နေသောသွေးကို ကျစြေသည်။ ထို့ကြောင့် သွေးလည်ပတ်မှု မှန်ကန်စေသည်။


နိဃဏ္ဍုရတနာကရအဖွင့်---
(၁) စူလာနဖာပင်များကို ရေခန်းပြု၍ အဆီချည်းကျန်လျှင် ပုလင်းသန့်သန့်၌ထည့်ပြီး အနာအို၊ အနာဟောင်းများကို ဖန်ရည်ဆေးပြီးမှ လိမ်းပေးရသည်။
(၂) အနာများ ငန်းမန်းဝင်၍ဖျားလျှင် စူလာနဖာမြစ်ကို ပျစ်ပျစ်သွေး၍ တိုက်ပေးရသည်။
မှတ်ချက်။ ။
(၁) ဆေးမှုန့်ကို အသုံးပြုလိုလျှင် လေးပဲသားမှ ရှစ်ပဲသား။
(၂) သုံးခွက်တခွက်တင်ပြုတ်ရည်ကို တခါသောက် လက်ဖက်ရည်အကြမ်းပန်းကန် တလုံး။


မောင်ယဉ်နွယ်
(ဂမ္ဘီရ ၂၀၀၆-၆)

No comments: