Thursday, November 24, 2011

ရင်သွေးငယ်၏ အနာဂတ်အရေး

ယနေ့ ကလေးသူငယ် လူမမည်ကလေးများသည် နောင်အနာဂတ်အတွက် မျိုးဆက်သစ်များ ဖြစ်ကြပေသည်။ ကလေးသူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်မှ နောင်တခေတ် လူနေမှုစနစ်သည်လည်း ဖွံ့ဖြိုးတိုးတက်လာပေ မည်။ ကလေးသူငယ်တို့၏ အထွေထွေ ဖွံ့ဖြိုးမှုသည် မိဘများ ငယ်စဉ်ကထက် ပိုမိုရန် လိုပေသည်။ သို့မဟုတ်ပါက လူသားမျိုးဆက်၌ ဖွံ့ဖြိုးတိုးတက်လာမည် မဟုတ်ချေ။

ကလေးသူငယ်တို့ဘဝ ဖွံ့ဖြိုးတိုးတက်ရန် မည့်သို့လုပ်မည်နည်း။ ဤမေးခွန်း၏ အဖြေကို ကမ္ဘာအရပ်ရပ်ရှိ သိပ္ပံပညာရှင်များက အကြိမ်ကြိမ် သုတေသနပြုလုပ်ကာ ရှာဖွေခဲ့ကြသည်။ ၄င်း ရှာဖွေတွေ့ရှိချက်များမှ အရေးပါသော အချက်များကို စုစည်းတင်ပြလိုက်ပါသည်။

ယုယစွာ ပြောပြုမူပါ---
ကလေးသူငယ်များသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ၌ပါ အလွန်နုနယ်ပေသည်။ ကလေးအရွယ်တွင် အတွေးမှား၊ အမြင်မှားများ သိမြင်သွားပါက နောင်တချိန် လူကြီးဖြစ်ချိန်အထိ ထိုအတွေးအမြင်များက “ကျွဲကူးရေပါ”သဖွယ် ယှဉ်တွဲပါသွားတတ်သည်။ ထို့ကြောင့် ကလေးသူငယ် များကိုသော်၎င်း၊ ကလေးသူငယ်များ ရှေ့တွင်သော်၎င်း၊ ကြမ်းတမ်းသော အပြုအမူ အပြောအဆိုကို ရှောင်ကြဉ်ရမည်။

ကလေးသူငယ်များသည် ယုယမှုကို အလိုရှိကြသည်။ သူတို့ကို ချစ်ခင်ကြသည်ကို လိုချင်သည်။ ချီးကျူးခံရမှုကို ရယူလိုသည်။ ကလေးတဦးဦး အလုပ်တခု သို့မဟုတ်-ကစားမှုတခု လုပ်နေသည်ကိုတွေ့တိုင်း “ဟာ ကလေးက သိပ်တော်တာပဲ၊ လိမ္မာလိုက်တာ၊ ဒါကြောင့် ချစ်ရတာ” စသည်ဖြင့် ပြောဆိုပေးပါ။

ကစားခြင်းသည် မလွဲမသွေ လိုအပ်--- 
ကလေးတိုင်း ကလေးတိုင်းသည် ကစားမှု ပြုရသည်ကို ပျော်ရွှင်နေတတ်သည်။ အကယ်၍ သင့်ကလေးသည် မကစားဘဲ မှိုင်တွေ ငေးမောနေပါက ချို့ယွင်းချက်တရပ် ရှိနေပြီဖြစ်သည်။ ထိုအခါ နီးစပ်ရာ ကလေးဆရာဝန်ထံ ပြသ၍  အကူအညီတောင်းခံသင့်သည်။ 
ကလေးကစားနေသည်ကို “မကစားနဲ့”ဟု မတားမြစ်သင့်ပေ။ ထို့ပြင်“ဟိုဟာ ကစား၊ ဒါကို မကစားနဲ့”စသည်ဖြင့် ထိန်းချုပ်ကန့်သတ်မှုများ မပြုလုပ်သင့်ချေ။ မသင့်လျော်သော ကစားနည်းကို ကစားနေပါက မကစားသင့်ကြောင်း ကလေးနားလည်နိုင်သည့် အသုံးအနှုန်းဖြင့် ရှင်းပြပေးပါ။ သို့မဟုတ်လျှင်လည်း ကလေး စိတ်ပြောင်းသွားအောင် ညင်သာစွာ ပြုပြင်ဖန်တီးပေးပါ။ ဤနေရာတွင် မိဘ၏ လိမ္မာပါးနပ်မှုသည် အရေးပါပါသည်။


ကလေးကို ဝေဖန်ပြစ်တင်မှု မပြုရ---
ကလေးသူငယ်များသည် စူးစမ်းလိုကြသည်။ အရာရာကို သိလို၊ တတ်လို နားလည်လိုကြသည်။ စူးစမ်း လေ့လာလိုသောစိတ်ကြောင့် သူတို့မလုပ်ဖူးသော-မကြုံဖူးသော အလုပ်တို့ကို လုပ်ကြည့်တတ်ကြ သည်။ ထိုအခါ ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းပြီး အတွေ့အကြုံ မရင့်ကျက်သေးသည့်အတွက် အမှားများကို မှားမိတတ်ကြသည်။ ထိုအခါ ကလေးငယ်ကို ဝေဖန်ပြစ်တင်ခြင်း၊ မာန်မဲခြင်း၊ ဆူပူခြင်းတို့ကို အလွယ်နှင့် ပြုလုပ်မိတော့သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကလေးတို့၏ စူးစမ်း သိမြင်လိုစိတ်၊ တီထွင် လုပ်ကိုင်လိုစိတ်များ ကျဆင်းသွားပြီး နောင်လူကြီးဖြစ်လာချိန်တွင် သူများနောက်လိုက်အဖြစ်သာ နိဋ္ဌိတံသွား တတ်ပေသည်။


ကလေးကို မရိုက်ရ---
ကလေးများ အမှားလုပ်မိလျှင်သော်၎င်း၊ မိမိစိတ် အခန့်မသင့်လျှင်သော်၎င်း၊ ကလေးများကို မိဘများက ရိုက်တတ်ကြသည်။ တချို့မှာ ရိုက်နေရင်းမှာပင် “ကြောက်ပြီလား၊ တိတ်စမ်း မငိုနဲ့၊ တိတ်ဆိုတိတ်” စသည်ဖြင့် မာန်မဲတတ်သည်။ ထိုကလေးသည် ထိုသို့ ပြုမူခြင်း ခံရပြီးသည်မှစ၍ အရာရာကို ကြောက်တတ်သော၊ မလိုအပ်သည်ကို အလွန်အမင်း စိုးရိမ်ပူပန်တတ်သော၊ မကောင်းမှု ကိစ္စများ အပါအဝင် အမှုကိစ္စများ
ပြုလုပ်ရာတွင် လျှို့ဝှက်စွာ ခိုးလုပ်တတ်သော အကျင့်များ စွဲသွားတတ်သည်။ ထိုအကျင့်များသည် လူကြီးဘဝ ရောက်သည်အထိ ဖျောက်ဖျက်၍ မရနိုင်လောက်အောင် စွဲမြဲသွားတတ်သည်။
ထို့ကြောင့် ကလေးငယ်ကို မရိုက်သင့်ပေ။


ကလေးကို မခြောက်လှန့်ရ---
တချို့က ရှိသေးသည် “သရဲကြီး လာနေပြီ” “ဒေဝေါကြီး လာနေပြီ” “ကုလားကြီး လာနေပြီ၊ ကုလားကြီးရေ သည်ကလေးကို လာဖမ်းသွားပါ” စသည်ဖြင့် အဓိပ္ပါယ်မဲ့ ခြောက်လှန့်တတ်သည်။ ဤသည်မှာလည်း လူကြီးများ ရှောင်သင့်သော အပြုအမူဖြစ်သည်။ သင် ထိုသို့ ပြုမူခြင်းဖြင့် သင့်ကလေးသည် အလွန်အမင်း ကြောက်တတ်ခြင်း၊ လူကြီး၏ စကားအပေါ် ယုံမှားသံသယရှိလာခြင်း၊ လူကြီးများသည် လိမ်ပြောတတ်သည်ဟု ထင်လာခြင်း၊ နောင်အခါ လူကြီးများကို အတုယူကာ လိမ်ပြောတတ်လာ 
ခြင်းများ ဖြစ်လာတတ်သည်။ သင့်ကလေး ထိုသို့ မဖြစ်စေချင်ပါက ကလေးကို မခြောက်လှန့်ပါနဲ့။ 


ကလေးများထံမှ အကူအညီတောင်းပါ---
ကလေးများကို သင့်လျော်သော အလုပ်ကို လုပ်ခိုင်းနိုင်ပါသည်။ သို့သော် အတင်းအကျပ် မခိုင်းပါနဲ့။ “အမှိုက်တွေက ရှုပ်နေတာပဲကွယ်၊ အမေလဲ မလှည်းနိုင်တော့ဘူး၊ သားလေး အမေ့ကို ကူညီတဲ့အနေနဲ့ တံမြက်စည်း လှည်းပေးနော်” စသည်ဖြင့် ညင်သာစွာပြောပါ။ ထိုသို့ ပြောသည့်တိုင် အလုပ် ကူမလုပ်သေးပါက ထိုအလုပ်၏ အရေးပါပုံကို ရှင်းပြပြီး နားလည်အောင် ပြောဆိုပါ။ ကူညီလုပ်ဆောင်မှုပြီးပါက “သားက သိပ်လိမ္မာတာပဲ၊ နောက်လဲ မေမေ့ကို ကူဦးနော်” စသည်ဖြင့် ချီးကျူးပါ။ ပွေ့ဖက် နမ်းရှုပ်ကာ ယုယခင်မင်မှုကို ပြသပါ။ ဤသို့ဖြင့် ကလေးများ အလုပ်တွင် စိတ်ပါဝင်စားအောင် ပြုလုပ်နိုင်ပါသည်။


ကလေးများအတွက် စံပြဖြစ်ပါစေ---
ကလေးသူငယ်များသည် အတုမြင်ခြင်း၊ အတတ်သင်တတ်ကြသည်။ သို့ဖြစ်၍ ကလေးများရှေ့တွင် ပြောဆိုပြုမူရာတွင် အထူးသတိပြုပါ။ ကလေးရှေ့တွင် ဆဲဆို၍ ကြမ်းတမ်းစွာ ပြောဆိုပါက ကလေးငယ်သည်လည်း ထိုသို့ပင် ကြမ်းတမ်းစွာ ပြုမူပြောဆိုပေလိမ့်မည်။ ထို့ကြောင့် ကလေးရှေ့တွင် လူကြီးကိုယ်တိုင်က စံပြ နမူနာဖြစ်အောင် ယဉ်ကျေးစွာ နေပေးပါ။ သို့မှသာ ကလေးများသည် ယဉ်ကျေးပျူငှာစွာ နေထိုင်တတ်လာပေမည်။


အတင်းအကျပ် ပညာသင်ပေးမှုကို မပြုပါနဲ့---
အခြားအရေးကြီးသော အချက်တချက်မှာ ကလေးသူငယ်များကို ပညာသင်ကြားရေးကိစ္စပင် ဖြစ်သည်။ တချို့သော မိဘများသည် သားသမီးတို့အပေါ် ထားရှိသော မေတ္တာဓာတ် ကြီးမားကာ ငယ်ရွယ်စဉ် အသက်တနှစ်၊ နှစ်နှစ်ခန့်ကပင် ပညာသင်ကြားပေးကြသည်။ မူကြိုပို့တတ်ကြသည်။ တဖန် အသက် ငါးနှစ်မပြည့်မီကပင် မူလတန်းပညာကို သင်ယူစေတတ်ကြပြန်သည်။ ကျောင်းတွင် သင်ရုံမျှမက ကျူရှင်အဖြစ် ထပ်မံသင်ကြားမှုကိုပင် ပံ့ပိုးပေးတတ်ကြသည်။ ထိုသို့ စာကို အပြင်းအထန် ဖိအားပေး သင်ကြားပေးခြင်းသည် ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများကို ထိခိုက်စေသည်။ 


ထိုသို့ ပညာရေးတွင် အပြင်းအထန် လိုသည်ထက် ပို၍ ဖိအားပေး သင်ယူစေခြင်း ခံရသော ကလေးငယ်များသည် သာမန်ကလေးငယ်များထက် ပို၍ စာသင်ရသည်ကို စိတ်ပါဝင်စားမှု မရှိခြင်း၊ စာမတော်ဘဲရှိခြင်း၊ စသည်တို့ဖြစ်ရန် အလားအလာများစွာ ပိုလာပေသည်။ ထို့ကြောင့် ကလေးငယ်၏ အရွယ်နှင့် သင့်ရုံတန်ရုံမျှသာ ပညာသင်ကြားပေးရန် လိုပေသည်။


ကျန်းမာရေးကို စဉ်ဆက်မပြတ် စောင့်ကြည့်ပေးပါ---
ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေကိုလည်း လူကြီးမိဘများအနေဖြင့် မျက်ခြည်မပြတ် လေ့လာနေသင့်သည်။ ငယ်ရွယ်စဉ် အသက်ခြောက်လ အထိတွင် မိခင်နို့ရည်ကိုသာ တိုက်ကျွေးရမည်။ ခေတ်ပေါ် အာဟာရဓာတ်များ ဖြည့်စွက်ထားသည်ဆိုသော မည်သည့် အကောင်းစား နို့မှုန့်၊ နို့ဘူးကမှ မိခင်နို့ရည်ကို မမီပါ။ အသက် ခြောက်လမှ ၁၈-လအတွင်းတွင်မူ မိခင်နို့နှင့်အတူ တွဲဖက်အစာများကို တနေ့ လေးကြိမ် ကျွေးပေးရမည်။
တွဲဖက်ကျွေးသော အစာများသည် သန့်ရှင်းပြီး အာဟာရဓာတ်ပြည့်ဝကာ ကြေလွယ်သော အစာဖြစ်ရန် လိုပေသည်။


ပိုလီယိုကာကွယ်ဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေး၊ ဆုံဆို့နာ ကာကွယ်ဆေး စသော ကာကွယ်ဆေးများကိုလည်း နီးစပ်ရာဒေသန္တရ ကျန်းမာရေးဌာနများတွင် ထိုးနှံတိုက်ကျွေးကြရန်လည်း လိုပေသည်။
ထိုသို့ ပြုလုပ်ဂရုစိုက်နေပါလျက် ကလေး၏ ဖွံ့ဖြိုးမှုသည် နှေးကွေးနေပါက ကလေးငယ်တွင် တစုံတခုချို့ယွင်း နေပြီဖြစ်သည်။


အသက်အရွယ်အလိုက် ကလေးငယ်၏ ဖွံ့ဖြိုးကြီးထွားမှုမှာ 
ကလေးအသက် သုံးလတွင်---
- အလင်းရောင်နှင့် တောက်ပသော အရောင်များဘက်သို့ ခေါင်းလှည့်တတ်ရမည်။
- ကျယ်လောင်သော အသံလာရာသို့ ကြည့်တတ်ရမည်။
- လက်နှစ်ဖက်လုံး လက်သီးဆုပ်တတ်ရမည်။
- လက်ရောခြေပါ လှုပ်ရှား ရုန်းကန်တတ်ရမည်။
- ပြုံးပြတတ်ရမည်။
- ဝူးဝူးဝါးဝါး စသည်ဖြင့် မပီသသေးသော အော်သံကို ပြုတတ်ရမည်။


ကလေးအသက် တနှစ်တွင်---
- အမှီမပါဘဲ ထိုင်နိုင်ရမည်။
- လေးဘက် တွားသွားနိုင်ရမည်။
- အမှီကိုကိုင်ပြီး မတ်တတ်ရပ်နိုင်ရမည်။
- လက်မ လက်ညှိုးတို့ဖြင့် ညှပ်ပြီး ပစ္စည်းတခုခုကို ကောက်ယူနိုင်ရမည်။
- လွယ်ကူ ရှင်းလင်းသော ညွှန်ကြားချက်ကို လိုက်နာနိုင်ရမည်။
- ချစ်ခင် တွယ်တာတတ်ရမည်။
- စကား တလုံးစ နှစ်လုံး စ ပြောတတ်ရမည်။

ကလေးအသက် နှစ်နှစ်တွင်---
- စကား နှစ်လုံး သုံးလုံး ပြည့်စုံသော ဝါကျများ ပြောတတ်ရမည်။
- တွေ့နေကျ အရာဝတ္ထုများကို မှတ်မိရမည်။
- လမ်းလျှောက်ရင်း ပစ္စည်းတခုခုကို သယ်ယူနိုင်ရမည်။
- သူများပြောသော စကားကို လိုက်ပြောတတ်ရမည်။
- ကိုယ်တိုင် ကိုယ်တွယ် စားသောက်နိုင်ရမည်။
- ဆံပင်၊ နားရွက်၊ နှာခေါင်း စသည်တို့ကို ညွှန်ပြတတ်ရမည်။

ကလေးအသက် လေးနှစ်တွင်---
-ခြေတပေါင်ကျိုး ရပ်တတ်ရမည်။
- အခြားသူများနှင့် အတူ လွယ်ကူသော ကစားနည်းများကို ကစားတတ်ရမည်။
- မေးခွန်းများ မေးတတ်ရမည်။
- လွယ်ကူရှင်းလင်းသော မေးခွန်းများကိုလည်း ဖြေတတ်ရမည်။
- ခံစားမှုများကိုလည်း ဖော်ပြတတ်ရမည်။
- အကူအညီ မလိုဘဲ ကိုယ်တိုင် ခြေလက်ဆေးတတ်ရမည်။
- အခြေခံ အရောင် ခြောက်မျိုးကို ခွဲခြား ညွှန်ပြတတ်ရမည်။

ကလေးအသက် ငါးနှစ်အရွယ်တွင်---
- ရှင်းလင်းပြတ်သားစွာ စကားပြောနိုင်ရမည်။
- အကူအညီမလိုဘဲ ကိုယ်တိုင် ဝတ်စားဆင်ယင်နိုင်ရမည်။
- စက်ဝိုင်း၊ လေးထောင့်ပုံ၊ စတုဂံ၊ တြိဂံများကို ကူးဆွဲတတ်ရမည်။
- အရာဝတ္ထုများကို ၅-ခု၊ ၁၀-ခု၊ စသည်ဖြင့် ရေတွက်တတ်ရမည်။

သင့်ကလေးငယ်သည် သက်ဆိုင်သော အသက်အပိုင်းအခြား ရောက်သည့်တိုင် ဖော်ပြထားသည့် ဖွံ့ဖြိုးမှုများကို ပြသခြင်း မရှိလျှင် ကလေးငယ်ကို ပိုမိုဂရုစိုက်ရန် လိုပေသည်။ ချို့ယွင်းချက်ကို ပြင်ဆင်ပြီး စိတ်ရော ကိုယ်ပါ ဖွံ့ဖြိုးတိုးတက်ရန် အစဉ်ဂရုတစိုက်စောင့်ကြည့်သင့်ပေသည်။

ဖော်ပြပါ အချက်များကို အပြည့်အဝ လိုက်နာခြင်းဖြင့် သင့်ရင်သွေး၏ အနာဂတ်အရေးကို သင်ကိုယ်တိုင် စိတ်ကြိုက် ဖန်တီးနိုင်ပါကြောင်း တင်ပြလိုက်ရပေသည်။

မြတ်ထွဋ်ညွန့် (ဆေး-၂)
Ref: (1) ဝြတွက်တာ သိမှတ်စရာ (UNICEF 1999-မေ)
(2) ကမ္ဘာ့ကလေးငယ်များ အခြေအနေ (UNICEF 1998)
(3) The state of world child (UNICEF 1992) 

No comments: