Friday, November 18, 2011

ကွန်ပျူတာနဲ့ ပြတ်စဲလို့ ရပါ့မလား

“ သား မအိပ်သေးဘူးလား”
“အိပ်လို့မရသေးဘူး ဖေဖေ၊ သား ဆက်လုပ်ရဦးမယ်”
သားအလုပ်က ကွန်ပျူတာ ပရိုဂရမ်ရေးရတာ ဖြစ်တယ်၊ ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် အတော်အလုပ် လုပ်ပြီလို့ ထင်သူဖြစ်တယ်။ သို့သော် သားက ကျွန်တော့်ထက် အချိန်အများကြီးယူကာ အလုပ်လုပ်ရတယ်။
သူ့ရဲ့လုပ်ငန်းသဘာဝကိုက အလုပ်တွေကို တာရှည်လုပ်ရတာပဲ။
သူတို့ကိုကြည့်ကာ ကျွန်တော် မောနေတယ်။
ယနေ့ သားက စင်ကာပူမှာ ကွန်ပျူတာပရိုဂရမ်မာ လုပ်နေပြီဖြစ်တယ်။ ကွန်ပျူတာခေတ်မှာ သူဘယ်လောက်ပင်ပန်းမလဲ၊ ဒါကြောင့် ဒီဆောင်းပါးကို ရေးဖြစ်တာပါပဲ။
*****
၂၁-ရာစုဟာ ကွန်ပျူတာခေတ်လို့ ပြောလို့ရနေပြီ ဖြစ်တယ်။
တောကြိုတောင်ကြားမကျန် ဒစ်ဂျစ်တယ်တက္ကသိုလ်နိုလိုဂျီ ရောက်တယ်။
ကုမ္ပဏီမှန်သမျှ ကွန်ပျူတာဟာ စားပွဲခုံတလုံး၊ ဘောပင်တချောင်းလို သဘောထားတယ်။
ဒါလေးမရှိရင်တော့ ကုမ္ပဏီထူထောင်လို့ မဖြစ်ပါ။
ကွန်ပျူတာဟာ တကယ်လည်း ထိရောက်ပါတယ်။
သူ့ကို သာမာန်စာရိုက်ရုံတင် သုံးတာမဟုတ်ပါဘူး၊ စာရင်းအင်းတွေတွက်လို့လည်း ရတယ်။
စာပို့လို့လည်း ရတယ်။ 
ငွေချေခိုင်းလို့လည်း ရတယ်။ 
ဈေးဝယ်ခိုင်းလို့လည်း ရတယ်။
ဒါကြောင့် သုံးတတ်သူများဟာ ကွန်ပျူတာကို လက်မလွှတ်နိုင်တာပါပဲ။ အရာရှိတွေဟာ သူတို့ရဲ့ ရုံးချိန်ပြင်ပ မှာလည်း ကွန်ပျူတာသုံးတယ်။ သူတို့ရဲ့ လက်ပ်တော့လေးတွေနဲ့ စာရင်းဇယားနဲ့ သတင်းအချက်အလက်တွေ ဘယ်နေရာမှာမဆို ဖွင့်ထုတ်ကြည့်ရှုနိုင်တယ်။


ဂျပန်လိုနိုင်ငံမှာ ရုံးသွားရုံးပြန် ရထားပေါ်မှာ လက်ပ်တော့ ကွန်ပျူတာတွေနဲ့ အလုပ်များနေသူတွေ အများကြီးပဲ။
သာသမီးတွေကော၊
ကျောင်းသားလူငယ်တွေဟာ ကွန်ပျူတာဂိမ်းတွေကို ကစားတယ်။ 
(သူတို့ဟာ ခါတိုင်းလို ကိုယ်လက်လှုပ်ရှားတဲ့ ကစားနည်းတွေကို မကစားတဲ့အတွက် လူဝတွေ ဖြစ်လာတယ်။ ယနေ့မှာ ကျောင်းသားလူငယ်တွေ အဝလွန်ရောဂါတွေ  ဖြစ်လာမှုနဲ့ ဆီးချိုရောဂါ ဖြစ်လာနှုန်းများလာတာ ကွတ်ပျူတာတွေ့ရဲ့ အပြစ်ပဲလို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေကြတယ်)။

သို့သော် ကွန်ပျူတာဟာ ပညာရေးအတွက် အတော်လေးကို အထောက်အကူပြုတယ်။
အင်မတန်ကြီမားတဲ့ စာကြည့်တိုက်ကြီးလည်း ဖြစ်လာတယ်။
ကျွန်တော်တို့ မသိတာတွေကို ကွန်ပျူတာထဲ ရှာလို့ရတယ်။ အထူးသဖြင့် အင်တာနက်ထဲကိုဝင်ပြီး (Net Surfing) ဆိုတဲ့ ကွန်ပျူတာကွန်ယက်လှိုင်းထဲကိုဝင်ကာ သတင်းအချက်အလက်ပေါင်းများစွာ ရှာလို့ရတယ်။


လွန်ခဲ့တဲ့ ၅-မိနစ်က သတင်းကိုလိုလား၊ လွန်ခဲ့တဲ့ ၅-နှစ်က သတင်းကို လိုလား။
ကွန်ပျူတာက အေးအေးလေး ရှာပေးနိုင်တယ်။ 
ဒါတွေကို လူတွေအလွယ်တကူ သုံးနိုင်အောင် လုပ်ပေးသူ ပညာရှင်တွေကိုတော့ လူအများ မသိကြဘူး။
သူတို့ကို ကွတန်ပျူတာဝိဇ္ဇာ (Computer Wizard) တွေလို့ ခေါ်တယ်။ 
ဒီဝိဇ္ဇာတွေဟာ ကုမ္ပဏီတွေ ချမ်းသာကြွယ်ဝဖို့ မ,စတာ အမှန်ပါပဲ။
သို့သော် သူတို့ရဲ့အလုပ်က တာရှည်ပြီး အင်မတန်ဇွဲရှိရတယ်။ 

ကွန်ပျူတာဝိဇ္ဇာတယောက်အကြောင်း တင်ပြလိုတယ်။
*****
“ကျွန်တော့်ကို ဈေးရောင်းတဲ့အလုပ် ရှိရင်ပေးပါ”
လင်းဘတ်စတိ(ဖ)ဟာ အလုပ်သမား အလိုရှိကြောင်း ရေးသားထားတဲ့ဆိုင်ထဲသို့ ဝင်သွားကာ အလုပ်သွားလျှောက်တယ်။
“မင်းရဲ့ကိုယ်ရေး (Resume)ရော”
လင်းဘတ်က ပေးလိုက်တယ်။
ဆိုင်ရှင်က ဖတ်ကြည့်ကာ မျက်မှန်ပေါ်က ကျော်ကြည့်ကာ-
“ပညာအရည်အချင်းနဲ့ အရင်လုပ်ခဲ့တဲ့အလုပ်က ထောက်ခံချက်”
ကျွန်တော် ၈-တန်းပဲ အောင်တယ်။
ဒါဆို ဘာတွေလုပ်နေလဲ
အိမ်အလုပ်ပဲ လုပ်တယ်။
ဆိုင်ရှင်က အတန်ကြာ စဉ်းစားပြီး ကွန်ပျူတာရော တတ်လား-လို့ မေးတယ်။ 
လင်းဘတ်က ခေါင်းခါပြတယ်။
မင်းအတွက် အလုပ်မရှိဘူး
အလုပ်မခန့်ချင်ရင် ဆိုင်ရှင်က အကြောင်းပြချက်တခု ရှာရတယ်။ ဒါကတော့ ကွန်ပျူတာမတတ်လို့ ဆိုတာပဲပေါ့။
ထူးဆန်းတာက ယနေ့မှာ ကွန်ပျူတာမတတ်တဲ့ လူအတွက် အလုပ်မရှိဘူးပြောရင် လူတိုင်းလက်ခံတယ်။
*****
တကယ်တော့ လင်းဘတ်ဟာ ကွန်ပျူတာ တတ်သမှ အရမ်းတတ်တာပေါ့။
အိုင်တီခေတ်ဦးထဲကပေါ့။
လင်းဘတ်ဟာ ကွန်ပျူတာအင်တာနက် ဆာဖ်စီးကာ (Net Surfing) ကွန်ယက်နယ်ထဲမှာနေတာ နှစ်ပေါင်း အတော်ကြာသွားခဲ့တယ်။ ထမင်းမေ့ ဟင်းမေ့၊ နေ့ဟာ ညဖြစ်၊ ညဟာ နေ့ဖြစ်ပေါ့။
ကွန်ယက်ထဲမှာ သူငယ်ချင်းတွေနဲ့ ဆုံကြတယ်။(chat) လုပ်ကြတယ်။ စကားလက်ဆုံပေါ့။
လူချင်းမတွေ့ဘူးပေမယ့် ခင်ဖူးကြတာပေါ့။
ဒီမှာ သူဟာ ဟက်ကာ ဖြစ်လာတယ်။
ဟက်ကာဆိုတာ လူတကာရဲ့ ဝက်ဆိုက်ထဲကို ဝင်သူပေါ့။ သူများရဲ့ လျှို့ဝှက်ထားတဲ့ နေရာတွေကို ဝင်နိုင်တယ်။ သူရဲ့လုပ်ရပ်ဟာ “ရာဇဝတ်မှု”လို့ ဆိုပေမယ့် ဟက်ကာဟာ ဝက်ဆိုက်ဝင်ရုံဝင်တာ၊ ဖျက်ဆီးတာ မဟုတ်ဘူး။
ဖျက်ဆီးတဲ့လူကို ခရက်ကာ-လို့ခေါ်တယ်။
နောက်တော့ လင်းဘတ်ဟာ ခရက်ကာ ဖြစ်လာတယ်။ ဒီအခါ သူက “အခကြေးငွေ”ရတယ်။ သူက တရားဝင် ခရက်ကာပါ။

ကုမ္ပဏီတွေဟာ လုံခြုံမှု ရှိ-မရှိကို စမ်းသပ်သူပဲ။ Lambert Steeve Security System) ဆိုတာရှိတယ်။ ဟက်ကာအများစု လက်မြှောက်ရတယ်။ ခရက်ကာတွေလည်း ဝင်လို့မရဘူး။
ကွန်ပျူတာနယ်မှာ သူ့ရဲ့နည်းတွေ ထင်ရှားလာတယ်။ ဟိုလူက လင်းဘတ်၊ ဒီလူက လင်းဘတ်နဲ့၊ လင်းဘတ်ဟာ ကွန်ပျူတာဖန်သားပြင်နဲ့ တရက်မှာ ၂၄-နာရီ၊ တလမှာ ၃၁-ရက်လုံး ညားနေခဲ့တယ်။ 
ခြောက်နှစ်ရှိပြီ
နောက်ဆုံးတနေ့ ။
ဒီနေ့မှာ သူ ကွန်ပျူတာရှေ့ အိပ်ပျော်သွားတယ်။ သူ ကွန်ပျူတာခန်းထဲက ထွက်မလာတာ ကြာတော့ သူ့အမေ သွားကြည့်တယ်။ သူ့သား အိပ်ပျော်နေတာ တွေ့ရတယ်။ သူ့သားကို နှိုးတယ်။ ဒါပေမယ့် မနိုးဘူး။ သူ့ကို အိပ်ရာပေါ်ရောက်အောင် အတော်လေး ကြိုးစားယူရတယ်။ နောက်တရက်မှာလည်း သူ မနိုးဘူး။ နောက်နှစ်ရက်မှာလည်း သူ မနိုးဘူး။ ဒီတော့ ဆရာဝန် ပြေးခေါ်ရတယ်။ ဆရာဝန်က (Net Surfing Syndrome) လို့ ပြောတယ်။


လင်းဘတ်တို့လို လူငယ်တွေရဲ့ ရောဂါလို့ ပြောတယ်။ စိတ်ပူစရာ မရှိဘူး။ သူနိုးလာမှာပါတဲ့။ ဆရာဝန်ပြောတာ မှန်ပါတယ်။ သူနိုးလာပါတယ်။ တခုပဲရှိတယ် “သူ နိုးလာရင် အရင်ကလိုပဲ လုပ်ဦးမှာပဲ-လို့ဆိုထားတဲ့ ဆရာဝန် မှတ်ချက်တခုသာ မှားသွားတယ်။ ဒီလိုမှားတာကလည်း သူ့မိဘကြောင့်ပဲ ဖြစ်တယ်။
လင်းဘတ် နိုးတာနဲ့ သားလေး ခရီးထွက်ဖို့ ထ-ထ-ဆိုကာ သူ့ကို ကားပေါ်တင်မောင်းသွားကြတယ်။ 
လင်းဘတ်ဟာ နိုးတဝက် မနိုးတဝက်နဲ့ ကားပေါ်လိုက်ပါသွားတယ်။
သူတို့ ဂရင်းကင်ညွန် Grand Canyon ကို သွားကြတာ ဖြစ်တယ်။ တောရိပ်တောင်ရိပ်တွေကြားမှာ ဂရင်းကင်ညွန်ရဲ့ အလှကို ဖွေရှာကြတယ်။


ဒါဟာ တကယ်ပဲလား၊ အတုလား-တဲ့ လင်းဘတ်က မေးတယ်။ ဒီနေရာတွေကို လင်းဘတ် သိတယ် တကယ်ပဲလား အတုလားလို့ မေးတာကတော့ သူတို့ ကွန်ပျူတာထဲမှာ Virtual Reality လို့ခေါ်တဲ့ အတုကို အစစ်ပုံဆောင်ထားတာတွေ ရှိတယ်။ သူနှစ်ပေါင်းများစွာ Virtual Reality World ထဲမှာ နေခဲ့တယ်။ ခုနေအစစ်ကိုတွေ့တော့ အင်း-သဘာဝဟာ တကယ်လှပတယ်-လို့ အံ့သြမိတယ်။


သဘာဝထဲ သူပြန်ရောက်တော့ လင်းဘတ်ဟာ အစွန်းပြန်ရောက်တယ်။ 
ဒါဟာ သူ့ရဲ့ အကျင့်ကြောင့်လား၊ ဒါမှမဟုတ်ခံစားရလို့လားတော့ မသိဘူး။ လင်းဘတ်ဟာ အစွန်းကို ရောက်လေ့ရှိတယ်။ 
သူ ကွန်ပျူတာကို လုံးဝ လှည့်မကြည့်တော့ဘူး။
“ကျွန်တော် ဈေးဆိုင်တွေသွား အလုပ်လျှောက်တယ်၊ သူတို့က ကွန်ပျူတာတတ်မှတဲ့”
ကျွန်တော် မြူနီစီပယ်မှာ အလုပ်လျှောက်တော့လည်း သူတို့က ကွန်ပျူတာသုံးရမယ်တဲ့၊
ယနေ့ လင်းဘတ် ပန်းချီဆွဲတယ်။
သူ့ရဲ့ ပန်းချီကားတွေဟာ ရိုးစင်းတယ်၊ ခင်ဗျားတို့က ခန့်မှန်းတဲ့အတိုင်း သူရဲ့ ပန်းချီကားတွေထဲမှာ ကွန်ပျူတာ မပါဘူး။ သူ့ရဲ့ ပန်းချီကားတွေကို on-line လည်း မရောင်းဘူး။ ကံအားလျော်စွာ သူ့ရဲ့ ပန်းချီကားတွေ အတော်လေး ရောင်းရတယ်။ တနှစ်အတွင်း သူဟာ နာမည်ကြီး ပန်းချီဆရာ ဖြစ်လာတယ်။


ပန်းချီပြပွဲမှာ သူ့ကို သတင်းထောက်တွေက ခင်ဗျား ကွန်ပျူတာတွေကို ဘာကြောင့်မုန်းလဲ-မေးတော့
ကျွန်တော် မမုန်းပါဘူး၊ စိတ်သဘောထား မတိုက်ဆိုင်လို့ လင်ခန်း မယားခန်း ပြတ်ထားတာပါ။(divorce) လုပ်ထားတာလို့ ပြောလေသတဲ့။


ဒေါက်တာခင်မောင်ညို
" Confession of a Net Surfer" by James Steinberg Technology Review.
(ကလာမဂ္ဂဇင်း ၂၀၀၆-ခု ဒီဇင်္ဘာ)

No comments: