တခါတခါ ကမ္ဘာလောကကြီးက တမင်တကာလုပ်တာလား၊ ဒုက္ခပေးတာလား၊ အရွဲ့တိုက်တာလား ထင်အောင် ဖြစ်တတ်သည်။ ငွေကြေးတတ်နိုင်သူ တော်တော်များများ လက်ထပ်ပြီး ကိုယ်ဝန်မရကြပါ။ လစဉ် သွေးလာတိုင်း ငိုကြရပါသည်။ အိမ်ဖော် ဖွားခင်တို့၊ အဝတ်လျှော်သူ ဒေါ်မတုတ်တို့ကြတော့ တနှစ်တယောက်၊ တနှစ်ခြားတယောက် မှန်မှန်မွေးကြပါသည်။ အိမ်မှာ ထိန်းမည့်သူ မရှိ၍
ခေါ်မတုတ် အဝတ်လျှော်ရာ ကလေးတယောက် နှစ်ယောက် ခေါ်သွားရသည်။ စားစရာ ကောင်းစွာ မကျွေးနိုင်၍ ကလေးလေးတွေမှာ ပိန်ချိချိ ညောင်နာနာနှင့် လူစဉ်မမီကြ။
သို့သော် ဖွားခင်တို့ ဒေါ်မတုတ်တို့ကို သွားပြီး“ဆရာဝန်နဲ့ ပြပါလား၊ တားဆေးလေး သားဆက်ခြားဆေးတွေ သောက်ပါလား”ဟု အိမ်ရှင်က ပြောလျှင် သူတို့က ဗုဒ္ဓဘာသာတွေမို့ တားဆေးတို့၊ ခြားဆေးတို့သောက်လျှင် ငရဲကြီးတတ်သည်ဟု တထစ်ချ ယုံကြည်ထားကြသည်။ “သူကုသိုလ်နဲ့သူပေါ့ အမရယ်၊ လာမယ့်လူကို မတားကောင်းပါဘူး”ဟု ပေါ့ပေါ့တန်တန် ဖြေလေသည်။ ကလေးသိပ်လိုချင်ကြသော မောင်ချစ်တို့ လင်မယားတို့ရောက်တော့ ရင်သွေးက တော်တော်နှင့်ပေါ်မလာ၊
ငွေကြေးတတ်နိုင်သော ဘကြီးလုံ၏ တဦးတည်းသော သား မောင်ထင်လင်း ရောက်ပြန်တော့လည်း ဘယ်လိုဆရာဝန်နဲ့ပြပြ ကုသိုလ်နည်းလို့လားမသိ တော်တော်နှင့် သားသမီးမရ၊ ကြာတော့ ဝမ်းနည်းလာကြသည်။ စိတ်ဆင်းရဲလာကြသည်။ အိမ်ထောင်ရေး အတွယ်အတာကင်းမဲ့၍ မသာမယာ
ဖြစ်လာကြသည်။ တိုဟူးရောင်းသူ ဒေါ်စံ၏ သမီး မတင် နှင့် မရင်-ကျတော့ တဦးကိုတဦး ခုနစ်ယောက်၊ ရှစ်ယောက်လောက် မွေးကြပြန်သည်။
သူတို့ကျတော့ နှံ့စပ်သူပီပီ ဆရာဝန်မများ အိမ်ရောက်တိုင်း ကိုယ်ဝန်တားဆေးများကို တောင်းသောက် ကြသည်။ စိတ်မြန်သူ မတင်ကျတော့ “ထိုးဆေးလေးရှိရင် ထိုးပေးပါဦး ဆရာရယ်”ဟု ကပ်ချွဲတတ်သည်။ ယခုလို တောင်းဆိုပြန်တော့လည်း အိမ်တွင် အဝတ်လျှော် မီးပူတိုက်နေကျ မတင်ကို သနားပြီး ဆရာဝန်မ ဒေါ်ကြည်ကြည်က Depo-Provera-ခေါ်သည့် ဆေး ထိုးပေးသည်။ မတင်တို့ မရင်တို့ သန္ဓေခြားသွား ကြသည်ကို တွေ့ရတော့ သူတို့၏အိမ်နီးနားချင်း မုန့်ဟင်းခါးသည် မခင်ထားကလည်း သဘောကျပြီး ဆရာဝန်မ ဒေါ်ကြည်ကြည်၏ ဆေးခန်းသို့သွားရောက်ပြီး အထိုးခံသည်။ ဒီလိုအထိုးခံလိုက်တော့ မခင်ထား၏ ကလေးနီးသော ဝေဒနာလည်း သက်သာလာသည်။
သို့သော် ဤတားဆေး၊ ထိုးဆေးများသည် ဟိုမုန်းများ ဖြစ်သည်။ ဤဟိုမုန်းများသည် အမျိုးသမီး၏ သားဥအိမ်မှ သန္ဓေဥများ စီးထွက်လာမှုကို ကာကွယ်သော်လည်း ဤသဘာဝကို တားဆီးသော သဘာဝနှင့် ဆန့်ကျင်သောဆေးများ၊ ဟိုမုန်းများကြောင့် လူ၏ ခန္ဓာကိုယ်ရော စိတ်ကိုပါ ထိခိုက်လာသည်။ ဤ Depo-Provera ဟိုမုန်းကို အထိုးခံသူ၏ ခန္ဓာကိုယ်တွင်းဝယ် အဆီများ စုလာသည်။ အဆီတွေက ပုံမှန်များလာခြင်း မဟုတ်ဘဲ များသင့်သောနေရာ မများ၊ မများသင့်သောနေရာများတွင် စုပုံများလာ၍ လူကြီးမှာ ဝလာသယောင် ထင်ရသည်။ လေးလံထိုင်းမှိုင်းလာသည်။ နှလုံးသွေးကြောဝန်းကျင်တွင်လည်း ဤအဆီများ စုလာသဖြင့် ရင်ဘတ်အောင့်လာသည်။ ရင်တုန်လာသည်။ နှလုံးရောဂါလိုလို
နှလုံးသွေးကြောကျဉ်း ရောဂါလိုလို ခံစားရသည်။ ပို၍ဆိုးသည်က ဤဆေးများသည် လူ၏စိတ်ကိုလည်း ပြောင်းလဲစေသည်။
မခင်ထားသည် တားဆေးထိုးဖန်များတော့ ဤဆေး၏ ဆိုးကျိုးများကို ခံနေရသည်။ စိတ်သည် တည်ကြည်မှု၊ ဂနာငြိမ်မှု မရှိတော့ဘဲ သူ့အဆိုအရ “ရူးချင်သလိုလို”ဖြစ်လာသည်။ ရင်ကလည်း တုန်၊ နှလုံးက ခုန်၍ နေမထိ ထိုင်မသာ ဖြစ်နေသည်။ သူ၏ပါးစပ်ကလည်း “ကျွန်မတော့ ရူးတော့မယ် ထင်တယ်”ဟု တွင်တွင် ပြောနေသည်။ သူ၏သွေးအား၊ သွေးခုန်နှုန်း၊ နှလုံးတို့ကို စမ်းကြည့်ပြန်တော့လည်း အားလုံးကောင်းနေသည်။ သို့ဖြင့် မခင်ထားအား “မခင်ထား ရောဂါက (၃)လတကြိမ် ထိုးနေတဲ့ တားဆေးကြောင့် ဖြစ်တာ”ဟု တည့်တည့်ပင် ပြောလိုက်ရသည်။ “အဲဒီတော့ ဒီဆေးရဲ့ အရှိန် မပြေမချင်းတော့ ဒီလို စိတ်ဂယောင်ချောက်ခြား ဖြစ်မှုတွေ ခံနေရဦးမှာပဲ”ဟု ရှင်းပြပြီး သူ့အား စိုးရိမ်စိတ်၊ ကြောက်စိတ်၊ စိတ်လှုပ်ရှားမှု နည်းစေသောဆေးများ ပေးလိုက်သည်။ နောက်ထပ် ဒီတားဆေးတွေ ဆက်မသောက်ဖို့၊ မထိုးဖို့လည်း မှာလိုက်ရသည်။ မခင်ထားကဲ့သို့ ဤသေန္ဓတားဆေး၊ စားဆေး၊ ထိုးဆေးတွေ အထိုးခံပြီး စိတ်ကယောက်ကယက် ရောဂါသည်တွေ တော်တော်များများ တွေ့ရသည်။
သို့ဖြင့် ဤသို့တွေ့ရသည့် လူနာများကို တားဆေးတွေ စားခြင်း၊ သောက်ခြင်းများ ရပ်ပြီး သားအိမ်တွင်းသို့ ကာကွယ်ပစ္စည်းများထည့်ဖို့ အကြံပေးရသည်။ I.U.C.D (ခေါ်) ဤကာကွယ်ပစ္စည်းများ ထည့်သွင်းခြင်းက
ရေရှည်တွင် ခန္ဓာကိုယ်နှင့် စိတ်၏ ကျန်းမာမှုကို မထိခိုက်နိုင်ကြောင်း တင်ပြလိုက်ပါသည်။
ကမ္ဗောဇ ခင်လှိုင်
(ကလျာမဂ္ဂဇင်း ၂၀၀၆-ခု ဒီဇင်္ဘာလ)

No comments:
Post a Comment