Monday, November 28, 2011

ဗုဒ္ဓဟောကြားခဲ့သော သာသနာတော်၏ အနာဂတ်

ကျွန်ုပ်တို့၏ ဗုဒ္ဓမြတ်စွာဘုရားသည် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၊ ရွှေသလွန်ထက်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာ အစရှိသော သံဃာတော်ရှစ်ကျိပ်၊
ရွှေသင်္ကန်းတစုံ လာရောက်လှူဒါန်းသော မိထွေးတော် ဂေါတမီနှင့် သာကီဝင်မင်းသား, မင်းသမီး ငါးရာ၊ စုစုပေါင်း ငါးရာရှစ်ဆယ်သော ပရိသတ်တွေ၏ ရှေ့မှောက်၌ အရှင်သာရိပုတ္တရာ၏ တောင်းပန်
လျှောက်ထားချက်အရ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အရဟတ္တဖိုလ် ဈာန်သမာပတ်ဝင်စားပြီး အဇိတရဟန်းငယ်မှာ နောင်အနာဂတ် ကာလ၌ အရိမေတ္တေယျ ဘုရားဖြစ်တော်မူမည့် အကြောင်း ဟောကြားရာတွင် သာသနာငါးမျိုး ကွယ်ပပုံအကြောင်းကို ထည့်သွင်းဟောကြားခဲ့လေသည်။

“ချစ်သား သာရိပုတ္တရာ...ငါဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး ကာလကြာသော် တဖြည်းဖြည်း သာသနာဆုတ်ယုတ် လာပြီးလျှင် သာသနာငါးထောင်ပြည့်တဲ့အခါ ငါဘုရားရဲ့ သာသနာတော်ကြီး ကွယ်ပျောက်လိမ့်မည်။”

ဗုဒ္ဓမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ခါနီးအချိန်တွင် နောက်ဆုံးသာဝက သုဘတ္တပရိဗိုလ်အား
ဟောကြားခဲ့သော တရားဒေသနာတော်၌ သမ္မာဝိဟနေယျုံ-ငါဘုရား၏ သာသနာတော် အတွင်းမှာ နေထိုင်သီတင်းသုံးကြသည့် ရဟန်းသာမဏေအားလုံး သီလ၊ သမာဓိ၊ ပညာ ပြည့်စုံစွာဖြင့် ပရိယတ်၊ ပဋိပတ်များကို ပွားများကျင့်ကြံအားထုတ်ကြမည်။ ဒါယကာ ဒါယိကာမများကလည်း ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းမှုတွေ ပြုနေသမျှကာလပတ်လုံး အနှစ်ငါးထောင်မက နှစ်ပေါင်းများစွာ တည်ရှိနေမည် ဖြစ်သည်။

ထိုဒေသနာတော် ဟောကြားချက်အရဆိုလျှင် သာသနာတော်ကြီး ကြာမြင့်စွာ အရှည်အခန့်တည်တံ့ 
နိုင်ဖို့အရေး၊ သာသနာတော်ကြီး မကွယ်မပျောက်ဖို့အရေးသည် သာသနာ့ဝန်ထမ်း ရဟန်း၊ သာမဏေများ နှင့် ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့ကြသည့် ဒါယကာ ဒါယိကမများအပေါ်တွင် အဓိက တည်မှီလျက် ရှိလေသည်။ အနာဂတဝင် ကျမ်းအလိုအရ သာသနာငါးထောင်ပြည့်လျှင် ကွယ်ပမည့် သာသနာငါးမျိုးရှိ၏။


ထိုငါးမျိုးမှာ---
* ပရိယတ္တိ သာသနာ
* ပဋိပတ္တိ သာသနာ
* ပဋိဝေဓ သာသနာ
* လိင်္ဂ သာသနာ
* ဓာတု သာသနာ-တို့ ဖြစ်သည်။ 


ပါဠိမြန်မာ တွဲ၍ ဖွင့်ဆိုကြည့်မည်ဆိုလျှင်
* စာသင် စာချ ပြုလုပ်နေခြင်းကို ပရိယတ္တိ သာသနာ။
* တရားဟော, တရားပြ, တရားအားထုတ်နေခြင်းကို ပဋိပတ္တိ သာသနာ။
* ထိုးထွင်း၍ သိခြင်း, ဈာန်တရား မဂ်တရား ဖိုလ်တရား-တို့ကို ရရှိခြင်းကို ပဋိဝေဓ သာသနာ။
* ရှင်သာမဏေများ ကျူးလွန်လျှင် ရှင်သာမဏေအဖြစ်မှ လျှောကျစေသော သိက္ခာပုဒ်ဆယ်ပါးကို လိင်္ဂ သာသနာ။
* မြတ်စွာဘုရားရှင်၏ ဓာတ်တော်, မွေတော်တွေကို ဓာတု သာသနာ။


မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက်ကာလ နှစ်ပေါင်းတထောင်ကျော်လောက်စပြီး သာသနာငါးမျိုး အစဉ်အတိုင်း ကွယ်ပလာလိမ့်မည်ဖြစ်သည်။
ထိုသို့သော ခေတ်ကာလရောက်လျှင် အမျိုးယုတ်သော မင်းတို့သည် တရားမစောင့်လတံ့၊ မင်း တရားမစောင့်၍ အမတ်၊ စစ်သူကြီးတို့လည်း တရားမစောင့်လတံ့၊ အမတ်, စစ်သူကြီး တရားမစောင့်၍ ပြည်ရွာ နိဂုံးသူတို့ တရားမစောင့်လတံ့။ ထို့ကြောင့် ရာသီဥတုဖောက်ပြန်၍ မိုးကောင်းစွာ မရွာ မိုးမရွာ၍ ကောက်ပဲ သီးနှံစပါးတွေမရ၊ မရတော့ ဒကာ ဒကာမတွေက ရဟန်းသံဃာတို့အား ပစ္စည်းလေးပါး မလှူဒါန်းနိုင်၊ မလှူနိုင်၍ လာဘ်လာဘတွေ မရ ရှားပါးလာကုန်၏။ စာသင်စာချ ရဟန်းတွေ လာဘ်လာဘမရ၊ ရှားပါးလာတဲ့အခါ လာဘ်လာဘတွေပေါများဖို့အတွက် ကြံစည်လုပ်ဆောင်သည့်ရဟန်းတွေ များပြားလာတော့၏။

လူပုဂ္ဂုလ် ဒကာ ဒကာမတွေကလည်း စာသင် စာချရဟန်းတွေ၊ ဘုန်းကြီးတွေကို မလှူဒါန်း၊ မကြည်ညိုကြတော့ဘူး၊ ထိုအခါ ရဟန်းတွေကလည်း စာသင်စာချ ပရိယတ္တိလုပ်ငန်းတွေကို စိတ်မဝင်စားဘဲ ဘယ်လိုနည်းမျိုးနဲ့ ပစ္စည်းလေးပါး လာဘ်လာဘရပါ့မလဲ၊ လူပုဂ္ဂိုလ် ဒကာ ဒကာမတွေ အထင်ကြီး ကိုးကွယ်မှုရအောင် ဘယ်လိုလုပ်ရပါ့မလဲဟူ၍သာ တွေးတောကြံစည်နေသောကြောင့် ပရိယတ္တိသာသနာတော်ကြီး တဖြည်းဖြည်း ကွယ်စပြုလာတော့သည်။


အခြေခံ ပရိယတ်စာပေတွေ မသင်၊ စာမတတ်၊ စာမတတ်တော့ တရားမဟောနိုင်၊ ဝိပဿနာတရားတွေ မပြနိုင်တော့ ကျင့်ရမည့်တရားတွေ မသိ၊ မသိတော့ မကျင့်နိုင်၊ မကျင့်နိုင်ကြ၍ ပဋိပတ္တိသာသနာတော်ကြီး ကွယ်လေတော့၏။ အခြေခံအကြောင်းဖြစ်သော ပရိယတ္တိ၊ ပဋိပတ္တိ သာသနာနှစ်မျိုး မရှိခဲ့လျှင် အကျိုးဖြစ်သော မဂ်, ဖိုလ်, နိဗ္ဗာန်ကို မရနိုင်တော့ပါ။ ထိုအခါ ပဋိဝေဓ သာသနာတော်ကြီး ကွယ်လေပြီ ဖြစ်သည်။


ထိုခေတ်ကာလရောက်လျှင် သာသနာ့ဝန်ထမ်း ရဟန်းတော်တွေကလည်း ဖန်ရည်စွန်းသောသင်္ကန်းကို ဝတ်ရုံထားခြင်းဖြင့် အကျိုးမရှိနိုင်တော့ဟု ယူဆကြပြီး ဦးခေါင်း၌ဖြစ်စေ, လည်ပင်း၌ဖြစ်စေ, သင်္ကန်းစ ကလေး တထွာ, တမိုက် ဆုပ်ချီထားကြပြီး အိမ်ထောင်ပြု၊ မိန်းမယူ၊ သားသမီးတွေမွေး၊ စီးပွားရေး, ကြီးပွားရေးလုပ်၊ ကုန်ထုတ်ကုန်သွယ် အရောင်းအဝယ်တွေ လုပ်ကြတော့မှာဟု ဆိုသည်။


ထိုသို့ လောကီအာရုံ ကာမဂုဏ်တွေ ခံစားနေကြရာမှ ကာလအတန်ကြာညောင်းလာသောအခါ သင်္ကန်းစဆောင်ထားရုံဖြင့် ဘာအကျိုးရှိမလဲဆိုပြီးတော့ ချုံတွေ၊ ငုတ်တွေ၊ တိုင်တွေပေါ်မှာ သင်္ကန်းစတွေကို တင်ထားကြလိမ့်မည်။ ထိုအခါ ရဟန်းအသွင်၊ သာမဏေ အသွင်တွေ ပျောက်ကွယ်ကြလိမ့်မည်။ ထိုအခါ လိင်္ဂသာသနာ ကွယ်လေပြီ ဖြစ်သည်။


ဓာတုသာသနာ ကွယ်ပြီဆိုတာကတော့ မြတ်စွာဘုရားရှင်၏ ဓာတ်တော်တွေ ပရိနိဗ္ဗာန်စံဝင် ကွယ်ပျောက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဤတွင် ဓာတုသာသနာ ပရိနိဗ္ဗာန်စံဝင်ခြင်း သုံးမျိုးရှိကြောင်း တွေ့ရပြန်၏။ ယင်းမှာ---
* ကိလေသ ပရိနိဗ္ဗာန်
* ခန္ဓ ပရိနိဗ္ဗာန်
* ဓာတု ပရိနိဗ္ဗာ...ဟူ၍ ဖြစ်သည်။


ကိလေသ ပရိနိဗ္ဗာန် ဆိုသည်မှာ---
ဘုရားဖြစ်သည့်နေ့သည် ကိလေသာပရိနိဗ္ဗာန် စံဝင်သောနေ့ ဖြစ်သည်။ ဘုရားဖြစ်တော့ လောဘ, ဒေါသ, မောဟ, မာန, ရာဂ စသော ကိလေသာတွေ ကွယ်ပျောက်ချုပ်ငြိမ်းသွား၏။ အရဟတ္တမဂ်ဉာဏ်နှင့် ကိလေသာတွေကို အပြီးအပိုင် သတ်ဖြတ်လိုက်လိုက်ပြီဖြစ်၍ ကိလေသာတွေ ကုန်ခန်းငြိမ်းအေးသွားခြင်းကို ကိလေသ ပရိနိဗ္ဗာန်ဟု ခေါ်ဆိုလေ၏။


ခန္ဓ ပရိနိဗ္ဗာန် ဆိုသည်မှာ---
မြတ်စွာဘုရား၏ ခန္ဓာချုပ်ငြိမ်းသွားခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့်နေ့ ညဥ့်သန်းခေါင်ယံအချိန် ကုသိနာရုံ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တောမှာ ပရိနိဗ္ဗာန် စံဝင်သွားခြင်းကို ခန္ဓပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ဆိုသည်။


ဓာတု ပရိနိဗ္ဗာန် ဆိုသည်မှာ---
ဘုရားရှင်၏ သာသနာငါးထောင်ပြည့်သော အခါကာလရောက်လျှင် လူတွေကလည်း ငါဘုရား၏ သာသနာတော်ကို ပူဇော်သက္ကာရ ပြုကြတော့မည် မဟုတ်။ ထိုအခါ ကျလျှင် လူ့ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်တို့၌ ရှိကြသော ငါဘုရား၏ဓာတ်တော် အားလုံးတို့သည် မဟာဗောဓိပင်သို့ ပြောင်းရွှေ့စုပုံ၍ ငါဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကဲ့သို့ နိမ္မိတရုပ်ပုံသဏ္ဌာန်ဖန်ဆင်း၍ ယမိုက်ပြာဋိဟာ ပြလိမ့်မည်။


စကြာဝဠာတိုက်တသောင်းမှာ ရှိနေကြသည့် နတ်၊ ဗြဟ္မာအပေါင်းတို့က မြတ်စွာဘုရား၏ ဓာတ်တော်တွေ စုဝေးစုပုံပြီး ဓာတုပရိနိဗ္ဗာန် စံဝင်တော့မည့်အကြောင်းကို ကြားသိရသောအခါ နုဿတိ လောကော
-လောကကြီး ပျက်စီးပြီ၊ လောကကြီး အမှောင်ထုကျ ဖုံးလွှမ်းသွားပြီ-ဟု ပြောဆိုပြီးတော့ နတ်၊ ဗြဟ္မာအပေါင်းတွေက ငိုကြွေးပူဆွေးကြလိမ့်မည်။ ထိုသို့ နတ်၊ ဗြဟ္မာတွေက ငိုကြွေးလျက် ဓာတ်တော်များစုဝေးရာ ဗောဓိပင်သို့ လာရောက်ကြပြီး ဖူးမြော်ကြ၊ တရားနာကြ၊ ကြည်ညိုကြတဲ့အခါမှာ ဓာတ်တော်တွေ အားလုံးတို့က နိမ္မိတဘုရားအသွင်ဖြင့် ရောင်ခြည်တော်(၆)ပါး အမျိုးမျိုး အဖုံဖုံလွှတ်ပြီး ဂန္ဓမာဒနတောင်မှာ တရားဟောကြားလိမ့်မည်။ တရားတော်ကို နာကြားရ၍ နတ်-ဗြဟ္မာ ပရိသတ်အပေါင်း ကုဋေတသိန်း အရိယာပုဂ္ဂိုလ်တွေ ဖြစ်ကြလိမ့်မည်။ ဓာတ်တော်, မွေတော် အားလုံး အကြွင်းမရှိ
တေဇောဓာတ် လောင်ကျွမ်းပြီးသကာလ အကြွင်းမရှိ အနုပါဒိသေသ ပရိနိဗ္ဗာန် စံဝင်တော်မူလိမ့်မည်။ ထိုအချိန်ကာလမှစ၍ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး လုံးဝမရှိတော့ဘဲ ကွယ်ပျောက်လိမ့်မည် ဖြစ်သည်။


သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓ ဟူသော သာသာနတော်သုံးရပ် မကွယ်မပျောက် အဓွန့်ရှည်တည်တံ့စေရေးကို စွမ်းအားရှိသမျှ အပတ်တကုတ် အားထုတ်ကြိုးပမ်းကြရမည် ဖြစ်သည်။ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများက ပရိယတ်၊ ပဋိပတ်၊ စာပေကျမ်းဂန်များကို သင်ကြားခံယူ ကျင့်ကြံပွားများကြရန် လိုအပ်သကဲ့သို့ လူပုဂ္ဂိုလ် ဒကာ ဒကာမများအပိုင်းကလည်း စေတနာသဒ္ဓါတရား ပြည့်ဝထက်သန်စွာ ပစ္စည်းဝတ္ထုများ လှူဒါန်းထောက်ပံ့ခြင်းများပြု၍ သာသနာတော်ကြီး စည်ပင်ထွန်းကားရေးကို ကြိုးပမ်းထမ်းရွက်ကြပါရန် တိုက်တွန်းရေးသားအပ်ပေသည်။


မောင်ထည်ဝါ (ပျော်ဘွယ်)
ကျမ်းကိုး။ ။ အရှင်ဥတ္တမ မောဠိ (သာသနဓဇ ဓမ္မာစ၇ိယ) ရေးသားသော ပန်ချင်သူများ ခေါင်းဖြီးထား တရားတော်။


( ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ)

No comments: