Wednesday, November 9, 2011

မိခင်နို့

မွေးကင်းစမှ ၆-လအတွင်း ကလေးငယ်တယောက် လိုအပ်သော အာဟာရဓာတ်အားလုံးကို မိခင်နို့တခုတည်းမှ ရရှိနိုင်သဖြင့် မိခင်နို့မှလွဲ၍ မည်သည့်ဖြည့်စွက်စာမျှ ကျွေးမွေးရန် မလိုအပ်ကြောင်း ဗဟိုအမျိုးသမီးဆေးရုံမွေးကင်းစဌာန အထူးကြပ်မတ်ကုသဆောင်မှ ကလေးအထူးကုဆရာဝန်ကြီး တဦးက ပြောသည်။


၆-လမှ ၂-နှစ်အတွင်း မိမိ၏ ရိုးရာအစားအသောက်များတွင် လိုအပ်သော ဗီတာမင်၊ အသား၊ အင်အား၊ သကြားဓာတ်များ ဖြည့်စွက်၍ ကျွေးမွေးရမည့်အပြင် မိခင်နို့ကိုလည်း မပြတ်တိုက်ကျွေးသင့်ကြောင်း WHO မှ တကမ္ဘာလုံးရှိ မိခင်များအား အသိပေးပြောဆိုထားသည်။


၆-လမှ ၂-နှစ်အရွယ်ကလေးများ လိုအပ်သော အာဟာရဓာတ်အားလုံး၏ ၅၀-ရာခိုင်နှုန်းကို မိခင်နို့က
ဖြည့်စွက်ပေးကြောင်း၊ ကျန် ၅၀-ရာခိုင်နှုန်းကို ဖြည့်စွက်စာမှ ရရှိကြောင်း သိရသည်။ ၂-နှစ်ကျော်လွန်လာပါကလည်း ကလေးငယ်အလိုရှိပါက ထပ်မံတိုက်ကျွေးနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ကိုက်ညီသော ဖြည့်စွက်စာမှာ ကလေးငယ်တယောက်၌ လိုအပ်သော ဗီတာမင်၊ အသား၊ အင်အား၊ သကြားစသည့် ဓာတ်များကို ဆရာဝန်နဲ့တိုင်ပင်ကာ ဆန်ပြုတ်အတွင်း  အသား၊ ငါး၊ သီးရွက်များ ရောနှောစီမံသင့်ကြောင်း၊ ထိုသို့ကျွေးမွေးပါက ကလေးငယ်များ လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးနိုင်ကြောင်း သိရသည်။


ကလေးငယ်တယောက်၏ တနေ့တာ နို့သောက်နှုန်းမှာ တကြိမ်လျှင် ၄-အောင်စမှ ၆-အောင်စကြား၊ တနေ့ကို ၈-ကြိမ်နှင့်အထက် သောက်သုံးသဖြင့် မိခင်နို့ကို မသောက်ဘဲ ဖြည့်စွက်စာဖြစ်သော နို့မှုန့်များဖျော်ကာ တိုက်ကျွေးပါက အချို့နို့မှုန့်တွင်ပါဝင်သော မယ်လမင်းဓာတ်များသည် ရက်ပိုင်း၊ လပိုင်းအတွင်း ကလေးငယ်၏
ခန္ဓာကိုယ်အတွင်းသို့ လွန်ကဲစွာဝင်ရောက်လာပြီး ကျောက်ကပ်၌ ကျောက်တည်ကာ ကလေးငယ်တဦး အနေနှင့် မခံစားသင့်သော ဝေဒနာများ ဖြစ်သော သွေးတိုးခြင်း၊ ကျောက်ကပ်ရောင်ခြင်း၊ အဖျားတက်ခြင်း၊ ကျောက်ကပ်ဝန်းကျင် အထိမခံနိုင်ခြင်းများ ခံစားရနိုင်ကြောင်း သိရသည်။


ထို့ပြင် ကုသလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့မှ တာဝန်ရှိသူများက မွေးကင်းစ ကလေးငယ်များအား မိခင်နို့သာ 
တိုက်ကျွေးစေရန် တွင်ကျယ်စွာဆောင်ရွက်သွားမည်ဟု သိရသည်။ 
မိခင်နို့မဟုတ်သော ဖြည့်စွက်စာများသည် ကလေးငယ်များ၏ ကိုယ်ခံစွမ်းအားကို လျော့ကျစေပြီး မလိုလားအပ်သော ရောဂါများလည်း ဝင်ရောက်လာစေနိုင်ကြောင်း၊ ကလေးငယ်များ မိခင်နို့ မသောက်ခြင်းမှာ နို့တိုက်သည့်စနစ် ချို့ယွင်း၍ဖြစ်ကြောင်း၊ မိခင်နို့သာလျှင် ပြင်ပမှ ရောဂါဒဏ်များကို ခံနိုင်ရည်ရှိကြောင်းနှင့် နို့တိုက်နည်းစနစ် ဗဟုသုတ ပြန့်ပွားရေးကိုပါ ဆောင်ရွက်နေကြောင်း သိရသည်။


စွမ်းရဲထွဋ်

No comments: