Thursday, November 17, 2011

အသည်းရောဂါ မေးစရာ

( ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း ဖြေသည်)

အသည်းရောင်အသားဝါ ရောဂါ ဘာကြောင့်ဖြစ်တာလဲ---

သည်းခြေပြွန်လမ်းကြောင်း ပိတ်တာ---
ပုံမှန်အတိုင်းဆိုရင် အဝါဓာတ်တွေကို အသည်းကနေပြီး သည်းခြေပြွန် လမ်းကြောင်းကနေ စွန့်ထုတ်ပစ်ရပါတယ်။ ဒါပေမယ့် သည်းခြေလမ်းကြောင်းမှာ တခုခု ပိတ်နေရင် အဝါဓာတ်တွေ သည်းခြေလမ်းကြောင်းတလျှောက်မှာ မစီးနိုင်ရင် ကိုယ်ထဲမှာ အဝါဓာတ်တွေ လျှံထွက်လာပြီး မျက်လုံးတွေ၊ အသားတွေ၊ ဆီးတွေ ဝါလာတော့တာပေါ့။ အသည်းက မရောင်ပေမယ့် လူတကိုယ်လုံး ဝါနေတယ်၊ ဂျွန်းဒစ် (Jaundice) ဖြစ်နေတယ်။ အဲဒီအခါမျိုးမှာ အသည်းရောင်အသားဝါနဲ့ လွဲမှားတတ်တာပေါ့။ သည်းခြေလမ်းကြောင်းကို ပိတ်တတ်စေတာတွေမှာ အဓိကပြောရရင်တော့ သန်းကောင်၊ သည်းခြေလမ်းကြောင်းကျောက် (Common Bile CBD Stone) နဲ့၊ ကင်ဆာရောဂါတို့ ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်တွေ ပိတ်ရင်တော့ သန်ကောင်နဲ့ ကျောက်ဖြစ်တတ်ပါတယ်။ အသက်ကြီးလာရင်တော့ ကင်ဆာဖြစ်နိုင်တယ်။ ဘာကြောင့်ပဲ ပိတ်ပိတ် သည်းခြေလမ်းကြောင်းပိတ်တာကို ဖွင့်အောင်လုပ်ပြီး ကုလို့ရနိုင်ပါတယ်။ မှန်ပြောင်းကတဆင့် လမ်းကြောင်းဖွင့်တဲ့ အီးအာရ်စီပီ (ERCP) နည်းနဲ့ လုပ်ရင်လည်း ရတယ်။ ခွဲစိတ်ပြီး လမ်းကြောင်းဖွင့်အောင် လုပ်မယ်ဆိုရင်လည်း ရတယ်။ အချိန်မီ လမ်းကြောင်းဖွင့်အောင် မလုပ်နိုင်ရင်တော့ မြန်မြန်ဆန်ဆန်နဲ့ကို သေသွားနိုင်ပါတယ်။

ကင်ဆာ---
နာမည်ကြီး ရုပ်ရှင်၊ ဗွီဒီယို သရုပ်ဆောင်မင်းသမီး တယောက်ရဲ့အဖေဟာ နယ်မှာ တာဝန်ထမ်းဆောင်ရင်းနဲ့ အသားတွေဝါလာတော့ အသားဝါဆိုပြီး ကုတယ်၊ အလုပ်ရှုပ်တာနဲ့ တလလောက်ကြာမှ ရန်ကုန်ကို ရောက်လာပြီး ကျွန်တော်နဲ့ပြတော့မှ အသည်းရောင် အသားဝါရောဂါ မဟုတ်ဘဲ သည်းခြေပြွန်လမ်းကြောင်းဟာ ကင်ဆာကြောင့် ပိတ်နေတာကို တွေ့ရတယ်။ ခွဲစိတ်ပြီး ကုပေးလိုက်ရတယ်။ ဒီလိုပဲ အသားဝါနေတဲ့ လူနာတွေထဲမှာ အသည်းရောင်အသားဝါမဟုတ်ဘဲ သည်းခြေလမ်းကြောင်း ကင်ဆာကြောင့် ပိတ်ပြီး ဝါနေတာတွေ တော်တော်လေး တွေ့ခဲ့ဖူးပါတယ်။

သန်ကောင်---
သန်ကောင်ဟာ အူလမ်းကြောင်းကနေတဆင့် သည်းခြေလမ်းကြောင်းထဲကို ဝင်သွားပြီဆိုရင်
သေတဲ့အထိ ရှေ့ကို တိုးဝင်သွားရင်းနဲ့ အသည်းထဲအထိ ရောက်သွားပြီး လမ်းကြောင်းပိတ်နေတတ်ပါတယ်။ တခါတလေ သည်းခြေလမ်းကြောင်းကြီး တခုလုံးအပြည့် သန်ကောင် သုံး-လေးကောင်လောက် ပိတ်နေတာ တွေ့ရပါတယ်။ သန်ကောင်အရှင် တို့လို့တန်းလန်းနဲ့ ပိတ်နေလို့ အစာအိမ်မှန်ပြောင်းနဲ့ ဆွဲထုတ်ရတာလည်း တော်တော်လေး တွေ့ရပါတယ်။


ကျောက် (STONE)---
သည်းခြေလမ်းကြောင်းမှာ ကျောက်တွေပိတ်ပြီး တကိုယ်လုံး ဝါနေတာလည်း တွေ့ဖူးပါတယ်။ တယ်လီဗေးရှင်း ဓာတ်မှန်မှာ ဒီကျောက်တွေကို တွေ့ချင်မှ တွေ့ရမယ်။  မှန်ပြောင်းနဲ့ သည်းခြေလမ်းကြောင်းကို ကြည့်လိုက်တဲ့အခါ ရောက်တော့မှ ကျောက်တွေရှိတာကို တွေ့ရတတ်ပါတယ်။ သည်းခြေလမ်းကြောင်း ကျောက်တွေကို ခွဲစိတ်ပြီး ကုလို့ရသလို အခုခေတ်မှာတော့ မှန်ပြောင်းနဲ့
ကျောက်တွေကို ဆွဲထုတ်လို့လည်း ရပါတယ်။ ကျောက်တွေကြီးနေရင်တော့ သံညှပ်တွေနဲ့
ခြေပစ်လိုက်လို့ရပါတယ်။ ဒီလို အီးအာရ်စီပီ(ERCP) မှန်ပြောင်းနဲ့ ကုတဲ့စနစ်ဟာ တော်တော်လေးကို လူနာကို သက်သက်သာသာနဲ့ စရိတ်လည်းနည်း၊ အန္တရာယ်လည်း ကင်းပြီး မခွဲရ-မစိတ်ရ ကုလို့ရတဲ့
ခေတ်ပေါ်နည်းတခုပါ။ ဒီနည်းနဲ့ ရန်ကုန်၊ မန္တလေး ဆေးရုံကြီးတွေမှာ ကုလို့ရနေပါပြီ။


သည်းခြေလမ်းကြောင်းကျဉ်းတာ---
တခါတလေ ရောက်တော့ သည်းခြေလမ်းကြောင်း ခဏခဏရောင်ပြီး (Cholongitis) သည်းခြေလမ်းကြောင်း တနေရာရာမှာ အနာရွတ်ထင်ပြီး လမ်းကြောင်းပိတ်နေရင်လည်း အသားဝါတတ်ပါတယ်။ အဲဒီလိုဆိုရင် (ERCP) မှန်ပြောင်းနည်းနဲ့ လမ်းကြောင်းချဲ့ပစ်လိုက်လို့ရှိရင်လည်း မခွဲမစိတ်ဘဲ လွယ်လွယ်လေး လမ်းကြောင်း ဖွင့်သွားပြီး အဝါလျော့သွားအောင်၊ ရောဂါပျောက်သွားအောင် လုပ်ပေးနိုင်ပါတယ်။


ဆက်လက်ဖော်ပြပါမည်။
ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း (အသည်းရောဂါအထူးကုဆရာဝန်ကြီး)


(ကလျာမဂ္ဂဇင်း ၂၀၀၆-ခု ဒီဇင်္ဘာလ)

No comments: