Tuesday, November 22, 2011

ရတနာသုံးပါးကို ရှိခိုးပူဇော်ပုံ

ဗုဒ္ဓံ ပူဇေမိ
ဗုဒ္ဓံ-သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တိုင်မြင်သည့် ရှင်တော်မြတ်ဘုရားကို၊
ပူဇေမိ-နှစ်စုံ လက်-ဒူး, မြတ်နဖူးဖြင့်, ညွတ်နူးဝပ်စင်း,မြေ၌ခင်း၍, တည်ခြင်း(ထိခြင်း)ငါးမည်, စုံအညီဖြင့်, ဂုဏ်ရည်မြော်ကိုး, လွန်မြတ်နိုးလျက်, ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။

ဓမ္မံ ပူဇေမိ
ဓမ္မံ-မဂ်-ဖိုလ်-နိဗ္ဗာန်, ဓမ္မက္ခန်ဟု, ဆယ်တန်ပိုင်းခြား, ခွဲဝေထားသည့်, တရားတော်မြတ်ရတနာကို၊
ပူဇေမိ-ခြေ-လက်-နဖူး, တတောင်-ဒူးဖြင့်, ညွတ်နူးဝပ်စင်း, မြေ၌ခင်း၍, တည်ခြင်း(ထိခြင်း)ငါးမည်, စုံအညီဖြင့်, ဂုစ်ရည်မြော်ကိုး, လွန်မြတ်နိုးလျက်, ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။

သံဃံ ပူဇေမိ
သံဃံ-မဂ္ဂဋ္ဌာန်-ဖလဋ္ဌာန်, ရှစ်တန်ထင်ပေါ်, သူတော်စင်ကောင်း, အရိယာသံဃာတော် အပေါင်းကို၊
ပူဇေမိ-စံပယ်လက်အုပ်,ခြေဆုပ် မေတ္တာ, ရိုသေစွာဖြင့်, ညွတ်ကာဝပ်စင်း, မြေ၌ခင်း၍, တည်ခြင်း(ထိခြင်း)ငါးမည်, စုံအညီဖြင့်, ဂုဏ်ရည်မြော်ကိုး, လွန်မြတ်နိုးလျက်, ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။


ကိုယ်ဖြင့် ရှိခိုးပုံ (ကာယ ပဏာမ)
ဆောင့်ကြောင့်ထိုင်၍ ဦးခေါင်းကို မြေ၌ချ ရှိခိုးခြင်း (သို့မဟုတ်) လက်အုပ်ချီမိုး ရှိခိုးခြင်းနှင့် မတ်တတ်ရပ်၍ ဦးခေါင်းညွတ် ရှိခိုးခြင်းသည် “ကာယ ပဏာမ” ကိုယ်ဖြင့် ရှိခိုးခြင်းမည်၏။ 
ယင်းသို့ ကိုယ်ဖြင့်ရှိခိုးဦးချ ကန်တော့ကြရာတွင် လက်ခုပ်နှစ်ဘက်ကို ကြာငုံသဏ္ဌာန် လက်အုပ်ပြုလုပ်ပြီး ထိုလက်အုပ်(ကြာငုံ)ကို ဦးထိပ်ရောက်အောင် မြှောက်ချီ၍ လက်မကို မျက်မှောင်ကြား၌ ထားလျက် လက်ညှိုးကို နဖူးဆံစ၌ တည်စေကာ ရှိခိုးခြင်းသည် “အဉ္ဇလီကမ္မ” လက်အုပ်ချီမိုး ရှိခိုးခြင်းမည်၏။


တဖန် “ပုဆစ်နှစ်ဘက်, တတောင်နှစ်ဘက်, ဦးခေါင်း, ဤငါးပါးသော အင်္ဂါတို့ကို မြေ၌ထိစေ၍ တည်ခြင်း (ထိခြင်း)ငါးပါးတို့ဖြင့် ရှိခိုးဦးချ ကန်တော့ကြခြင်းသည် “ပဉ္စပတိဋ္ဌိတ”တည်ခြင်း(ထိခြင်း) ငါးပါးဖြင့် မြေ၌ခေါင်းချ ရှိခိုးခြင်းမည်၏။


ယင်းသို့ တည်ခြင်း(ထိခြင်း) ငါးပါးဖြင့် မြေ၌ခေါင်းချ ရှိခိုးကန်တော့ကြပြီးနောက် ရှိခိုးခံသူ (ရတနာသုံးပါး ဆရာမိဘများ)ထံမှ ပြန်လိုသည့်အခါတွင် ထိုပုဂ္ဂိုလ်များကို ရုတ်တရက်မျက်နှာလွှဲ၍ ကျောပေး၍ မပြန်ပဲ လက်အုပ်ချီ နောက်ဆုတ်သွားကာ ထိုပုဂ္ဂိုလ်တို့ မမြင်နိုင်လောက်သည့် အရပ်ရောက်မှ တည်ခြင်း(ထိခြင်း)ငါးပါးဖြင့် ရှိခိုးဦးချ ကန်တော့၍ ပြန်လှည့်ပုံကို (သီလက္ခန် အဋ္ဌကထာ၊ သာမညဖလသုတ်၊ ၂၁၂)၌ ပြဆိုထားပေသည်။


တည်ခြင်း(ထိခြင်း)ငါးပါး အယူအဆများ---
တည်ခြင်း(ထိခြင်း)ငါးပါးကို ဖော်ပြကြရာတွင် တကျမ်းနှင့်တကျမ်း အဆိုမတူကြပေ။ အဆို(၃)မျိုး ကွဲပြားလျက်ရှိပေသည်။
(၁) ပဋိသမ္ဘိဒါမဂ် ဂဏ္ဌိပုဒ်၌ “နှစ်စုံ လက်-ဒူး, မြတ်နဖူးဖြင့်, ညွတ်နူးဝပ်စင်း, မြေ၌ခင်း၍” ထိခြင်းငါးပါးဖြင့် ရှိခိုးရမည်ဟု ဆိုသည်။
(၂) သီလက္ခန်ဋီကာသစ်၊ ဒု၊ နှာ-၁၈-၌ “ခြေ-လက်-နဖူး, တတောင်-ဒူး ဖြင့် ညွတ်နူးဝပ်စင်း, မြေ၌ခင်း၍” ထိခြင်းငါးပါးဖြင့် ရှိခိုးရမည်ဟု ဆိုသည်။
(၃) ပရိဝါပါဠိတော် ကထိနတ္ထာရဝဂ်၌ကား “စံပယ်လက်အုပ်, ခြေဆုပ်မေတ္တာ, ရိုသေစွာဖြင့် ညွတ်ကာဝပ်စင်း မြေ၌ခင်း၍” ထိခြင်းငါးပါးဖြင့် ရှိခိုးရမည်ဟု ဆိုသည်။


အဆိုပါ ရှိခိုးနည်း သုံးမျိုးတွင် ပါရိဝါပါဠိတော်လာ နောက်ဆုံး ရှိခိုးနည်းမှာ အနီးမျက်မှောက်၌ ရှိခိုးစဉ်အခါ ပြုအပ်သော ကျင့်ဝတ်များသာဖြစ်၍ အဝေးမှာ ရှိခိုးရာ၌ မရနိုင်သောကြောင့် ပဋိသမ္ဘိဒါမဂ် ဂဏ္ဌိပုဒ်နှင့် သီလက္ခန်ဋီကာသစ်လာ ရှိခိုးနည်းကိုသာတွင်ကျယ်စွာ အသုံးပြုကြသည်။ ထိုနှစ်နည်းတွင်လည်း ပဋိသမ္ဘိဒါမဂ် ဂဏ္ဌိပုဒ်လာ (ပထမ)နည်းသာ သင့်လျော်ကောင်းမြတ်ပေသည်ဟု ပါရမီဒီပနီ ၂၅-တွင် လယ်တီ ဆရာတော်ဘုရားကြီး ဆုံးဖြတ်ထားပါသည်။


မတ်တတ်ရပ် ရှိခိုးပုံ---
အကယ်၍ မြေ၌ခေါင်းချ၍ ရှိခိုးရန် ခွင့်မသာခဲ့သော် မတ်တတ်ရပ်လျက်သာလျှင် ကိုယ်ကို ရှေ့သို့ညွတ်၍ လက်အုပ်ချီပြီး ဦးညွတ်ကန်တော့နိုင်ကြောင်း (သာရတ္ထဒီပနီ ဋီကာ၊ တ-၄၃)နှင့် (ဝိနယာလင်္ကာရ ဋီကာ၊ ဒု-၃၆၈) တို့၌ မိန့်ဆိုထားပေသည်။ 
ရှိခိုးနည်းမှာ “ခြေစုံရပ်တည် လက်အုပ်ချီလျက် ဦးတည်ညွတ်ကျိုး” ရှိခိုးရပေမည်။


နှုတ်ဖြင့် ရှိခိုးပုံ (ဝစီ ပဏာမ) 
“ဗုဒ္ဓံ ပူဇေမိ” စသည်ဖြင့်၎င်း၊ “သြကာသ”စသည်ဖြင့်၎င်း၊ နှုတ်ဖြင့်ရွတ်ဆို၍ ရှိခိုးခြင်းသည် “ဝစီပဏာမ” နှုတ်ဖြင့် ရှိခိုးခြင်းမည်၏။ 
( သြကာသ ဘုရားရှိခိုး-အမျိုးမျိုး ရှိကြ၏)


ဘုရားရှင်လက်ထက်တော်၌ကား ပင်ကိုယ်က ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်သေးပဲ ယခုမှ ကြည်ညိုသဖြင့် ကိုးကွယ်ဆည်းကပ်မည့်သူများ ဖြစ်လျှင် “တပည့်တော်သည် ဘုရား တရား သံဃာများကို ကိုးကွယ်ဆည်းကပ်ပါ၏၊ ယနေ့မှစ၍ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါ” စသောအားဖြင့် လျှောက်ထား၍ အရိုအသေပေး ရှိခိုးလေ့ရှိကြပါသည်။


စိတ်ဖြင့် ရှိခိုးပုံ (မနော ပဏာမ)
ကိုယ့်ဖြင့် ဦးညွတ်ရှိခိုးရာတွင်၎င်း, နှုတ်ဖြင့် ရွတ်ဆိုသီကျူး၍ ရှိခိုးရာတွင်၎င်း ရှေ့အဖို့ နောက်အဖို့ 
ဖြစ်သော စေတနာပြဋ္ဌာန်းသော ကုသိုလ်ဇောစိတ္တုပ္ပါဒ်သည် “မနော ပဏာမ” စိတ်ဖြင့် ရှိခိုးခြင်းမည်၏။ 
ဦးသုံးကြိမ်ချ၍ ရှိခိုးကြရာ၌ စိတ်ကလည်း ဘုရားသခင်စသည်ကို အာရုံမပြု၊ နှုတ်ကလည်း ဗုဒ္ဓံ ပူဇေမိ-စသည်ဖြင့် မရွတ်ဆိုပဲ ဝတ်ကျေဝတ်ကုန် ဦးချသူတို့မှာ ကာယကံ ကုသိုလ်မျှသာဖြစ်သည်။ 
အချို့ကား ဗုဒ္ဓံ ပူဇေမိ-စသည်ဖြင့် နှုတ်မှ ရွတ်ဆို၏။ ကိုယ်ဖြင့် ရှိခိုး၏။ စိတ်က ဘုရားစသောအာရုံသို့ မရောက်၊ ထိုပုဂ္ဂိုလ်များမှာ မနောကံ ကုသိုလ်မဖြစ်။ ကာယကံ ဝစီကံ နှစ်မျိုးသာ ဖြစ်ပေသည်။
ထို့ကြောင့် ကံသုံးပါးမြောက်အောင်  စိတ်က ဘုရားစသည်ကို အာရုံပြု၍, ဗုဒ္ဓံ ပူဇေမိ-စသည်ကို 
နှုတ်ကရွတ်ဆိုပြီး, ရှိခိုးဦးချ ကန်တော့ကြရမည်။ သို့မှသာ ကုယကံ ကုသိုလ်, ဝစီကံ ကုသိုလ်, မနောကံ ကုသိုလ် သုံးမျိုးလုံးကို အပြည့်အဝ ရနိုင်ကြပါမည်။


ရှိခိုးရာ၌ မှတ်သားဖွယ်---
အချို့ ပညာရှိ သူတော်ကောင်းတို့ကား မိမိက ရှိခိုးဦးချသည့်အခါဖြစ်စေ၊ မိမိက ရှိခိုးဦးချ ခံရသည့်အခါဖြစ်စေ မည်သည့်အခါမဆို ဂုဏ်တော်များကို ရွတ်ဖတ်ပွားများလေ့ရှိသည်ကို တွေ့ရသည်။ 
ရှိခိုးဦးချသည့်အခါ၌ ရွတ်ခြင်းကား ရှိခိုးမှုနှင့်စပ်၍ ကာယကံ ကုသိုလ်အပြင် ဝစီကံကုသိုလ် မနောကံကုသိုလ်များပါ ဖြစ်စေရန် ရည်သန်ကြောင်း သိရသည်။
ရှိခိုးခံသည့်အခါ၌ ရွတ်ခြင်းကား ရှိခိုးခံထိုက်သူ ဖြစ်စေရန်ဟု ဆိုပါသည်။ လွန်စွာ အဓိပ္ပါယ်ရှိ၍ လေးစားလိုက်နာ မှတ်သားဖွယ်ကောင်းလေစွ။

No comments: