Thursday, November 24, 2011

အားဆေး

“အားဆေး အညိုတောင့်ကြီးတွေ နေ့တိုင်း စားတယ်”
“ရေဆူ အားဆေးပြားကြီး တနေ့ နှစ်လုံး အမြဲစားတယ်လေ”
“ထမင်းစားပြီးတိုင်း အားဆေးပြား နှစ်မျိုး၊ သုံးမျိုးတော့ နေ့တိုင်း စားနေတာပဲ”
“စာအုပ်ထဲမှာပါတဲ့ အားဆေးတွေ ဖတ်ပြီး စားကြည့်နေတယ်”
အဆိုပါ “အားဆေး” ဆိုသည်မှာ အလွန် ရေပန်းစားနေပါသည်။ အရွယ်မရွေး အားဆေးစားသင့်သည်။ အားဆေးစားမှ ကျန်းမာမည်ဟု ယူဆထားလေ့ရှိကြပါသည်။

“ကျွန်တော်တို့ တင်သွင်းတဲ့ အားဆေးဟာ ဗီတာမင်၊ သတ္ထုဓာတ် ဆေးမြစ်တွေ အကုန်လုံး ပါဝင် ဖော်စပ်ထားပါတယ်။ အခု ရောင်းချနေတဲ့ တခြားအားဆေးတွေ နဲ့ နှိုင်းယှဉ်ပြထားပါတယ်။ ကျွန်တော်တို့ ဆေးက အများကြီး သာတယ်ဆိုတာ တွေ့ရပါမယ်။ ဒါကြောင့် ဒီဆေးကို သုံးကြည့်ပါ။ ညွှန်ပေးပါ” စသည်ဖြင့်လည်း ဆေးကုမ္ပဏီ အများအပြားက အလုအယက် ကြော်ငြာအားကောင်းနေသော အချိန်လည်း ဖြစ်ပါသည်။ အရောင်အသွေး စုံလင်စွာဖြင့် ဝယ်ယူသောက်ချင့်စဖွယ် ဆွဲဆောင်အားလည်း အလွန်ကောင်းပါသည်။

ထိုကဲ့သို့သော အခြေအနေမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်သာ ဖြစ်နေခြင်း မဟုတ်ပါ။ ကမ္ဘာနိုင်ငံ အသီးသီးတွင် ခေတ်မီ တိုးတက်ဖွံ့ဖြိုးလာသော ဆေးဝါးများ ထုတ်လုပ် ရောင်းချခြင်း၊ ဝယ်ယူ တင်သွင်းခြင်း တို့ကြောင့် ထိုဆေးဝါးများနှင့် အထူးရင်းနှီးနေကြခြင်း ဖြစ်ပါသည်။ အမှန်တကယ်လည်း လူအများအပြား လက်ခံ သုံးစွဲနေကြပါသည်။ အမေရိကန်နိုင်ငံတွင် ထိုအားဆေး၊ ဗီတာမင်ဆေးများသည် အလွန်အရောင်းရဆုံး ဆေးပစ္စည်းဖြစ်ပြီး နှစ်စဉ် ၁.ဒသမ ၇.ဘီလျှံ ဒေါ်လာခန့် ရောင်းချနေရသည်။ အမေရိကန်နိုင်ငံသား ၄၀-ရာခိုင်နှုန်းမှာ ထိုဆေးများကို မှီဝဲနေကြပြီး နိုင်ငံသားများ အနှစ်သက်ဆုံး ဆေးမှာ ဗီတာမင်“စီ” ဆေးပြားဖြစ်ကြောင်း သိရသည်။ အအေးမိ နှာစေးသည်နှင့် ဗီတာမင်”စီ”ဆေးပြား  သောက်သုံး တတ်ခြင်းသည် အိမ်သုံးဆေး ဆောင်ထားခြင်းကဲ့သို့ ဖြစ်ခဲ့ရာမှ ထိုဆေးပြားများနှင့် အမေရိကန်လူမျိုးတို့ ရင်းနှီးခဲ့ကြပါသည်။

မကြာသေးမီက အမေရိကန်အမျိုးသား သိပ္ပံ အကယ်ဒမီမှ သတင်းတခု ထုတ်ပြန်ခဲ့ပါသည်။ ထိုထုတ်ပြန်စာ၌ အမေရိကန် ဆေးရုံများတွင် အမှားအယွင်းများ ရှိခဲ့မှုများ ဖော်ပြထားပါသည်။ ထို့ပြင် အများကြိုက်နေသော ဗီတာမင်“စီ”နှင့်“အီး”ကို လိုအပ်သည်ထက် ပိုမိုသုံးစွဲစေခြင်း၊ သုံးစွဲနေခြင်း တို့ကြောင့် ကျန်းမာရေး
ပြဿနာများ ဖြစ်ပွားနေကြောင်းနှင့် ထိုအခြေအနေကို ဝိုင်းဝန်းထိမ်းသိမ်းကြရန် တိုက်တွန်းထားချက်တို့လည်း ပါဝင်ပါသည်။

လူ့ခန္ဓာကိုယ်ရှိ ဆဲလ်များသည် ဇီဝဖြစ်စဉ်များဖြစ်ပြီး ပျက်စီးသွားလိုက်၊ အသစ်ပြန်လည် တည်ဆောက်လိုက်ဖြင့် သံသရာလည်လျက်ရှိသည်။ ထိုဖြစ်စဉ်တို့တွင် Free Radicals ခေါ် ဓာတ်တိုးပစ္စည်းများ ထွက်လာတတ်ပါသည်။ ထိုပစ္စည်းတို့သည် ကျန်းမာ သန်စွမ်းနေသော ဆဲလ်အကောင်းများကို ထိခိုက်ပျက်စီးစေတတ်ပါသည်။ ထို့ပြင် ကင်ဆာရောဂါများ၊ နှလုံးနှင့် ပတ်သက်သော ရောဂါများမှအစ အယ်လ်ဇိုင်းမားရောဂါနှင့် အိုမင်းရင့်ရော်မှုများမှာလည်း ထိုပစ္စည်းများ ပါဝင်ပတ်သက်နေပါသည်။ ထိုမလိုလားအပ်သော ပစ္စည်းတို့ကို ဖယ်ရှားနိုင်ပါက ရောဂါဘယများမှ ကင်းဝေးနိုင်သည့်အပြင် အိုမင်းခြင်းမှပင် အတော်အတန် ဟန့်တားနိုင်မည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်သော ဓာတုပစ္စည်းတို့ကို ရှာဖွေတွေ့ရှိထားပါပြီ။ ဗီတာမင် “စီ” ဗီတာမင် “အီး”နှင့် ဆီလီနီယမ် (Selenium) တို့ ဖြစ်သည်ဟု သိရသောအခါ လွန်ခဲ့သည့် နှစ်အနည်းငယ်က ထိုပစ္စည်းတို့ဖြင့် ဖော်စပ်ထုတ်လုပ်ရောင်းချသော
ဆေးဝါးတို့သည် အလွန်လူကြိုက်များခဲ့ပါသည်။ အများအပြား ရောင်းချ၊ သုံးစွဲခဲ့ကြပါသည်။

အမေရိကန်နိုင်ငံ၊ တတ်ဖ်တက္ကသိုလ်မှ ဇီဝသိပ္ပံပညာရှင် နော်မန်ကရင်စ်စကီး ဦးဆောင်သော အဖွဲ့က အဆိုပါဆေးများ သုံးစွဲမှုကို လေ့လာခဲ့ပါသည်။ ဗီတာမင် “စီ”အပြည့်အဝပါသော အစားအစာများ၊ ဗီတာမင်“အီး”နှင့် ဆီလီနီယမ် အပြည့်အဝပါသော အစားအစာတို့ကို စားသုံးခြင်းဖြင့် နာတာရှည်ရောဂါများ ဟန့်တားခြင်းမှ အတော်အတန် ကာကွယ်နိုင်ကြောင်း သိရသည်။ သို့ရာတွင် ထိုပစ္စည်းတို့ဖြင့်
ဖော်စပ်ထားသော ဆေးဝါးများကို အများအပြား သုံးစွဲမိပါက မလိုလားအပ်သော ကျန်းမာရေး ပြဿနာများ ရင်ဆိုင်ကြရကြောင်း တွေ့ရပါသည်။ ဗီတာမင်“အီး” အများအပြား စားသုံးမိသူများမှာ သွေးယိုစီးခြင်း (အစာအိမ်၊ ဦးနှောက်၊ သွားဖုံး စသည်များ) ဖြစ်ပွား၍ ဗီတာမင် “စီ” အလွန်အမင်း စားသူတို့မှာ ဝမ်းပျက်ခြင်း၊ ကင်ဆာရောဂါကုဆေး မှီဝဲနေရသူ ဖြစ်ပါက ထိုဆေး၏ အာနိသင်များ ထိခိုက်ပျက်ပြယ်စေခြင်းများ
ဖြစ်ပွားကြောင်း တွေ့ရပါသည်။ ဆီလီနီယမ် အလွန်အမင်း စားမိသူများမှာ ဆံပင်ကျွတ်ခြင်း၊ လည်သည်းခွံများ ကျွတ်ခြင်း အထိပင် ဖြစ်ပွားကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ထိုဆေးတို့ကို လိုအပ်မှ စားပါ၊ စားသင့်သည့် အချိန်အဆခန့်သာ စားပါဟု အမေရိကန်ပြည်သူတို့အား တိုက်တွန်းထားပါသည်။ 

ဗီတာမင် “စီ”ကို အမျိုးသမီးများ နေ့စဉ် ၇၅-မီလီဂရမ်၊ အမျိုးသားများ မီလီဂရမ် ၉၀-သာ စားသုံးသင့်သည်။ ဆေးလိပ်သောက်သူတို့မှာ ခန္ဓာကိုယ်မှရှိပြီး ဗီတာမင်“စီ”များ ဆေးလိပ်ကြောင့် ဆုံးရှုံး တတ်သဖြင့် နေ့စဉ် ၃၅-မီလီဂရမ် အပိုဆောင်း၍ သုံးစွဲရပါမည်။ သို့သော် မည်သူမျှ နေ့စဉ် ဗီတာမင်“စီ” ကို ၂၀၀၀-မီလီဂရမ်ထက် ပိုမစားသင့်ဟု ဆိုပါသည်။


ဗီတာမင်“အီး”ကို အမျိုးသား၊ အမျိုးသမီး များအတွက် နေ့စဉ် ၁၅-မီလီဂရမ် (၂၂ ယူနစ်) ခန့်သာ သုံးစွဲသင့်သည်။ ထိုအတိုင်းအဆသည် ဗီတာမင်“အီး”ကို လူ့သွေးတွင် သိုလှောင်ထားနိုင်ကာ ဆဲလ်များသို့လည်း သယ်ယူပို့ဆောင်နိုင်သည်။ ဗီတာမင်“အီး”ဟုသာ ခေါ်သော်လည်း အမျိုးမျိုးရှိသည်။ “အယ်လဖာတိုကို ဖီရောလ်” အမျိုးအစားသည် ထိုအခြေအနေအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။ “ဒီအယ်လ်ဖာ” အမျိုးအစားဖြစ်ပါက နေ့စဉ် ၁၀၀-မီလီဂရမ် (၁၅၀၀ ယူနစ်) 
“ဒီအယ်လ်၊ အယ်လ်ဖာ”အမျိုးအစား ဖြစ်ပါက နေ့စဉ် ၇၀၀-မီလီဂရမ် (၁၁၀၀ ယူနစ်)သာ သုံးစွဲသင့်သည်။ ထို့ကြောင့် မိမိဘာသာ သုံးစွဲနေကြခြင်းသည် အလွန်အန္တရာယ်များပါသည်။ ဆရာဝန်နှင့် တိုင်ပင်ကာ ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်သည်။ ဆီလီနီယမ်ကို နေ့စဉ် ၅၅-မိုက်ခရိုဂရမ်ထက် ပိုမသုံးသင့်ဟုလည်း ဒေါက်တာမန်းက တိုက်တွန်းထားပါသည်။


အားရှိခြင်း-အားမရှိခြင်းဆိုသည်ကို မည်သို့တိုင်းတာသင့်ပါသနည်း။ လူတယောက် နေ့စဉ် စားသောက်သွားလာ လှုပ်ရှား အလုပ်လုပ်ကိုင်နေနိုင်လျှင် သူ၏ ပုံမှန်အလုပ် ဝတ္တရားများ လည်ပတ်နေနိုင်လျှင် အားရှိသည်၊ ကျန်းမာသည်။ ထိုသို့မဟုတ်ပါက မကျန်းမာခြင်း၊ ကျန်းမာရေး ချို့ယွင်းခြင်း၊ အားနည်းခြင်းဟု ဖွင့်ဆိုရမည် ထင်ပါသည်။ ကျန်းမာရေး ချို့ယွင်းခြင်း၊ အားနည်းဖြင်း ဖြစ်လျှင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခြေခံ အကြောင်းတရားများ ရှိပါမည်။ ကိုယ်စိတ်ပင်ပန်းမှုများမှအစ ရောဂါဘယများအထိ
ဖြစ်နိုင်ပါသည်။ ထိုအခြေအနေမျိုးတွင် “အားဆေး” တမျိုးတည်းဖြင့် ထိုပြဿနာကို မဖြေရှင်းနိုင်ပါ။ အရင်းခံ အချက်ကို ရှာဖွေ ကုသမှုသည်သာ အဓိကဖြစ်ပါသည်။ အားဆေးစားနေရုံမျှဖြင့် ပြန်ကောင်းမလာနိုင်ပါ။ မလိုအပ်ဘဲ ထိုအားဆေးဆိုသည်ကို စားသုံးခြင်းဖြင့်လည်း ဆေးကြောင့်လေးရမည့် နောက်ဆက်တွဲပြဿနာ များစွာရင်ဆိုင်ရတတ်ပါသည်။ 


ယခုအခါ နှလုံးအားဆေး၊ အသည်းအားဆေး၊ ကျောက်ကပ်အားဆေး၊ ဦးနှောက်အားဆေးဟူ၍ပင် ထုတ်လုပ်ရောင်းချနေကြပါသည်။ “အသည်း အားဆေးဆိုတာ ကျွန်တော့်အယူအဆအရတော့ မရှိဘူး။ အသည်းရောဂါကုတဲ့ ဆေးသာရှိတယ်။ လက်ခံတယ်ဆိုသော အသည်းရောဂါကု ဆရာဝန်ကြီးတဦး၏ အဆိုမှာ အလွန်ကောင်းမွန်ပါသည်။ အကြောင်းရင်းခံ တခုခု၊ ရောဂါတခုခုကြောင့်သာ နှလုံး၊ အသည်း၊ ကျောက်ကပ် စသည့် အင်္ဂါအစိတ်အပိုင်းတို့မှာ သူတို့၏ ပုံမှန်လုပ်ငန်းများ ပြည့်ပြည့်ဝဝ မဆောင်ရွက်နိုင်ကြခြင်း ဖြစ်ပါသည်။ သူတို့မှာ အားနည်း၍ မဟုတ်ပါ။ ရောဂါဖြစ်နေ၍  ဖြစ်ပါသည်။ ထို့ကြောင့် သူတို့အတွက် ရောဂါမြန်မြန်ပျောက်အောင် ကုသည့်ဆေးသည်သာ အဓိကကျသည်ဟု ယူဆပါသည်။ 


အားဆေးသည် အဓိကမဟုတ်ပါ။ အားဆေးဟူ၍လည်း ဆိုရန်ခက်ပါသည်။ သို့သော် အရက်သောက်သူများမှာ အသည်းထိခိုက်၍ ဗီတာမင်များ ကုန်ဆုံးတတ်ပါသည်။ သူတို့ကိုမူ လိုအပ်သော ဗီတာမင်ဆေးများ ပေးရ ပါသည်။ နာလန်ထစ လူနာများ၊ ကိုယ်ခံအား နည်းသူများကိုလည်း လိုအပ်သော ဗီတာမင်များ ပေးရပါသည်။ သွားလာလှုပ်ရှား နေနိုင်သူအတွက်မူ ထိုအားဆေး မလိုအပ်ပါ။ “သိပ်ပင်ပန်းနေသလား၊ ဒီဆေးတောင့်ကလေးကို သောက်လိုက် လန်းဆန်းသွားမယ်” ဟုဆိုသည့်အတိုင်း ထိုဆေးသောက်ရုံမျှဖြင့် မိမိကိုယ်အင်အား ပြည့်ဝမလာနိုင်ပါ။ ကိုယ်စိတ် အပြည့်အဝ အနားယူမှု၊ အာဟာရ ပြည့်ဝသော အစားအစာ စားသုံးမှုတို့သည်သာ အဓိကဖြစ်ပါသည်။ ထို့ကြောင့် နေ့စဉ် အသီးအရွက် ငါးမျိုးခန့် စားသုံးလေ့ရှိသူသည် သူ့အတွက် လိုအပ်သော ဗီတာမင် အပြည့်အဝ ရရှိပြီး ဖြစ်ပါသည်။ 


မြန်မာအစားအစာတို့တွင် ဗီတာမင် “စီ”အပြည့်အဝပါသော ဆီးဖြူသီး၊ ခရမ်းချဉ်သီး၊ ဖန်ခါးသီး၊ သံပရာသီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းရွက်၊ မန်းကျည်းရွက်၊ 
ဗီတာမင်“အီး” အပြည့်အဝပါသော နေကြာစေ့၊ ဝါစေ့များ၊ 
ဆီလီနီယမ် အပြည့်အဝပါသော ကြက်သွန်ဖြူ၊ ငါး စသည်တို့ စားသုံးသင့်ပါသည်။ 
အရည်ရွှမ်းသော အသီးများဖြစ်သည့် လိမ္မော်သီး၊ ရှောက်သီး၊ ကျွဲကောသီး၊ စသည်များ၊ စတော်ဘယ်ရီသီး၊ အာလူး၊ ဂေါ်ဖီပန်းပွင့်၊ အစိမ်းရောင် ဟင်းရွက်များကို ကိုယ်စိတ်ပင်ပန်းသူများ ပြန်လည် လန်းဆန်းလာရန် အလျဉ်းသင့်သလို စားသုံးသင့်ပါသည်။ ထိုအစားအစာတို့မှာ အားဆေးတို့ထက် အဆများစွာ အာနိသင်ရှိပါသည်။


ထို့ကြောင့် “သင် သိပ်ပင်ပန်းနေသလား၊ လန်းဆန်းသွားအောင်စား”
“ဘာစားရမလဲ အားဆေးလား”
“မဟုတ်ဘူး၊ အစာစား၊ အခုပြောခဲ့တဲ့ အသီးအနှံ နဲ့ ငါးတွေ စား၊ ပြီးတော့ အနားယူ”
“အားဆေးရော မစားရဘူးလား”
“ဆေးဆိုတာ လိုအပ်မှ စားရတယ်။ ဆရာဝန်က ညွှန်ကြားလိမ့်မယ်။ ညွှန်ကြားမှ လိုအပ်မှ စား၊ မလိုအပ်ပဲ စားရင်၊ တန်ရုံထက် ပိုစားရင် ဆေးမဖြစ်ဘဲ “ဘေး”ဖြစ်မယ် ဟူ၍သာ ဆိုရပေတော့မည်။


“ကောင်းတယ်ဆိုတာတွေဟာ ကိုယ့်အတွက် အဆိုးဖြစ်လာတတ်တယ်”ဟု အနောက်တိုင်းသားတို့ ဆိုကြပါသည်။ ယနေ့ အလွန် ရေပန်းစားနေသော ဗီတာမင်များ၊ အထူးသဖြင့် စီနှင့်အီးတို့သည် အမှန်တကယ် အစွမ်းထက်ပါသည်။ ထိုဗီတာမင်တို့ကို လူတိုင်း သူ့အတိုင်းအတာနှင့်သူ လိုအပ်သည်။ စားသုံးသင့်သည်။ ယင်းတို့သည် သဘာဝ အသီးအရွက်၊ အစားအစာတို့တွင် လုံလောက်စွာ ပါဝင်ပါသည်။ ဆေးဝါးများတွင် ပါဝင်သော ထိုဗီတာမင်တို့မှာ လူတို့က ထိုသဘာဝမှ ပြန်လည်ဖန်တီး အသွင်ပြောင်းထားခြင်းသာ ဖြစ်ပါသည်။ သဘာဝ ဗီတာမင်လောက် ကောင်းသည်မဟုတ်ပါ။ ထိုဆေးတို့တွင် မလိုအပ်သော အဆိပ်အတောက် များလည်း ပါဝင်တတ်ရာ ကိုယ်ခန္ဓာ၏ အသည်းက အဓိက ချေဖျက်ပေးရပါသည်။ မလိုအပ်ပဲ အများအပြား စုပုံလာပါက လူ့သွေးထဲတွင် ထိုအဆိပ်အတောက်များ ပျံ့နှံ့ကာ ဖော်ပြသကဲ့သို့သော ဆိုးကျိုးများ 
ဖြစ်လာတတ်ပါသည်။ ထို့ကြောင့် သဘာဝ အသီးအရွက်၊ ငါးတို့ကို စားသုံးသင့်ပါသည်။ ဗီတာမင်ဆေး၊ အားဆေး အလုံးအတောင့် လှလှကလေးများကို အလွယ်တကူ မသုံးစွဲသင့်ပါ။ လိုအပ်မှ လိုအပ်သည့် အတိုင်းအတာ ကာလအထိ လိုအပ်သည့် ဆေးကို သုံးစွဲသင့်ပါကြောင်း ရေးသားလိုက်ပါသည်။


ဒေါက်တာမြင့်သန်း
(ညောင်လေးပင်)
Ref: Time 8.5.2000

No comments: